Match Report Premier League

ဘုရင့်ဖလား El Clasico မှာ ဘာဆာကို နူးကမ့်လိုက်ပြီး ဂိုးပြတ်ပညာပေးခဲ့တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဂိုးသမား ကူတွာ၊ ခံစစ်မှာ အယ်ဒါ မီလီတို၊ အလာဘာ၊ ကာဗာဟယ်လ်နဲ့ ကာမာဗင်ဂါတို့ကို အသုံးပြုခဲ့ကြပြီး ကွင်းလယ်မှာတော့ တိုနီ ခရူးစ်၊ မိုဒရစ်ချ်နဲ့ ဗယ်လ်ဗာဒီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရိုဒရီဂို၊ ဘင်ဇီးမားနဲ့ ဗီနီးရှပ်စ် ဂျူနီယာတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘာစီလိုနာအသင်းကတော့ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ကွန်ဒီ၊ မားကို့စ် အလွန်ဆို၊ အာရူဟိုနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ဆာဂျီ ရောဘတ်တိုနဲ့ ကက်ဆီယေးတို့ကို ခံစစ်ဦးစားပေးအဖြစ် အသုံးပြုလာခဲ့ပြီး တိုက်စစ်မှာတော့ ရာဖင်ညာ၊ ဂါဗီနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ကို တွဲဖက်ပေးခဲ့တာပါ။

နည်းပြ ဇာဗီအနေနဲ့ ခံစစ်မှာ လူစုံနီးပါး ရှိရဲ့သားနဲ့ မားကို့စ် အလွန်ဆိုလို Wing Back ဟောင်းကို ဘယ်နောက်ခံအတွင်းလူအဖြစ် ကမျော့ခဲ့တဲ့ အိုင်ဒီယာက ကလေးအတွေးသာဖြစ်ကြောင်းကို ရီးရဲလ်နည်းပြ အန်ချယ်လော့တီနဲ့ ထိပ်တန်းကစားသမားတွေက သက်သေပြသွားခဲ့တာဖြစ်ပြီး အကောင်းဆုံးပုံစံမှာ ရှိမနေတဲ့ အူကြောင်ကြောင် လူထုတ်ပုံနဲ့တော့ အနိုင်ရဖို့ စဉ်းစားမနေနဲ့လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာတို့အနေနဲ့ အဝေးကွင်းမှာ အနိုင်ရရှိထားခဲ့ပေမယ့် အိမ်ကွင်းပွဲစဉ်ကို ချဉ်းကပ်ပုံက ရွေးချယ်မှု မှားယွင်းနေခဲ့သလို ဧည့်သည်တွေရဲ့ ဖွင့်ကစားတဲ့ အလျင်အမြန် ကစားပုံမှာ ရုန်းကန်နေခဲ့ရပြီး ပထမအကျော့က တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရထားတာကိုလည်း အဝေးဂိုး စည်းမျဉ်းမရှိချိန်မှာ ဘာတွေ စဉ်းစားနေမှန်း မသိဘဲ အိမ်ကွင်းမှာ အမှားစောင့်ကစားရမယ့်အစား ရီးရဲလ်ဘက်ကို ဖိတိုက်နေခဲ့တာပါ။

ရီးရဲလ်ရဲ့ ကောင်တာတွေမှာ ဘာစီလိုနာကွင်းလယ်ခံစစ်အနေနဲ့ ရုန်းကန်နေခဲ့ရသလို ဂါဗီကတော့ ပရီးမီးယားလိဂ်မှာဆို ခြေသလုံးကို ဖြတ်နင်းမှုနဲ့ အနီထိလောက်ခဲ့ပေမယ့် ဘာကတ်မှ မပြဘဲ သက်ညှာခံခဲ့ရပြီး လီဗန်ဒေါ့ဗ်စကီးနဲ့ ရာဖင်ညာတို့ရဲ့ အဆုံးသတ်တွေက အလုပ်မဖြစ်ခဲ့ချိန်မှာ တာစတီဂန်နဲ့ ခံစစ်အစုအဖွဲ့ကတော့ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ရီးရဲလ်တို့ အဖွင့်ဂိုးရယူသွားနိုင်ခဲ့ကြပြီး လီဗန်ဒေါ့ဗ်စကီးရဲ့ အနီးကပ်ကန်ချက်ကို ကူတွာ ပုတ်ထုတ်လိုက်အပြီး ပြန်လည်စတင်ခဲ့တဲ့ ကောင်တာမှာ ရိုဒရီဂိုနဲ့ ဗီနီးရှပ်စ်တို့ရဲ့ ရုန်းအားမှာ ဖရိုဖရဲဖြစ်သွားခဲ့တဲ့ ဘာစီလိုနာခံစစ်ကြားကနေ ဘင်ဇီးမားက ဧရိယာအတွင်းမှာ ခင်းပေးတဲ့‌ ဘောလုံးကို ဗီနီးရှပ်စ်က အဆုံးသတ်ကန်သွင်းခဲ့ရာမှာ ကွန်ဒီက ဂိုးစည်းပေါ်က ရှင်းထုတ်ခဲ့ပေမယ့် မအောင်မြင်ဘဲ ဂိုးပေးခဲ့ရတာပါ။

