Match Report Premier League

လက်စတာကို အနိုင်ယူပြီး တဖြည်းဖြည်းနဲ့ အဆင့် ၇ ရောက်လာတဲ့ အမ်မရီရဲ့ ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ ကွန်ဆာ၊ တိုင်ရုန်းမင်းစ်၊ အက်ရှ်လီယန်းနဲ့ အဲလက်စ် မိုရီနိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ မက်ဂင်း၊ ရမ်ဆေးနဲ့ ဘွင်ဒီယာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဝပ်ကင်းစ်နဲ့ ဘေလီတို့ တွဲပြီး ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် လက်စတာစီးတီးအသင်းကတော့ ဂိုးသမား အီဗာဆန်၊ ခံစစ်မှာ ဖာ့စ်၊ ဆောက်တာ၊ ကက်စတာညာနဲ့ ခရစ္စတီယန်ဆန်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ နမ်ပလီ မန်ဒီ၊ အန်ဒီဒီနဲ့ ဂျူးစ်ဘာရီ-ဟောလ်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ မက်ဒီဆန်၊ ဟာဗီဘန်းစ်နဲ့ ဗာဒီတို့ကို ကစားစေခဲ့တာပါ။

ကင်းပါဝါမှာ ဗီလာတို့ ဘောလုံးကိုင်ကစားနိုင်ခဲ့ကြပြီး ယာယီနည်းပြနဲ့ ပွဲထွက်လာတဲ့ လက်စတာတို့ကို ထိန်းချုပ်ကစားသွားနိုင်ခဲ့ကြသလို အိမ်ရှင်မြေခွေးတွေကတော့ ကွင်းလယ်မှာ ဖျက်အားသန် ကွင်းလယ်လူနှစ်ယောက်ဖြစ်တဲ့ မန်ဒီနဲ့ အန်ဒီဒီတို့ကို အကြောက်တရား ရှေ့ထားပြီး ပွဲထွက်စေခဲ့တာကလည်း အကြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ ဗီလာတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ Pressing ကို ဖောက်ထွက်လာတဲ့ ဘွင်ဒီယာက လက်စတာခံစစ်ကြားကနေ ခင်းပေးခဲ့ရာမှာ ဂိုးသွင်းစိပ်နေတဲ့ ဝပ်ကင်းစ်က ဘယ်လ်ဂျီယမ်သားနှစ်ဦးဖြစ်တဲ့ ဖာ့စ်နဲ့ ကက်စတာညာတို့ ဝိုင်းပိတ်နေတဲ့ ကြားထဲက အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား အီဗာဆန် မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ လက်စတာတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ နောက်ခံလူ ဖာ့စ်က ဘယ်တောင်ပံကို ကန်တင်ပေးရာမှာ ဟာဗီဘန်းစ်က တစ်ကိုယ်တော် ပြေးထွက်ရယူပြီး အက်ရှ်လီယန်းကို ကျော်ဖြတ်ပြီးမှ ဧရိယာထဲအရောက်မှာ ထောင့်ကျဉ်းအနေအထား ကနေ အနိမ့်ဘော ကန်သွင်းယူခဲ့ရာမှာ ဗီလာခံစစ်ရော ဂိုးသမားပါ ညံ့ဖျင်းခဲ့လို့ ဂိုးပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ကြပြီး ဒုတိယပိုင်း ဆက်ကစားရာမှာတော့ ဘောလုံးကိုင်ကစားနေခဲ့တဲ့ ဗီလာတို့ကို တိုက်ဖျက်ဖို့ ကြိုးစားရင်း ငါးမိနစ်အတွင်းမှာ အက်ရှ်လီယန်းကို နှစ်ကြိမ်ဖျက်ပြီး နှစ်ဝါထိခဲ့တဲ့ ကွင်းလယ်လူ ဂျူးစ်ဘာရီ-ဟောလ် အထုတ်ခံရတာကြောင့် လက်စတာတို့ ဆယ်ယောက်နဲ့ ကစားခဲ့ရတာပါ။

လက်စတာတို့ဘက်က ခြေစွမ်းမပြနိုင်တဲ့ ဗာဒီနဲ့ မက်ဒီဆန်တို့အစား ဒါကာနဲ့ ရီကာဒို ပါရဲရားတို့ကို ထည့်သွင်းသွားခဲ့ကြပြီး ဗီလာတို့ကတော့ ရမ်ဆေး၊ ဘေလီ၊ အက်ရှ်လီယန်းနဲ့ အဲလက်စ် မိုရီနိုတို့အစား ဒူရန်၊ ဘာထရန် ထရာအိုရေး၊ ချိမ်းဘားစ်နဲ့ ဒီညာတို့ကို အပြောင်းအလဲလုပ်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ ဗီလာတို့ အနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တစ်ယောက်သာနေတဲ့ ဧည့်သည်တွေရဲ့ တွဲလုံးကို ခံစစ်မှာ ဖျက်ဖို့ ကြိုးစားရင်း လူပေးမှားခဲ့တဲ့ လက်စတာကွင်းလယ်လူ အန်ဒီဒီကြောင့် ရသွားခဲ့တဲ့ ဘောလုံးကို ညာခြမ်းက ဘာထရန် ထရာအိုရေးက ရှေ့ထွက်နေတဲ့ ဂိုးသမား အီဗာဆန်ပေါ်ကနေ လျှပ်တစ်ပြက် ဝိုက်ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် နောက်ဆုံးမိနစ်မှာတော့ လက်စတာတို့ ပင်နယ်တီ ရခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဟာဗီဘန်းစ်ကို ပြစ်ဒဏ်ကျူးလွန်မိခဲ့တဲ့ ဝပ်ကင်းစ်ကို ဒါကာက တွန်းတိုက်ခဲ့တာဖြစ်လို့ ပြန်လည်ပယ်ဖျက်ခံခဲ့ရပြီး ဗီလာတို့ ကံကောင်းခဲ့သလို ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ အဝေးကွင်း နိုင်ပွဲဆက်ပြီး အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာအထိ တက်ရောက်လာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.