Match Report Premier League

ဘာစိတ်ဓာတ်မှ မရှိသလို ဘာဥရောပပြိုင်ပွဲမှ ကစားရမှာ မဟုတ်တဲ့ နှစ်သင်းရဲ့ သရေပွဲ

ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်ကတော့ ဥရောပစော်နံချင်သေးရင် နှစ်သင်းလုံးအတွက် အနိုင်ရမှဖြစ်မယ့် Must Win ပွဲစဉ်လို့ ပွဲကြိုမှာ ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ကြပေမယ့် သူတို့တွေ မျက်နှာပျက်ရလောက်အောင်ပဲ နိုင်ချင်စိတ်ရော ဂုဏ်သိက္ခာထိန်းသိမ်းချင်စိတ်ပါ ရှိမနေတဲ့ နှစ်သင်းက တစ်မှတ်စီပဲ ခွဲယူသွားခဲ့ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်မှာ အိမ်ရှင်အသင်းအနေနဲ့ ဂိုးသမား ကီပါ၊ ခံစစ်မှာ ကူလီဘေလီ၊ ဖိုဖာနာနဲ့ ကူကူရဲလားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီးစ်ဂျိမ်းစ်၊ ချေးလ်ဝဲလ်၊ ကွန်တေ၊ ကိုဗာချစ်ချ်နဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျာအို ဖဲလစ္စနဲ့ ဟာဗတ်ဇ်တို့ကို တွဲကစားစေခဲ့တာပါ။

လီဗာပူးလ်တို့ကလည်း ဆာလား၊ ဂက်ခ်ပို၊ ဗန်ဒိုက်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို အနားပေးခဲ့ပြီး ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ကိုနာတေ၊ မာတစ်ပ်၊ ဂျိုးဂိုမက်ဇ်နဲ့ ဆီမီကတ်စ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှတော့ ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ ကားတစ်ဂျုံးစ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဂျိုတာ၊ ဖာမီနိုနဲ့ ဒါဝင် နူးညက်ဇ်တို့ကို သုံးစွဲခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတို့အနေနဲ့ ကွင်းလယ်မှာ Overload လုပ်ပြီး ကစားသမား ၈ ယောက်လောက်ကို အသုံးပြုထားနိုင်ခဲ့သလို ဒီပွဲမှာ ပွဲထွက်လာခဲ့တဲ့ ကပ္ပတိန်လက်ပတ်နဲ့ ကွန်တေကလည်း ဝါရင့်ပီပီ ထိန်းကစားသွားနိုင်ခဲ့လို့ လီဗာပူးလ်တို့ ကွင်းလယ်ချင်း ယှဉ်မရဘဲဖြစ်ခဲ့သလို ဖန်တီးမှုနဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့်သာ ရလဒ်ပိုင်းအရ အသာစီးမယူနိုင်ခဲ့တာလို့ ဆိုရမှာပါ။

လီဗာပူးလ်တို့ကတော့ ယာဂန် ကလော့ပ် ငါးနှစ်လောက် တည်ဆောက်ထားခဲ့တဲ့ High Tempo Pressing စတိုင်က ကြံရည်ကြိတ်ဖတ်လို ဖြစ်လာခဲ့တဲ့ ကွင်းလယ်လူတွေကြောင့် ပျက်စီးသွားခဲ့ရပြီဖြစ်ပြီး ကွင်းလယ်မှာ Tactical Foul လုပ်ဖို့ကလွဲလို့ ဘာမှ မတတ်ခဲ့သလို ဒါဝင် ဂျင်းတက်လို ကစားသမားမျိုးတွေကလည်း တိုက်စစ်ကို ဦးမဆောင်နိုင်ခဲ့ဘဲ ဘယ်နောက်ခံမှာ ဝင်ကစားတဲ့ ဆီမီကတ်စ်ကလည်း ငါးပါးမှောက်နေခဲ့ပါတယ်။

