Match Report Premier League

အိုးလ်ထရက်ဖို့ဒ်မှာ အဲဗာတန်ကို မယှဉ်သာအောင် ကစားပြပြီး နိုင်ပွဲဆက်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ မာလာစီယာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ ဆာဘစ်ဇာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အဲဗာတန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ မိုက်ကယ်ကီးန်၊ တာကော့ဗ်စကီး၊ ကိုးလ်မန်းနဲ့ ဂေါ့ဖရီတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဂါနာ ဂေးယီ၊ အိုနာနာ၊ အီဝိုဘီ၊ ဂရေးနဲ့ မက်နီးလ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆင်းမ်စ်တစ်ဦးတည်းကို တင်ကစားခဲ့တာပါ။

ဒူကူရေး မပါတဲ့ ကွင်းလယ်က အဲဗာတန်တို့ကို အားပျော့စေခဲ့သလို မန်ယူတို့ကတော့ ကာစီမီရို မပါဝင်နိုင်မှုကို အဆင်ပြေအောင် အကောင်းဆုံး လုပ်ဆောင်ထားနိုင်ခဲ့ကြပြီး ဧည့်သည်တွေအနေနဲ့ အိမ်ရှင်တွေရဲ့ ဖိအားပေးမှုမှာ ကွင်းလယ်နဲ့တောင် တောင့်မခံနိုင်တော့ဘဲ ဧရိယာထဲအထိ ဆုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဂိုးသမား ပစ်ခ်ဖို့ဒ် ခဏခဏ ကယ်နေခဲ့လို့ အလွယ်တကူ ဂိုးမပေးခဲ့ရပေမယ့် ဘောလုံးကတော့ အဲဗာတန်တို့ဘက်မှာပဲ ဝဲနေခဲ့သလို ပွဲချိန် ၁၂ မိနစ်မှာ ထောင့်ကန်ဘောကနေ အန်တိုနီရဲ့ ကန်ချက် တိုင်ထိခဲ့တာကို ဝန်ဘစ်ဆာကာ ပိတ်သွင်းခွင့်ရခဲ့ပေမယ့် တိုင်ဘေးက ထွက်သွားခဲ့လို့ မန်ယူတို့ နစ်နာခဲ့ရပြီး ပွဲချိန်
၁၉ မိနစ်မှာတော့ ညာခြမ်းတွဲလုံးကနေ ဆင်းမ်စ် ကန်ခွင့်ရခဲ့ပေမယ့် ညံ့ဖျင်းခဲ့လို့ ဂိုးနဲ့လွဲခဲ့ရတာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတွဲလုံးကနေ ရက်ရှ်ဖို့ဒ် ပေးတာကို ဆန်ချိုက ဧရိယာထဲ လှမ်းခင်းပေးရာမှာ အလိုက်သင့် ပြေးဝင်သွားတဲ့ မက်တော်မီနေးက ထောင့်ကျဉ်းထဲကို အပြင်းကန်သွင်းယူပြီး ကောင်းပါတယ်ဆိုတဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ မန်ယူဘက်က အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို အန်တိုနီရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့်လည်း ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ အဲဗာတန်တို့ဘက်က ခံစစ်မနိုင်သလိုဖြစ်နေတဲ့ ဂေါ့ဖရီအစား မစ်ကိုလန်ကို,ကို လူစားသွင်းလာခဲ့တာပါ။

အဲဗာတန်တို့အနေနဲ့ အမြင့်ဘောတွေကနေ ပြန်လည်ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ တိုက်စစ်မှူး ဆင်းမ်စ်ရဲ့ အတွေ့အကြုံ နုနယ်မှုနဲ့ အီဝိုဘီရဲ့ လောကြီးမှုတွေကြောင့် ဘာမှတော့ဖြစ်မလာခဲ့တာကြောင့် ပွဲချိန် မိနစ် ၆၀ မှာ ကွင်းလယ်က အိုနာနာနဲ့ ဂေးယီတို့အစား တွမ်ဒေးဗီးစ်နဲ့ ဂျိမ်းစ် ဂါနာတို့ကို လူစားလဲခဲ့သလို မန်ယူတို့ကတော့ အန်တိုနီအစား မာစီယယ်လ်ကို ထည့်သွင်းသွားခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ ယူနိုက်တက်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်ကနေ မာတီနက်ဇ် ကန်တင်ပေးတဲ့ ဘောလုံးကို အဲဗာတန်ကပ္ပတိန် ကိုးလ်မန်း ထိန်းရာမှာ ချော်ပြီး လွတ်ထွက်သွားခဲ့တာကို ရက်ရှ်ဖို့ဒ်က ရယူပြီး ဂိုးရှေ့ ချိုးပေးရာမှာ မာစီယယ်လ်က ညာဘက်ကို အယောင်ပြပြီး ဘယ်ဘက်ကို ချိုးကန်သွားခဲ့လို့ ပစ်ခ်ဖို့ဒ် မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ မန်ယူတို့ဘက်က ဆာဘစ်ဇာ၊ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့အစား ဖရက်ဒ်၊ အဲရစ်ဆန်နဲ့ ဗက်ဂ်ဟော့စ်တို့ကို ထည့်သွင်းသွားခဲ့ပြီး အဲဗာတန်တို့ကတော့ ဆင်းမ်စ်နဲ့ ကိုးလ်မန်းတို့အစား မော်ပေနဲ့ ပက်တာဆန်တို့ကို ပြောင်းလဲသွားခဲ့အပြီး ပွဲချိန်အပြည့်မှာတော့ အိမ်ရှင်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို နယူးကာဆယ်လ်တို့ မကန်ခင်မှာ အဆင့် ၃ ကို ရောက်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.