Analysis Article Match Preview Premier League

အာဆင်နယ်ပဲဆိုတဲ့ ပေါလ်မာဆန်ရဲ့ EPL ပွဲစဉ် ၃၀ အတွက် ခန့်မှန်းချက်များ

မန်ချက်စတာယူနိုက်တက်-အဲဗာတန်
အဲဗာတန်တို့အနေနဲ့ သူတို့ထက် သာလွန်တဲ့ ချဲလ်ဆီးနဲ့ စပါးစ်တို့ဆီက ဆက်တိုက် အမှတ်တွေ ခွဲယူနိုင်ခဲ့ပေမယ့် တိုက်စစ်မှာ ဂိုးသွင်းသူ မရှိတဲ့ အခြေအနေနဲ့ ခံစစ်ကလည်း အမှားတွေ လုပ်တတ်တာကြောင့် ပင်နယ်တီ အရှာတော်တဲ့ မန်ယူတို့ အိမ်ကွင်းမှာ တစ်လုံးတစ်လေတောင် ရသွားနိုင်မလား ထင်စရာပါ။ ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးပေါက်ပြန်တွေ့နိုင်မှုက သူတို့ကို ယုံကြည်မှု မြင့်တက်စေပြီး ရှောင်ဒိုက်ချ်အနေနဲ့ ဘယ်လိုပဲ ပိတ်ကစားလာပါစေ သရဲနီတွေ အနိုင်ရဖို့ ဖြစ်လာနိုင်ပါတယ်။ ကွင်းလယ်မှာ ဒူကူရေး ပွဲပယ်ခံထားရတာက ဖျက်အားလိုက်အားကို ထိခိုက်စေဦးမှာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ အိမ်ရှင်တွေ သာယာဦးမှာပါ။ (မန်ယူ 2-0 အဲဗာတန်)

အက်စ်တန်ဗီလာ-နော့တင်ဟမ်ဖောရက်စ်
အသင်းကြီးတွေကိုတောင် အညှာအတာမရှိ ကစားနေခဲ့တဲ့ ဗီလာတို့အတွက် အိမ်ကွင်းမှာ ဖောရက်နဲ့ ဆုံတာကတော့ ဘူဖေးညစာစားပွဲ ဖြစ်လာနိုင်ပါတယ်။ အူနိုင်း အမ်မရီအနေနဲ့ အာဆင်နယ်နဲ့ မအောင်မြင်လိုက်မှုကို အကောင်းဆုံး တုံ့ပြန်ပြနေပြီး အိုလီ ဝပ်ကင်းစ်ကတော့ ဂိုးတွေ ဆက်တိုက်သွင်းယူနေတာပါ။ ဖောရက်စ်တို့ကတော့ စတိဗ် ကူးပါးရဲ့ အရူးစကားတွေမှာ မွေ့လျော်နေဆဲဖြစ်ပြီး အဝေးကွင်းမှာဆိုရင် ကစားပုံ ပိုညံ့တတ်လို့ ဂိုးသမား ကီလော် နာဗက်စ်တောင် မျက်နှာပျက်ယူရတဲ့အထိပါပဲ။ ကဲ… ဘာဖြစ်လို့များ ဗီလိန်တွေ အားကြီးနဲ့ အနိုင်မကျင့်ဘူးလို့ ဆန့်ကျင်ရမှာလဲ။ သာမန်ပဲပေါ့လေ။ (ဗီလာ 3-0 ဖောရက်စ်)

ဘရန့်ဖို့ဒ်-နယူးကာဆယ်လ်ယူနိုက်တက်
ပျားတွေအနေနဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ သရေကန်ခဲ့ပေမယ့် မန်ယူနဲ့တွေ့တော့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးဖြစ်နေခဲ့တာပါ။ ဘယ်ဟာက သူတို့ရဲ့ ပုံစံအမှန်လဲတော့ ပြောရခက်ပြီး နည်းပြ သောမတ်စ် ဖရန့်ခ်အနေနဲ့ မန်ယူနဲ့ပွဲမှာလို အဝိုင်းထဲကို လေးထောင့်တွေ ရိုက်သွင်းတဲ့ လူထုတ်ပုံအမှားမျိုး ထပ်မကျူးလွန်မိဖို့တော့ လိုပါတယ်။ နယူးကာဆယ်လ်တို့ကတော့ အဝေးကွင်းမှာဆို အနည်းငယ် တုံ့နှေးတတ်ပြီး တိုက်စစ်ကစားပုံ လျော့ရဲတတ်တာကြောင့် အက်ဒီဟောင်းအတွက်တော့ စိန်ခေါ်မှုဖြစ်လာပါလိမ့်ဦးမယ်။ ဘရန့်ဖို့ဒ်တို့ အိမ်ကွင်းမှာ တစ်မှတ်ခွဲယူသွားမယ်ဆိုရင်လဲ အံ့ဩစရာ သိပ်တော့ မကောင်းပါဘူး။ (ဘရန့်ဖို့ဒ် 1-1 နယူးကာဆယ်လ်)