ပထမပိုင်းမှာ ရီးရဲလ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာကြောင့် ရလဒ်က သရေဖြစ်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ နူးကမ့်မှာ ဖိအားဝင်သွားတဲ့ ဘာစီလိုနာတို့ကို မက်ဒရစ်သားတွေက ကြွက်ကို ကြောင်ကစားသလိုမျိုး ကျီစယ်သွားနိုင်ခဲ့ပြီး ဇာဗီရဲ့ လူတွေအနေနဲ့ ဝါရင့်တွေပါဆိုတဲ့ မျက်နှာမှ မထောက်ဘဲ ပြိုလဲသွားခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ဦးဆောင်မှုရစေမယ့် ဒုတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ မိုဒရစ်ချ်ရဲ့ သံစုံတီးဝိုင်းကို ညွှန်ကြားသလိုမျိုး တစ်ဦးတည်း ခေါင်းဆောင်ပြီး ဖောက်ထွက်လာခဲ့မှုအပြီးမှာ ဧရိယာထိပ်ကနေ ခင်းပေးခဲ့တဲ့ ဘောလုံးကို ဘင်ဇီးမားက ကြောက်ဆုတ်ကြောက်ဆုတ်နဲ့ လူမကပ်ဘဲ ဧရိယာထဲ စုနေခဲ့တဲ့ ဘာစီလိုနာခံစစ်ရှေ့ကနေ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာပါ။

နှစ်ဂိုးပေးရအပြီးမှာ ပူထူသွားတဲ့ ဘာစီလိုနာတို့ ဖိကစားခဲ့ပေမယ့် အဲလက်စ် ဘာလ်ဒီရဲ့ ဧရိယာအစပ်က ထောင့်ဖြတ်ကန်ချက်ကို ဂိုးသမား ကူတွာ ပုတ်ထုတ်သွားနိုင်ခဲ့သလို ကြောင်ပျောက်နေတဲ့ လီဗန်ဒေါ့ဗ်စကီးနဲ့ ရာဖင်ညာတို့ကတော့ နာမည်တွေမှ အားမနာဘဲဖြစ်နေခဲ့ပြီး စိတ်မရှည်တဲ့ ကစားပုံနဲ့ ခံစစ်ကတော့ ပင်နယ်တီပါ ထပ်ပေးသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းဧရိယာအစပ်မှာ လိမ်ခေါက်နေခဲ့တဲ့ ဗီနီးရှပ်စ်ကို ကက်ဆီယေးက ခြေချိတ်လှဲမိလို့ ရတဲ့ ပင်နယ်တီကို ဘင်ဇီးမားက ဂိုးသမား တာစတီဂန် ဒိုက်ပစ်တဲ့ဘက်နဲ့ တခြားစီ ကန်သွင်းပြီး ဘာစီလိုနာတို့ အိမ်ကွင်းမှာ အရှက်ကွဲရဖို့ ဖြစ်လာခဲ့တာပါ။

ဒီအနေအထားကို ကယ်တင်နိုင်ဖို့ ဘာစီလိုနာနည်းပြ ဇာဗီအနေနဲ့ ကက်ဆီယေး၊ မားကို့စ် အလွန်ဆိုနဲ့ ရာဖင်ညာတို့ကို ထုတ်ပြီး အန်ဆူ ဖာတီ၊ အဲရစ် ဂါစီယာနဲ့ ဖယ်ရန် တောရက်စ်တို့ကို ထည့်သွင်းခဲ့ပေမယ့် သိပ်တော့ ထူးခြားလာခြင်းမရှိဘဲ ရီးရဲလ်တို့ကတော့ ရိုဒရီဂိုအစား အဆန်စီယိုကို ထည့်ပြီး ကစားကွက်ကို ထိန်းညှိခဲ့သလို ဗီနီးရှပ်စ်ကတော့ ရှုံးမဲမဲနေတဲ့ တစ်ဖက်က ကွန်ဒီနဲ့ အဲရစ် ဂါစီယာတို့ကို မြင်မကောင်းအောင် ပညာပေးနေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ ရီးရဲလ်တို့ကပဲ ဘာစီလိုနာတို့ကို အပြီးတိုင် ဖြိုလှဲနိုင်မယ့် စတုတ္ထဂိုးကို သွင်းယူသွားခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန် တိုက်စစ်ကနေ သုံးယောက်-နှစ်ယောက် အတွေ့မှာ ကွန်ဒီနဲ့ အဲရစ် ဂါစီယာတို့ကြားက ဗီနီးရှပ်စ်က ခင်းပေးခဲ့တာကို ဘင်ဇီးမားက ဂိုးသမား တာစတီဂန်နဲ့ တစ်ယောက်ချင်းအတွေ့မှာ ဘေးကနေ လွတ်နေတဲ့အထဲကို အသာလေး ချိုးကန်သွင်းပြီး ဟက်ထရစ် ရယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဘာနေဗျူးမှာ တစ်ဂိုးနဲ့ နိုင်ခဲ့ထားတာကို အဟုတ်ကြီး ထင်နေခဲ့တဲ့ ဘာစီလိုနာတို့ကို ရီးရဲလ်မက်ဒရစ်တို့က နူးကမ့်မှာ လေးဂိုးပြတ်သွင်းပြီး အရှက်ခွဲသွားခဲ့သလို စပိန်ဘုရင့်ဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်ကနေ ကန်ထုတ်လိုက်ပြီး ဗိုလ်လုပွဲမှာတော့ အသင်းငယ်လေး အိုဆာဆူနာတို့နဲ့ တွေ့ဆုံနေတာကြောင့် သာသာယာယာ ဖလားတစ်လုံးယူနိုင်တော့မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.