Match Report Premier League

မိုက်ကယ်ကီးန်ရဲ့ အခန်းစုံ သရုပ်ဆောင်မှုကြောင့် တစ်မှတ်စီ ခွဲယူခဲ့ရတဲ့ အဲဗာတန်နဲ့ စပါးစ်

တနင်္လာနေ့ည ဂွတ်ဒီဆန်ပါ့ခ်မှာ ကစားခဲ့ကြတဲ့ အဲဗာတန်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ ပွဲစဉ်ကတော့ အလှည့်အပြောင်းနဲ့ ဒရာမာတွေ များခဲ့ပြီး ခြေစွမ်းညံ့ချင် ညံ့မယ်၊ စိတ်ဓာတ်တော့ မညံ့ဘူးဆိုတဲ့ အိမ်ရှင်နောက်ခံလူ မိုက်ကယ်ကီးန်ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ပွဲပြီးခါနီးမှာ သရေ တစ်မှတ်စီ ခွဲယူခဲ့ကြရတာဖြစ်ပါတယ်။

အဲဗာတန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ မိုက်ကယ်ကီးန်၊ တာကော့ဗ်စကီး၊ ကိုးလ်မန်းနဲ့ ဂေါ့ဖရီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂါနာ ဂေးယီ၊ အိုနာနာနဲ့ ဒူကူရေးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အီဝိုဘီ၊ မက်နီးလ်နဲ့ ဂရေးတို့ကို ပွဲထုတ်လာခဲ့တာပါ။

ဧည့်သည် စပါးစ်တို့ကတော့ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ရိုမဲရိုး၊ ဒိုင်ယာနဲ့ လွန်ဂလေတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်၊ စကစ်ပ်၊ ပက်ဒရို ပေါ်ရိုနဲ့ ပါရီရှစ်ချ်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ကို ကစားစေခဲ့တာဖြစ်ပါတယ်။

အိမ်ကွင်းမှာ တန်းဆင်းအန္တရာယ်ရှိနေခဲ့တဲ့ ရှောင်ဒိုက်ချ်ရဲ့ လူတွေ တက်တက်ကြွကြွရုန်းခဲ့ကြပေမယ့် ဂရေးကို အထောင်ထားတဲ့ တိုက်စစ်က လောက်လောက်လားလားတော့ လုပ်မပြနိုင်ခဲ့သလို ကွန်တီကို ထုတ်ပယ်ထားပြီး လက်ထောက် စတယ်လီနီနဲ့ ရှေ့ဆက်နေခဲ့တဲ့ စပါးစ်တို့ကလည်း အရင် ပုံစံနဲ့ ဘာမှ ထူးမနေခဲ့တာကို တွေ့ခဲ့ရတာပါ။

ဒီပွဲမှာ စပါးစ်တို့ ဘောလုံးကိုင်ထားနိုင်ပေမယ့် ထိုးဖောက်ဂိုးသွင်းမှုနဲ့ ခြိမ်းခြောက်နိုင်စွမ်းတွေမှာ ရုန်းအားပိုရှိနေတဲ့ အဲဗာတန်တို့က သာလွန်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားရမယ့် မြောက်လန်ဒန်သားတွေကတော့ စိတ်အားထက်သန်မှုနဲ့ ဂိုးသွင်းယူနိုင်စွမ်းမှာတော့ အသင်းကြီး တစ်သင်းနဲ့ မတူအောင် အတော်လေး နိမ့်ကျနေခဲ့တာဖြစ်ပါတယ်။


ပထမပိုင်းမှာ နှစ်သင်းစလုံးရဲ့ ခံစစ်တွေက ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြတာကြောင့် ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၅၇ မိနစ်မှာတော့ ဘောလုံးမပါဘဲ တွန်းလားဆွဲလားလုပ်ခဲ့တဲ့ ဟာရီကိန်းရဲ့ မျက်နှာကို လက်နဲ့ ပြန်ရိုက်ပြီး တုံ့ပြန်ခဲ့တဲ့ အဲဗာတန်ရဲ့ ဒူကူရေး တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရသလို လူကြီးလူကောင်းမဆန်တဲ့ အင်္ဂလန်ကပ္ပတိန်ကတော့ ပွဲရှာမှုအတွက် အဝါကတ်သာ အပြခံခဲ့ရတာပါ။


