Ligue1 Match Report

လီယွန်ကို ဂိုးမသွင်းနိုင်လို့ ဒူးထောက်ခဲ့ရပြီး အိမ်ကွင်းနှစ်ပွဲဆက်တိုက်ရှုံးတဲ့ PSG

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ တော်တော်လေး လူပြန်စုံခဲ့တယ်လို့ ဆိုရမှာဖြစ်ပေမယ့် လိုအပ်နေတဲ့ နိုင်ပွဲကိုတော့ ရှာဖွေနိုင်စွမ်း မရှိဘဲ အကြံတုံး ဉာဏ်တုံး ၃-၅-၂ နည်းပြ ခရစ္စတို့ဖ် ဂယ်လ်တီယေးရဲ့ ဘာမှ မလုပ်တတ်မှုတွေနဲ့ပဲ ဧည့်သည် လီယွန်တို့ကို ဒူးထောက်ခဲ့ရသလို အိမ်ကွင်းနှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဗဟိုခံစစ်သမားတွေ နည်းပါးနေချိန်မှာ အသင်းနဲ့ သင့်တော်တဲ့ ၄-၃-၃ ကို သုံးစွဲရမယ့်အစား ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ မားကင်ညို့စ်၊ ဒါနီလို ပါရဲရားနဲ့ ဘစ်ရှီယာဘူးတို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာလည်း ရီနာတို ဆန်ချက်စ်၊ ဗီတင်ညာနဲ့ ဗာရက်တီတို့ကို တောင်ပံက ဟာကီမီနဲ့ နူနို မန်ဒက်စ်တို့နဲ့ တွဲဖက်ခင်းကျင်းခဲ့တာက အင်အားနဲ့ စွမ်းရည်ကို ဖြုန်းတီးတာပဲဖြစ်ခဲ့သလို ရှေ့မှာလည်း မက်ဆီ၊ အမ်ဘာပေကိုပဲ မရိုးဘဲ သုံးခဲ့တာပါ။

ဧည့်သည်တွေ လီယွန်တို့ကတော့ သူတို့ရဲ့ ပုံမှန်ကစားကွက်ဖြစ်တဲ့ ဂိုးသမား လိုပက်စ်၊ ခံစစ်မှာ လိုဗရန်၊ ဒီယိုမွန်ဒေနဲ့ လူကာဘာတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ လူပီနွန်၊ သီယာဂို မန်ဒက်စ်၊ ကွမ်ဘီဒီနဲ့ တာဂလီယာဖီကိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ လာကာဇက်နဲ့ ဆားရ်တို့နောက်က ရှယ်ကီကို လိုက်ပါကစားစေခဲ့တာဖြစ်ပါတယ်။

ပွဲစပြီး သုံးမိနစ်မှာ အမ်ဘာပေရဲ့ လှပတဲ့ ဖန်တီးမှုကို ဗီတင်ညာက ဖြုန်းတီးပစ်ခဲ့သလို ဥက္ကဌကြီးအနေနဲ့ တစ်ပွဲလုံး ရုန်းခဲ့ပေမယ့် အဆုံးသတ် အခိုက်အတန့်တွေမှာ လီယွန်တို့ရဲ့ စုဖွဲ့ပိတ်ဆို့မှုကိုပဲ ရင်ဆိုင်နေခဲ့ရပြီး အိမ်ရှင်တို့ရဲ့ ဘောလုံးကိုင်ကစားတဲ့ အကွက်ကို ဧည့်သည်တွေက ကောင်တာတွေနဲ့ ဖြိုချပစ်ဖို့ ကြိုးစားနေခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာ လာကာဇက်ရဲ့ ခြေထောက်ကို ဆွဲမိတဲ့ ဒွန်နာရမ်မာ အဝါကတ်ပြခံခဲ့ရသလို ပင်နယ်တီပါ ပေးခဲ့ရပေမယ့် လီယွန်ကပ္ပတိန် လာကာဇက်ရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့သလို နောက်က ပြေးဝင်လာတဲ့ တာဂလီယာဖီကိုကလည်း ပွဲကြည့်စင်ပေါ်ကိုပဲ ကန်ထုတ်မိခဲ့လို့ ပီအက်စ်ဂျီတို့ သက်သာခဲ့ရပြီး စိတ်ပျက်စရာ တိုက်စစ်ကတော့ စည်းလုံးမှုလည်း မရှိသလို ဂိုးလည်း မသွင်းတတ်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ပီအက်စ်ဂျီနဲ့ လီယွန်တို့ ဂိုးမရှိသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း အိမ်ရှင်တွေ ဖိကစားနေခဲ့ကြပေမယ့် တိုက်စစ်ဆင်မှုတွေမှာ ဉာဏ်ကို လွှာမသုံးဘဲ အတုံးလိုက်အတစ်လိုက် သုံးနေကြတဲ့ ကွင်းလယ်ကြောင့် ဧည့်သည်တွေရဲ့ လျင်မြန်တဲ့ လူငယ်တွေရဲ့ ကောင်တာတွေကို မကြာခဏ ခံစားခဲ့ရတာပါ။

ပွဲချိန် ၅၆ မိနစ်မှာတော့ လီယွန်တို့က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ သီယာဂို မန်ဒက်စ်က ညာခြမ်းကို တင်ပေးလိုက်တဲ့ ဘောလုံးကို နောက်ခံလူ ကွမ်ဘီဒီက ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ဘယ်တောင်ပံက ဘာကိုလာက ချိုးကန်သွင်းနိုင်ခဲ့လို့ ဟန်ချက်ပျက်နေတဲ့ ဒွန်နာရမ်မာ ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရတဲ့ ပီအက်စ်ဂျီတို့အနေနဲ့ ဘစ်ရှီယာဘူး၊ ဗာရက်တီ၊ ရီနာတို ဆန်ချက်စ်နဲ့ ဗီတင်ညာတို့အစား ဖာဘီယန် ရူးဝီးဇ်၊ အီကီတီကီ၊ ဇိုင်ယာ-အမ်မရီနဲ့ အစ္စမေးလ် ဂါဘီတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် လီယွန်တို့ကလည်း ကစားအားကို ထိန်းသိမ်းဖို့ ကွမ်ဘီဒီ၊ လူပီနွန်၊ ရှယ်ကီနဲ့ လာကာဇက်တို့အစား ကက်ကာရေး၊ တိုလစ်ဆို၊ အောဝါနဲ့ ဒမ်ဘီလီတို့ကို ထည့်သွင်းပြီး ပြောင်းလဲသွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာ မက်ဆီတို့အဖွဲ့ ညှစ်ရုန်းခဲ့ကြပေမယ့် ဟင်ဟာတောက်ကျွတ်အဆင့်ထက်တော့ ပိုမလာခဲ့ဘဲ လီယွန်ခံစစ်ကို မကျော်နိုင်ခဲ့ကြလို့ ပွဲချိန်အပြည့်မှာ ပီအက်စ်ဂျီတို့ တစ်ဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့ရပြီး အိမ်ကွင်းနှစ်ပွဲဆက် အရှုံးနဲ့ ခါးသီးခဲ့သလို နောက်က လိုက်လာတဲ့ လွန်းစ်၊ မာဆေးလ်တို့နဲ့ ၆ မှတ်သာ ကွာဟတဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.