Analysis Match Report Premier League

ကတုံးပြောင် ဆိုးလ်ရှား၊ ဖိနပ်ကိုင် ရက်ရှ်ဖို့ဒ်နဲ့ ငှက်ကျား 2-0 သရဲနီပွဲက မှတ်မှတ်ရရများ

ကတုံးပြောင် ဆိုးလ်ရှား
အဲရစ် တန်ဟတ်ရဲ့ မန်ယူကို အသွင်ပြောင်းရေး လုပ်ငန်းစဉ်ကတော့ ၂၀၂၃ ထဲမှာ တော်တော်လေး ရပ်တန့်ခဲ့ရပြီး ဒီနေ့မှာတော့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကျဆုံးရမလိုပါဖြစ်ခဲ့ပါတယ်။ အဲရစ်ဆန် ယူဆောင်လာပေးတဲ့ ကွင်းလယ်က ချောမွေ့မှုက သူ့ရဲ့ ဒဏ်ရာနဲ့အတူ ပျောက်ဆုံးသွားခဲ့ရသလို ကာစီမီရို ပေးတဲ့ မာကျောမှုကလည်း အနီကတ်တွေနဲ့ ပြန်မရနိုင်သေးတာပါ။ မက်တော်မီနေးနဲ့ ဆာဘစ်ဇာတို့ရဲ့ ကွင်းလယ်ကတော့ အသင်းကို ဆိုးလ်ရှားလက်ထက်ကို ပြန်ရောက်သွားစေခဲ့တာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ မန်ယူကို ကိုင်တွယ်နေတာ ကတုံးရိတ်ထားတဲ့ ဆိုးလ်ရှားလားလို့ တအံ့တဩ တွေးခဲ့ရတာလည်း ဖြစ်ပါတယ်။

ဖိနပ်ကိုင် ရက်ရှ်ဖို့ဒ်
ပုံထဲက ရက်ရှ်ဖို့ဒ်ကတော့ ဘယ်သူ့ကို ဖိနပ်နဲ့ ပေါက်မလို့လဲ မပြောတတ်ပါဘူး။ ဒါပေမယ့် ဒီနေ့ပွဲမှာ သူ့အနေနဲ့ မကျေမနပ်ဖြစ်စရာက သူ့ရဲ့ အဓိက ရင်ဆိုင်ဘက် နယူးကာဆယ်လ်နောက်ခံလူတွေထက် အသင်းဖော်တွေကို ပိုခဲ့မှာလည်းဖြစ်ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ သူ့အနေနဲ့ ပင်နယ်တီ ရသင့်တယ်လို့ ရက်ရှ်ဖို့ဒ်က ထင်မြင်ခဲ့ပေမယ့် ဒိုင်လူကြီးကတော့ မသိချင်ယောင်ဆောင်သွားခဲ့တာပါ။ ဒီနေ့ပွဲမှာ နယူးကာဆယ်လ်ခံစစ်ကလည်း အမိုက်စား ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာတော့ ဖိနပ်ကိုင်ထားတဲ့ ပရဟိတ မင်းသားလေးရဲ့ ပုံစံကပဲ လူသိများသွားခဲ့တာဖြစ်ပါတယ်။

အန်တိုနီထက်တော့ သာသေးတဲ့ ဝီလော့ခ်
နယူးကာဆယ်လ်ရဲ့ အဖွင့်ဂိုးရှင် ဝီလော့ခ်ကတော့ ဖြုန်းတီးမှုတွေ များခဲ့ပေမယ့် မန်ယူရဲ့ အန်တိုနီလို မဟုတ်ဘဲ အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို အချိန်ကိုက် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဂန်းနားလူငယ်ဟောင်း ငှက်ကျားကွင်းလယ်လူအနေနဲ့ ကန်ချက်တွေက အလေအလွင့်တွေ များနေခဲ့သလို အီဆက်ခ်ရဲ့ ခေါင်းတိုက်ချက်က ပြန်ကျလာတဲ့ ဘောလုံးကို ဒဟေးယား တည့်တည့် ကန်ခဲ့လို့ ပွဲချိန် ၁၆ မိနစ်မှာကတည်းက ဂိုးရဖို့ကို လက်လွှတ်ခဲ့ရပေမယ့် ပွဲချိန် ၆၅ မိနစ်မှာတော့ အနီးကပ် ခေါင်းတိုက်ချက်နဲ့ မန်ယူခံစစ်ကို ငုတ်တုတ်မေ့စေခဲ့ချိန်မှာ အန်တိုနီကတော့ ဘယ်ခြေတစ်ပေါက် ဂေါက်တောက်တောက်နဲ့ လျှောက်ကန်နေခဲ့လို့ စောစောစီးစီးပဲ လူစားလဲခဲ့ရတာပါ။