ဖူလ်ဟမ်-ဝက်စ်ဟမ်းယူနိုက်တက်
မန်ယူနဲ့ အက်ဖ်အေပွဲမှာ ခေါင်းမရှိတဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့ ဖူလ်ဟမ်တို့အတွက် ဒီပွဲမှာတော့ သူတို့ရဲ့ အမှားတွေကို ပြန်လည်ကုစားဖို့ ဖြစ်လာနိုင်ပါတယ်။ မီထရိုဗစ်ချ် မပါတော့တာကတော့ သူတို့တွေကို ဂိုးသွင်းရခက်စေနိုင်ပေမယ့် ဖာဘီယန်စကီးရဲ့ ရောင်းချမှု မြင့်မားတဲ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ အနိုင်ယူဖို့ဆိုတာကတော့ အရမ်းခက်ခဲတဲ့ ပုစ္ဆာမျိုး မဖြစ်နိုင်တာပါ။ ဒေးဗစ်မွိုက်စ်ကတော့ အကြံကုန်ပြီး ဆားချက်နေတာ သွေးတိုးပါဖြစ်ရတဲ့ ဂဠုန်ကြီးဖြစ်နေခဲ့သလို အသင်းရဲ့ ထုံးစံအတိုင်း ဈေးကြီးပေး ဝယ်ယူထားတဲ့ အာဂွါဒ်၊ ဆကာမက်ကာ၊ ဒေါင်းစ်တို့လို ဂျင်းတွေနဲ့ သုံးမှတ် မရှာနိုင်တာက ကလင်ဒါကျပဲဖြစ်နေတာကြောင့် ဖူလ်ဟမ်တို့ ဒီနေ့ပွဲမှာ ပရိသတ်တွေကို သုံးမှတ်နဲ့ နှစ်သိမ့်ကြပါလိမ့်မယ်။ (ဖူလ်ဟမ် 2-0 ဝက်စ်ဟမ်း)

ဝုလ်ဗာဟမ့်ပ်တန်-ချဲလ်ဆီး
ချဲလ်ဆီးတို့အတွက်တော့ အမှတ်တွေ ပက်ပက်စက်စက် လျော့နေချိန်မှာ ဝုလ်ဗ်စ်နဲ့ တွေ့လိုက်ရတာက ကန္တာရထဲက အိုအေစစ်လေးဆီ ရောက်သွားတာဖြစ်နိုင်ပါတယ်။ လိုပီတီဂီအနေနဲ့ နည်းစနစ်ပိုင်းတစ်ခုကို ဝံပုလွေဆီ သွတ်သွင်းလာနိုင်ခဲ့ပေမယ့် ခံစစ်ကစားပုံ ပိုင်နိုင်မှု မရှိသလို အရင်က ကောင်းလှပါတယ်ဆိုတဲ့ ဂိုးသမား ဂျိုဆေးဆားရဲ့ ရောင်းချမှုကလည်း အံ့ဩကုန်နိုင်ဖွယ်ပါပဲ။ ကွင်းလယ်ကနေ ခံစစ်ကြောင်းကို ကာကွယ်ပေးနိုင်မှုနည်းပြီး နောက်တန်းတွေနဲ့ ဂိုးသမားတွေကို တစ်ဖက်တိုက်စစ်တွေနဲ့ တိုက်ရိုက်ပေးတွေ့နေတဲ့ ပြဿနာက ပွဲတိုင်းမှာ ဖြစ်ပွားနေခဲ့တဲ့ ဝုလ်ဗ်စ်တို့ကို သွက်လက်တဲ့ ချဲလ်ဆီးတိုက်စစ်က ဟာဗတ်ဇ်တို့အဖွဲ့ အခွင့်ကောင်းယူနိုင်ပါလိမ့်မယ်။ ဧည့်သည်တွေအတွက် သုံးမှတ်တန်ပွဲပါ။ (ဝုလ်ဗ်စ် 0-2 ချဲလ်ဆီး)

