Match Report Premier League

ဟမ်းမားတွေကို အားကြီးနဲ့ လွှမ်းမိုးအနိုင်ယူပြီး တတိယနေရာက ဖယ်မပေးတဲ့ ငှက်ကျား

ပြီးခဲ့တဲ့ ပွဲမှာ မန်ယူလို အသင်းမျိုးကိုတောင် အလဲထိုးထားခဲ့တဲ့ ငှက်ကျားတို့အနေနဲ့ ဝက်စ်ဟမ်းတို့ရဲ့ ကွင်းမှာ ဘာလဲဟဲ့ လောကဓံလို့ ကြုံးဝါးနိုင်ခဲ့ပြီး အိမ်ရှင်တွေရဲ့ ဖီဆန်မှုတချို့ ရှိခဲ့ပေမယ့် စိုးမိုးထိန်းချုပ်အနိုင်ယူသွားခဲ့သလို အဆင့် ၃ နေရာကို ပြန်လွှဲမပေးရရေးအတွက် အကောင်းဆုံး နိုင်ပွဲရှာဖွေသွားခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်လ်တို့အနေနဲ့ အဝေးကွင်းမှာ ဂိုးသမား နစ်ခ် ပုပ်၊ ဖာဘီယန် ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကိုပဲ အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ ဂျိုလင်တန်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မာဖီ၊ စန်မက်ဇီမန်နဲ့ ကယ်လမ် ဝီလ်ဆန်တို့ကို ကစားစေခဲ့တာပါ။

အိမ်ရှင် ဝက်စ်ဟမ်းတို့ကတော့ ဂိုးသမား ဖာဘီယန်စကီး၊ ခံစစ်မှာ ဇူးမာ၊ အာဂွါဒ်၊ ခယ်ရာနဲ့ အီမာဆန်တို့ကို စုဖွဲ့ပေးခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဆိုးချက်ခ်နဲ့ လူးကပ်စ် ပါကေးတာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘိုဝင်၊ ဘင်ရာမာနဲ့ အန်တိုနီယိုတို့ကို သုံးစွဲလာခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၆ မိနစ်မှာကတည်းက နယူးကာဆယ်လ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့ပြီး ထောင့်ကန်ဘောကနေ ပြန်ထွက်လာတာကို စန်မက်ဇီမန်က လိုက်လံရယူပြီး ဂိုးရှေ့ကို ကန်တင်ပေးရာမှာ ဝက်စ်ဟမ်းနောက်ခံလူတွေကြားထဲကနေ ဝီလ်ဆန်က လျင်လျင်မြန်မြန်နဲ့ ခေါင်းတိုက်သွင်းယူသွားခဲ့လို့ အိမ်ရှင်တွေ ငုတ်တုတ်မေ့ခဲ့ရတာပါ။

ပွဲချိန် ၁၃ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ပဲ ဒုတိယဂိုးနဲ့ အိမ်ရှင်တွေကို စောစောစီးစီး ဦးချိုးထားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ခံစစ်ကနေ နောက်ခံလူ ရှားက ဝက်စ်ဟမ်းကွင်းလယ်လူတွေရဲ့ နေရာယူပုံ ပေါ့ဆနေတဲ့ကြားကို လှမ်းခင်းပေးလိုက်ရာမှာ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ ဂျိုလင်တန်က တစ်ဦးချင်းတွေ့တဲ့ ဂိုးသမား ဖာဘီယန်စကီးကိုပါ တစ်ချက်ခေါက်ပြီး ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၄၀ ကို ရောက်မှာ ဝက်စ်ဟမ်းတို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘိုဝင်ရဲ့ ညာထောင့်ကန်ဘောကနေ အဝေးတိုင်ဘက်ကို ကန်တင်ပေးရာမှာ နောက်ခံလူ ဇူးမားက အတော်ဝေးဝေးကနေ ပြေးဝင်လာပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာတော့ ဧည့်သည် နယူးကာဆယ်လ်တို့က နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေနိုင်ခဲ့တာပါ။