ပွဲအစပိုင်းမှာ အိမ်ရှင်တွေရဲ့ တိုက်စစ်ဆင်မှုကို ဧည့်သည်တွေ အသည်းအသန် ကာကွယ်နေခဲ့ရသလို ပွဲချိန် ၂၅ မိနစ်မှာ ထောင့်ကန်ဘောကနေ တစ်ဆင့် ရီးစ်ဂျိမ်းစ်က ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံဘော သတ်မှတ်ခံခဲ့ရလို့ လီဗာပူးလ်တို့ ကံကောင်းခဲ့ကြရပြီး ခံစစ်က ဖရိုဖရဲနဲ့ လက်ဆောင်ခဏခဏ ပေးနေမှုတွေကို ချဲလ်ဆီးတို့ အသုံးမချနိုင်ခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပျက်စရာပဲဖြစ်ခဲ့ရတာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းအစ သိပ်မကြာခင်မှာတော့ ချဲလ်ဆီးတို့ရဲ့ တန်ပြန်တိုက်စစ်ကနေ လီဗာပူးလ်ခံစစ်ဗဟိုက ဟောင်းလောင်းပေါက်ထဲကို ကွန်တေက ခင်းပေးရာမှာ အဆုံးသတ်မကောင်းတဲ့ ဟာဗတ်ဇ်ကြောင့် အယ်လစ်ဆန်နဲ့ထိပြီး ပြန်ထွက်အလာမှာ ဟာဗတ်ဇ်နဲ့ ထပ်ထိပြီး ဂိုးထဲ ဝင်သွားလို့ အိမ်ရှင်တွေ ပျော်ရပြီထင်ခဲ့ရပေမယ့် လက်ထိဘောဖြစ်နေခဲ့လို့ ရင်ခံသွားခဲ့ရပါတယ်။

ချဲလ်ဆီးတို့ဘက်က ကွန်တေ၊ ချေးလ်ဝဲလ်နဲ့ ဂျာအို ဖဲလစ္စတို့အစား ဂါလာဂါ၊ မူဒရစ်ခ်နဲ့ စတာလင်တို့ကို ယာယီနည်းပြ ဘရူနို ဆယ်လ်တာက ထည့်သွင်းခဲ့ပေမယ့် သိပ်တော့ ထူးလာခြင်း မရှိခဲ့သလို လီဗာပူးလ်တို့ဘက်က ဖာမီနို၊ ဆီမီကတ်စ်၊ ကားတစ်ဂျုံးစ်နဲ့ နူးညက်ဇ်တို့အစား ဆာလား၊ ရောဘတ်ဆန်၊ ဂက်ခ်ပိုနဲ့ မီလ်နာတို့ကို ကလော့ပ်က အပြောင်းအလဲလုပ်ခဲ့ပေမယ့် ဘာမှ ကွာခြားသွားခြင်း မရှိခဲ့တာပါ။

လီဗာပူးလ်ရဲ့ ဂက်ခ်ပိုကတော့ လုံးဝ Pressing မကစားတတ်ခဲ့တာ သိသာလွန်းနေပြီး ချဲလ်ဆီးခံစစ်ကို အေးဆေး ညိုကီတို့လို့ ပြောနေခဲ့သလို ပွဲထွက်ကစားထားတဲ့ ဂျိုတာကလည်း ကုန်သွားချိန်မှာ ဆာလားတစ်‌ယောက်တည်း ညာခြမ်းမှာ သနားစရာဖြစ်နေခဲ့တာကြောင့် တိုက်စစ်ကလည်း ဘာမှ မလုပ်နိုင်တော့ချိန်မှာ ချဲလ်ဆီးတို့ကလည်း အနိုင်ရဖို့ထက် မရှုံးဖို့ကိုပဲ ထိန်းကစားသွားခဲ့ကြပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘာစိတ်ဓာတ်နဲ့ ကွာလတီမှ မရှိတဲ့ အသင်းနှစ်သင်းရဲ့ ဂိုးမရှိသရေပွဲကိုပဲ တွေ့မြင်ခဲ့ကြရတာဖြစ်ပြီး နှစ်သင်းစလုံးအနေနဲ့ ဘာဥရောပပြိုင်ပွဲမှ ကစားဖို့ မထိုက်တန်ခဲ့ကြသလို ရပ်တည်မှုတွေအရလည်း အက်စ်တန်ဗီလာကတောင် အဆင့် ၇ နဲ့ သူတို့ကို ကျော်တက်သွားခဲ့ပြီဖြစ်လို့ ဘုရားစူး ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ ပြိုင်ဆိုင်မှုကတော့ ဟာသပဲဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.