တော့တင်ဟမ်ဟော့စပါး-ဘရိုက်တန်
ပြီးခဲ့တဲ့နှစ်ကတော့ မြောက်လန်ဒန်မှာ ဆရာလုပ်ခဲ့တဲ့ ဘရိုက်တန်တို့အနေနဲ့ ဒီနှစ်မှာ ခံစစ်ကြောင်းက ဂိုးပေးများနေခဲ့တာကြောင့် ရမှတ်တွေ လေလွင့်နေခဲ့ပြီး တစ်ဖက်တိုက်စစ်ကောင်းခဲ့ရင် တားဆီးနိုင်ဖို့ ခက်နေခဲ့တာပါ။ နည်းပြ ဒီဇာဘီနဲ့ အသင်းသားတချို့ကြား အတွင်းကြိတ် ပြဿနာတွေ ရှိနေတယ်လို့ ထင်ရပြီး ဂိုးသမား ရောဘတ် ဆန်ချက်ဇ်ကို နည်းစနစ်ပိုင်း အကြောင်းပြပြီး ဖြုတ်ချခဲ့သလို အဖြစ်သိပ်မရှိတဲ့ စတီးလ်ကို သုံးနေခဲ့တာကြောင့် ဘရန့်ဖို့ဒ်ကို သုံးဂိုးပေးပြီးမှ နောက်က သရေလိုက်ယူခဲ့ရတာပါ။ စပါးစ်ကွင်းမှာတော့ ဒီပုံစံပဲ ဆက်ဖြစ်နေဦးမယ်ဆို မလွယ်ဘူးလို့ ဆိုရမှာဖြစ်ပြီး မီတိုမာ၊ မက္ကယ်လစ္စတာ၊ ကိုင်စီဒိုတို့ မကြိုးစားနိုင်ဘူးဆိုရင် ဟာရီကိန်းတို့ပဲ စားသွားပါလိမ့်မယ်။ (စပါးစ် 2-0 ဘရိုက်တန်)

လက်စတာစီးတီး-ဘုန်းမောက်
တစ်ပွဲကို ခြေတစ်လှမ်းနဲ့ တန်းဆင်းဇုန်ကို ဆင်းသွားခဲ့တဲ့ လက်စတာတို့ ရော့ဂျားစ်ကို ထုတ်တော့ရော ဘာပိုထူးလာခဲ့ပါသလဲ။ ယာယီနည်းပြ ဆက်ဒ်လာအနေနဲ့ ဗီလာနဲ့ပွဲမှာ ဗာဒီကို ဦးဆောင်ခိုင်းခဲ့ပေမယ့် ကစားပုံကတော့ ထုံးစံအတိုင်း အမှားများဆဲပဲဖြစ်နေတာကို ပြင်ဆင်ရဦးမှာဖြစ်ပြီး ဒီနေ့ အိမ်ကွင်းမှာ လုပ်ပြနိုင်မယ်ဆိုရင်တော့ အဆင့် ၁၉ ကနေ ရုန်းထွက်လာမလား မျှော်လင့်လို့ ရနိုင်မှာပါ။ ဘုန်းမောက်တို့ကတော့ နည်းပြ အိုနီးလ်ရဲ့ ဘယ်သူက ဘာကောင်းတယ်ဆိုတာ မသိဘဲ ရမ်းထုတ်နေတဲ့ လူစာရင်းကြောင့် ရသင့်တဲ့ အမှတ်တွေ ဆုံးရှုံးနေခဲ့ရပြီး အဝေးကွင်းမှာဆိုရင်တော့ ပိုပြီးတော့ အထင်ကြီးစရာ မရှိတာကြောင့် အိမ်ရှင်မြေခွေးတွေ နိုင်ပွဲရှာနိုင်ပါလိမ့်မယ်။ (လက်စတာ 1-0 ဘုန်းမောက်)