ဒုတိယပိုင်း ပြန်စစချင်းမှာပဲ အထနှေးတဲ့ ဟမ်းမားတွေကို ငှက်ကျားတွေက တတိယဂိုး ထပ်သွင်းခဲ့ပြန်သလို ဒီဂိုးကိုတော့ ဖာဘီယန်စကီး လက်နဲ့ ချပေးတဲ့ ဘောလုံးကို လူထပ်ပေးရမယ့်အစား မနိုင်မနင်းဖြစ်နေတဲ့ နောက်ခံလူ အာဂွါဒ်ဆီကနေ မာဖီက ဝင်လုပြီး ကိုယ်တိုင်မကန်ဘဲ အခွင့်အရေး ပိုသာတဲ့ ဝီလ်ဆန်ဆီ ချိုးပေးလိုက်ရာမှာတော့ ငှက်ပျောသီး အခွံနွှာစားတာထက် လွယ်ကူတဲ့ ဂိုးတစ်ဂိုးဖြစ်သွားခဲ့ရပါတယ်။

တန်းဆင်းဇုန်နားကနေ မခွာရက်နိုင်တဲ့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်အတွက်တော့ နှာနုဖြတ်ရိုက်ခံရသလိုဖြစ်ခဲ့ပြီး ပွဲချိန် ၆၃ မိနစ်မှာတော့ ဘင်ရာမာ၊ ဆိုးချက်ခ်၊ ခယ်ရာနဲ့ အန်တိုနီယိုတို့အစား ကော်နေး၊ ဒေါင်းစ်၊ ဆိုဖာလ်နဲ့ ဒန်နီအင်းစ်တို့ကို ထည့်သွင်းလာခဲ့သလို တစ်မိနစ်အကြာမှာတော့ နယူးကာဆယ်လ်တို့ဘက်က မာဖီ၊ ဝီလ်ဆန်နဲ့ စန်မက်ဇီမန်တို့အစား ဝီလော့ခ်၊ အီဆက်ခ်နဲ့ ဂေါ်ဒန်တို့ကို လဲကစားလာခဲ့တာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ စတုတ္ထ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဝက်စ်ဟမ်းတို့ ဘောလုံးပျက်ရာမှာ ပြန်ရခဲ့တဲ့ ဘရူနို ဂီမာရိုင်းစ်က ကန်တင်ပေးခဲ့ရာမှာ တိုက်စစ်က ပြေးလိုက်တာကို မမီမှာစိုးလို့ ကူညီပေးသလားမှတ်ရတဲ့ ဖာဘီယန်စကီးက ရှေ့ထွက်ပြီး ပေါင်နဲ့ ထိန်းပေးလို့ ပြန်ကျလာတဲ့ ဘောလုံးကို အီဆက်ခ်က ခေါင်းပေါ်က ကျော်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာ နယူးကာဆယ်လ်တို့ပဲ ပွဲသိမ်း ပဉ္စမဂိုးကို ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုလည်း တန်ပြန်တိုက်စစ်ကနေ ဘရူနို ဂီမာရိုင်းစ်ကပဲ ဘယ်တောင်ပံကို ကန်တင်ပေးခဲ့ရာမှာ လိုက်လံရယူနိုင်ခဲ့တဲ့ ဂျိုလင်တန်က ဝက်စ်ဟမ်းနောက်ခံလူ လေးယောက်ကြားကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဖာဘီယန်စကီး ကာကွယ်ပုံ ညံ့ဖျင်းခဲ့လို့ ဂိုးထပ်ပေးခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ နယူးကာဆယ်လ်ယူနိုက်တက်တို့က ဝက်စ်ဟမ်းယူနိုက်တက်တို့ကို အဝေးကွင်းမှာ ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ကြပြီး တတိယနေရာကို ဆုပ်ကိုင်နိုင်ဖို့အတွက် အကောင်းဆုံး ခြေစွမ်းပြနေခဲ့သလို စတုတ္ထနေရာက မန်ယူတို့နဲ့ အမှတ်ချင်းတူနေခဲ့ပေမယ့် ဂိုးကွာခြားချက်မှာ +၂၆ အထိ ရရှိထားတာကြောင့် အပြတ်အသတ် သာလွန်နေခဲ့တဲ့အတွက် နောက်ဆုံးလေးပွဲဆက်အနိုင်နဲ့အတူ သာယာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.