Premier League

နိုင်ပွဲပျောက်မှုကို ရပ်တန့်ပြီး ရက်ရှ်ဖို့ဒ်ရဲ့ဂိုးနဲ့ သုံးမှတ်ဖိုး ပျားဖွပ်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာတော့ လီဗာပူးလ်၊ နယူးကာဆယ်လ်တို့ကို ရှုံးနိမ့်ခဲ့ပြီး ဆောက်သမ်တန်ကို သရေကျခဲ့လို့ ထိပ်ဆုံးလေးသင်းထဲက ထွက်ပေးရမတတ်ဖြစ်ခဲ့တဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်ကို အိမ်ကွင်းနိုင်ပွဲ ရယူနိုင်မှုနဲ့ အဆင့် ၄ နေရာကို ခိုင်ခိုင်မြဲမြဲ ပြန်လည်ဆုပ်ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်တို့အနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဒါလော့နဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ ဆာဘစ်ဇာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကို အိုးလ်ထရက်ဖို့ဒ်မှာ ပွဲထုတ်လာခဲ့တာပါ။

ဧည့်သည် ဘရန့်ဖို့ဒ်တို့ကတော့ ဂိုးသမား ရာယာ၊ ခံစစ်မှာ ယန်ဆွန်၊ ဘန်မီးနဲ့ ပင်းနော့ခ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရိုအာဆလက်ဗ်၊ ရီကို ဟင်နရီ၊ နော်ဂါ့ဒ်၊ ယန်ဆင်နဲ့ ဒမ်းစ်ဂါ့ဒ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ တိုနီနဲ့ အမ်ဘူးမိုတို့ကို ကစားစေခဲ့ပြီး နည်းပြ သောမတ်စ် ဖရန့်ခ်ရဲ့ လူထုတ်ပုံက သိပ်တော့ မဟုတ်ခဲ့တာဖြစ်ပါတယ်။

မန်ယူလို အိမ်ကွင်းကောင်းတဲ့ အသင်းကြီးမျိုးကို ကွင်းလယ်မှာ မာမာချာချာ မရှိသလို ကွင်းလယ်လူလည်း မဟုတ်တဲ့ တောင်ပံသမား ဒမ်းစ်ဂါ့ဒ်နဲ့ ခင်းကျင်းထားတာက ဘရန့်ဖို့ဒ်တို့ကို လူတစ်ယောက်လျော့သလိုဖြစ်စေခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ပက်ပက်စက်စက် နိမ့်ပါးစေခဲ့သလို ကွင်းလယ်မှာလည်း ပိတ်ဆို့မှု လုံးဝမလုပ်နိုင်ဘဲ ဧရိယာထဲမှာပဲ ဆင်းခံသွားခဲ့ရတာပါ။

သရဲနီတွေအနေနဲ့ ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ပုံစံကောင်းမှာ ရှိမနေတဲ့ ဆန်ချိုနဲ့ Final Touch တွေမှာ တွေဝေနေခဲ့တဲ့ အန်တိုနီတို့ကြောင့် တိုက်စစ်ကို ဘရူနို ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ပဲ တာဝန်ယူနေခဲ့ရချိန်မှာ တစ်ဖက်က ပျားတွေရဲ့ ဗျူဟာက ညံ့ဖျင်းလွန်းခဲ့လို့သာ ဂိုးရနိုင်ခဲ့တာဖြစ်ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၈ ကြိမ်မှာ ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာကတော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာ မန်ချက်စတာသားတွေအတွက် တစ်လုံးတည်းသော ဂိုးကို ဂိုးပေါက်ပျောက်နေတဲ့ ရက်ရှ်ဖို့ဒ်က သွင်းယူပေးနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ရှင်းထုတ်ခံရလို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဆာဘစ်ဇာက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ခေါင်းတိုက် ချပေးရာမှာ နံပါတ် ၁၀ တိုက်စစ်မှူးက အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၇ မိနစ်မှာ ဒဏ်ရာရသွားတဲ့ လုခ်ရှောကို မာလာစီယာနဲ့ လဲခဲ့ရပေမယ့် ယူနိုက်တက်တို့ပဲ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ကြသလို ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ ဒဟေးယားရဲ့ လူပေးမှားတာကနေ တိုနီ ဂိုးသွင်းခွင့် ကြုံခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ဘရန့်ဖို့ဒ်တို့ ဘဲဥကွဲခွင့် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၆၀ ကျော်မှာတော့ ဘရန့်ဖို့ဒ်တို့ဘက်က စိတ်ပျက်စရာခြေစွမ်းတွေနဲ့ အမ်ဘူးမို၊ ဒမ်းစ်ဂါ့ဒ်နဲ့ ယန်ဆင်တို့ကို ရှာဒါ၊ ဒါဆေးလ်ဗား၊ ဘက်ပ်တစ္စတေတို့နဲ့ လူစားလဲခဲ့ရာမှာ သူတို့ရဲ့ ကွင်းလယ်ကစားပုံနဲ့ တိုက်စစ်က တက်လာခဲ့ပြီး ပွဲချိန် ၆၇ မိနစ်မှာ တိုနီရဲ့ လျှပ်တစ်ပြက် ဖန်တီးပေးမှုကို ရှာဒါ ကန်သွင်းဖို့ ကြိုးစားရာမှာ ဒဟေးယား ကြိုးစားကာကွယ်သွားခဲ့ရတာပါ။

ဒီနောက်မှာတော့ မန်ယူတို့ဘက်က ဆန်ချို၊ ဆာဘစ်ဇာနဲ့ အန်တိုနီတို့အစား မာစီယယ်လ်၊ ဖရက်ဒ်နဲ့ လင်ဒီလော့ဖ်တို့ကို ထည့်သွင်းပြီး အနိုင်ဂိုးကို ကာကွယ်သွားခဲ့သလို ဘရန့်ဖို့ဒ်တို့ကတော့ စိတ်ပျက်စရာ ပွဲထွက်လူထုတ်ပုံကို မိုးလွန်မှ ထွန်ချတဲ့ ဒုတိယပိုင်း လူစားလဲမှုတွေက မပြောင်းလဲနိုင်တော့လို့ အိုးလ်ထရက်ဖို့ဒ်မှာ လက်မြှောက်ခဲ့ကြရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က ဘရန့်ဖို့ဒ်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ရမှတ် ၅၃ နဲ့ နယူးကာဆယ်လ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်အနည်းနဲ့ အဆင့် ၄ မှာ ဆက်လက်ရပ်တည်နေခဲ့သလို အမှားမခံနိုင်တဲ့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ် ကစားခွင့်အတွက် အခြေအနေကောင်းဆဲဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.