ပွဲချိန် ၆၈ မိနစ်မှာတော့ တစ်ယောက်သာနေတဲ့ စပါးစ်တို့ ဦးဆောင်ဂိုး ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထဲမှာ ပြေးဝင်လာတဲ့ ရိုမဲရိုးကို ချိတ်လှဲသလိုဖြစ်ခဲ့တဲ့ အဲဗာတန်နောက်ခံလူ မိုက်ကယ်ကီးန်ရဲ့ အမှားကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဟာရီကိန်းက အင်္ဂလန်အသင်းဖော် ဂိုးသမား ပစ်ခ်ဖို့ဒ်ကို လှည့်စားပြီး ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဆယ်ယောက်ကျန် အဲဗာတန်တို့အနေနဲ့ ဂိုးပြန်ရဖို့ ဖိကစားခဲ့ပေမယ့် တိုက်စစ်က အလုပ်မဖြစ်ခဲ့တာကြောင့် နည်းပြ ရှောင်ဒိုက်ချ်က ကိုးလ်မန်း၊ ဂရေး၊ အိုနာနာနဲ့ ဂေးယီတို့အစား ဆင်းမ်စ်၊ မစ်ကိုလန်ကို၊ တွမ်ဒေးဗီးစ်နဲ့ ဂျိမ်းစ် ဂါနာတို့ကို ထည့်သွင်းခဲ့ပြီး စပါးစ်တို့ဘက်ကတော့ လွန်ဂလေနဲ့ ဆွန်ဟောင်မင်တို့အစား ဒေဗင်ဆင် ဆန်ချက်ဇ်နဲ့ လူးကပ်စ် မော်ရာတို့ကို ထည့်သွင်းသွားခဲ့တာပါ။

ပွဲရဲ့ အလှည့်အပြောင်းကတော့ ပွဲချိန် ၈၈ မိနစ်မှာ ဖြစ်ပေါ်လာခဲ့ပြီး အဲဗာတန်ခံစစ်က ဘောလုံးရယူပြီး ပြန်ပေးတဲ့ မိုက်ကယ်ကီးန်ကို တားဆီးဖို့ ကြိုးစားတဲ့ လူးကပ်စ် မော်ရာအနေနဲ့ ဘောလုံးမထိဘဲ ခြေထောက်ကို သိမ်းကန်ခဲ့သလိုဖြစ်သွားခဲ့တာကြောင့် ကွင်းထဲရောက်လို့ ၆ မိနစ်အကြာမှာပဲ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး ဆယ်ယောက်စီ ပြန်ဖြစ်သွားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ အဲဗာတန်တို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂေါ့ဖရီ ပေးတဲ့ ဘောလုံးကို ဆွဲတက်လာခဲ့တဲ့ နောက်ခံလူ မိုက်ကယ်ကီးန်က သူ့ကို တားဆီးမယ့်သူ မရှိတာကို အခွင့်ကောင်းယူပြီး ဧရိယာထိပ်ကနေ လှမ်းကန်သွင်းခဲ့ရာမှာ ဘောလုံးက ညာဘက်တိုင်ဘေးကို ဝေ့ဝိုက်ပြီး ဝင်သွားခဲ့လို့ ကြောင်ကြည့်နေတဲ့ ဂိုးသမား လိုရစ် မကာကွယ်နိုင်ခဲ့ဘဲ ဖြစ်ခဲ့ရတာပါ။

ပင်နယ်တီ လက်ဆောင်ပေး၊ မော်ရာကို အထုတ်ခံရအောင် လုပ်နိုင်၊ ချေပဂိုးပါ ပြန်သွင်းယူခဲ့တဲ့ မိုက်ကယ်ကီးန်ကတော့ ဒီနေ့ပွဲစဉ်ရဲ့ အထူးခြားဆုံး ကစားသမားလည်းဖြစ်ခဲ့ပြီး ဘန်လေမှာ ရှောင်ဒိုက်ချ်နဲ့ တွဲခဲ့တဲ့ တပည့်ဟောင်းအနေနဲ့ ကစားပုံ ညံ့ချင်သာ ညံ့မယ်၊ စိတ်ဓာတ် မညံ့ဘူးဆိုတာကို ပြသနိုင်ခဲ့သလို ပွဲချိန်အပြည့်မှာတော့ တစ်ဂိုးစီသရေနဲ့ပဲ အမှတ်ခွဲယူခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် နောက်ဆုံးလေးပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ အဲဗာတန်တို့အနေနဲ့ အဆင့် ၁၈ ကနေ အဆင့် ၁၅ ကို တက်ရောက်လာနိုင်ခဲ့ကြချိန်မှာ စပါးစ်တို့ကတော့ ချန်ပီယံလိဂ်ကစားနိုင်တဲ့ အရည်အချင်းနဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားခြင်း မရှိခဲ့ဘဲ အဆင့် ၄ က မန်ယူရဲ့ နေရာကို ပြန်ယူနိုင်ခဲ့ပေမယ့် လာမယ့်ပွဲတွေမှာ လက်ထဲ ပွဲကျန်ရှိသေးတဲ့ မန်ယူ၊ ဘရိုက်တန်နဲ့ လီဗာပူးလ်တို့ရဲ့ နေရာလုယူခြင်းကို ခံလာရနိုင်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.