ဆောက်သမ်တန်-မန်ချက်စတာစီးတီး
မန်စီးတီးတို့အတွက် ပွဲကျပ်တွေ မဟုတ်တောင် အလုပ်များတဲ့ အချိန်ဖြစ်နေပြီး စစ်မျက်နှာအမျိုးမျိုးဖွင့်နေချိန်မှာ ဘိုင်ယန်နဲ့ တွေ့ရဦးမှာဖြစ်လို့ အာရုံစူးစိုက်မှု လျော့နည်းသွားမလားလို့ မေးချင်စရာပါ။ ဒါပေမယ့် ဒီလိုပွဲမျိုးမှာတော့ ကြမ်းကပ် ဆောက်သမ်တန်တို့ကို မိနစ် ၆၀ နဲ့ အနိုင်ယူစွမ်းရှိနေပြီး ဟားလန်း မပါရင်လည်း တစ်နာရီအတွင်း နှစ်ဂိုးသုံးဂိုးလောက်တော့ သွင်းထားနိုင်မှာပါ။ ဂရီးလစ်ရှ်ရဲ့ ခြေစွမ်းပြနေမှု၊ ဒီဘရိုင်းနား မပါရင်တောင် ဖန်တီးမှု မြင့်မားတဲ့ ကွင်းလယ်ရဲ့ လုပ်ဆောင်နိုင်မှုတွေက အိမ်ရှင် စိန့်တို့အတွက်တော့ ဝါးနိုင်တာထက် ပိုမှာဖြစ်ပြီး ဧည့်သည်တွေပဲ အမှားအယွင်းမရှိ ရှေ့ဆက်မယ့် ပွဲလို့ ဆိုရမှာဖြစ်ပါတယ်။ (စိန့် 0-3 မန်စီးတီး)

လိဒ်စ်ယူနိုက်တက်-ခရစ္စတယ်လ်ပဲလေ့စ်
လိဒ်စ်တို့အနေနဲ့ ဒီရက်ပိုင်းမှာ နည်းပြသစ် ဟာဗီ ဂါစီယာနဲ့အတူ မာကျောလာနေပြီး အသင်းကြီး မဟုတ်ရင် ယှဉ်ကစားနိုင်စွမ်းအပြည့် ဖြစ်လာခဲ့တာပါ။ ဖောရက်စ်နဲ့ပွဲမှာ အမှတ်စုဆောင်းနိုင်ခဲ့လို့ ဒီနေ့ပွဲမှာလည်း ယုံကြည်မှု ပြည့်နေနိုင်ပြီး ရွိုင်းဟော့ဆန်ရဲ့ ပဲလေ့စ်ကို အိမ်ကွင်းမှာ တီးဖို့ လမ်းကြောင်းမှန်ပေါ်မှာလည်း ရှိနေပါတယ်။ အဝေးကွင်းမှာ ပဲလေ့စ်တို့ ပိတ်ကစားလာဖို့ ရှိနေတာကြောင့် ဂိုးပြတ်ဖို့တော့ ခက်နိုင်ပြီး လိဒ်စ်တို့အတွက် ကျဉ်းမြောင်းတဲ့ နိုင်ပွဲတစ်ပွဲကိုပဲ မြင်ရနိုင်ပါတယ်။ (လိဒ်စ် 1-0 ပဲလေ့စ်)

လီဗာပူးလ်-အာဆင်နယ်
တနင်္ဂနွေနေ့ နောက်ကျပွဲ ကစားဖို့အတွက် အနိုင်ရနိုင်တဲ့ ချဲလ်ဆီးနဲ့ပွဲမှာ ဆာလားတို့ကို သိမ်းထားခဲ့တဲ့တာက ကလော့ပ်ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါ့မလားလို့ မေးချင်စရာပါ။ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ နှစ်ပွဲမှာ အာဆင်နယ်နဲ့ အိမ်ကွင်းပွဲကို နိုင်ဖို့ ရွေးခဲ့တယ်ဆိုတာ လီဗာပူးလ်တို့ရဲ့ ခုချိန်အထိ လျှော့တွက်တတ်တဲ့ စိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်း မြင်ရသလိုဖြစ်နေပြီး ဒီနေ့ပွဲမှာတော့ ဖွတ်မရ ဓားမဆုံးဖြစ်သွားနိုင်ပါတယ်။ လီဗာပူးလ်တို့ ကွင်းလယ်နဲ့ ခံစစ်ကြားမှာ ဟောင်းလောင်းပေါက်ဖြစ်နေတာကို အာဆင်နယ်တို့ အသုံးချတတ်ရင် နိုင်ပွဲဆက်ဦးမှာဖြစ်ပြီး ခက်ခဲနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာ ချန်ပီယံပြန်ဖြစ်ချင်ရင် အာတီတာတို့ ဒီပွဲကို အနိုင်ယူတတ်ရပါလိမ့်မယ်။ (လီဗာပူးလ် 1-2 အာဆင်နယ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.