ဖျက်အားမရှိတဲ့ မန်ယူခံစစ်
ဒီနေ့ပွဲမှာ တွေ့ခဲ့ရတဲ့ မန်ယူတို့ရဲ့ ပုံစံကတော့ အာဆင်နယ်၊ မန်စီးတီးတို့နဲ့ တွေ့တုန်းကသာ ခုလိုဖြစ်နေခဲ့ရင် ဒူးနဲ့ မျက်ရည်သုတ်သွားရဖို့ ရှိနေခဲ့တာဖြစ်ပါတယ်။ ဗဟိုခံစစ်မှူးနှစ်ဦးဖြစ်တဲ့ ဗာရွန်းနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့နှစ်ဦးအနေနဲ့ ဘယ်နိုင်ငံတကာပွဲမှ ကစားထားခြင်း မရှိပေမယ့် ပင်ပန်းနေတဲ့ ပုံစံနဲ့ ခြေလေးနေခဲ့တာဖြစ်ပြီး ရှင်းထုတ်ရမယ့် ဘောလုံးတွေကို အကြိမ်ကြိမ် လွဲချော်နေခဲ့သလို ဂိုးသမား ဒဟေးယားသာ မကယ်ခဲ့ရင် စောစောစီးစီးပဲ ဂိုးပြတ်သွားနိုင်ခဲ့တာပါ။ တန်ဟတ်အနေနဲ့ သူ့ရဲ့ ဗဟိုခံစစ်အတွဲကို ဒုတိယပိုင်းမှာ လူစားလဲခဲ့ရပြီး ဒီပုံစံနဲ့တော့ ဒုက္ခပေးနေကျ ဘရန့်ဖို့ဒ်နဲ့ ကြားရက်မှာ ဘာဇာတ်ကဦးမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

ချန်ပီယံလိဂ်က ကိုယ့်ထက်ထဲမှာဆိုတဲ့ နယူးကာဆယ်လ်
နယူးကာဆယ်လ်တို့အနေနဲ့ အဆင့် ၄ ကိုသာ မျှော်လင့်ခဲ့တာဖြစ်ပေမယ့် မန်ယူကို အိမ်ကွင်းမှာ ဝုန်းလိုက်နိုင်တာက အမှတ်တူသွားစေခဲ့ပြီး တစ်ဖက်အသင်းရဲ့ မူးရင်ရှူဖို့ လေးဂိုးအပေါင်းလေး မနည်းချန်ထားရမှုကို ပိုမိုများပြားတဲ့ အပေါင်း ၂၂ ဂိုးနဲ့အတူ ကျော်ဖြတ်ပြီး တတိယနေရာကို အော်တို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ အဓိက ပြိုင်ဘက်တစ်သင်းကို အနိုင်ယူပြီးခဲ့ချိန်မှာ ရပ်တည်မှုကို ခြိမ်းခြောက်နိုင်တဲ့ စပါးစ်၊ ဘရိုက်တန်နဲ့ လီဗာပူးလ်တို့လို အသင်းတွေကတော့ ငှက်ကျားတွေလောက် အခြေခိုင်တဲ့ အဆင့်မှာ ရှိမနေခဲ့ဘဲ တိုင်ပတ်နေကြချိန်မှာ နည်းပြ အက်ဒီဟောင်းအဖို့တော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ကစားခွင့်ကို လက်ထဲကနေ လွှင့်မပစ်ဖို့ပဲ လိုတော့တယ်လို့ ဆိုရပါလိမ့်မယ်။

ခံစစ်တစ်ပေါက်နဲ့ လုပ်စားနေတဲ့ ငှက်ကျားများ
ဒီနေ့ပွဲမှာ နယူးကာဆယ်လ်တို့ရဲ့ အထိုင်ခံစစ်သုံးဦးလို့ ဆိုရမယ့် ဒန်ဘန်း၊ ရှားနဲ့ ဘော့တ်မန်တို့က မန်ယူတို့ရဲ့ ဗက်ဂ်ဟော့စ်၊ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကို ရေပက်မဝင်အောင် ထိန်းချုပ်ထားနိုင်ခဲ့ပြီး အန်တိုနီရဲ့ တောင်ကန်မြောက်ကန်မှုတွေကို ထည့်သွင်းရေတွက်ရင်တောင် စုစုပေါင်း ၆ ကြိမ်ပဲ ကန်ခွင့်ပေးခဲ့ရတာဖြစ်သလို ဂိုးပေါက်ကို တစ်ကြိမ်သာ တည့်အောင် ပိတ်ဆို့ထားနိုင်ခဲ့တာပါ။ ငှက်ကျားတွေအနေနဲ့ ကစားပြီးသမျှ ၂၇ ပွဲမှာ ၁၉ ဂိုးသာ ပေးထားခဲ့ရပြီး တစ်ပွဲပျှမ်းမျှ တစ်ဂိုးနီးပါး ပေးနေရတဲ့ အာဆင်နယ်၊ မန်စီးတီးတို့ထက် သိသိသာသာကြီး ကောင်းမွန်နေခဲ့သလို ဒီခံစစ်တွေနဲ့ အနည်းဆုံး သရေတစ်မှတ်တော့ ယူနိုင်စွမ်းရှိနေတာကြောင့် မနိုင်ရင်တောင် ရှုံးဖို့က သိပ်မရှိခဲ့ဘဲ ၁၃ ပွဲနိုင် ၃ ပွဲရှုံးအပြီးမှာ ၁၁ ပွဲ သရေကျထားခဲ့တာဖြစ်ပါတယ်။ အက်ဒီဟောင်းရဲ့ ခံစစ်ကောင်းမွန်မှုတွေက သူတို့ကို အဆင့် ၄ ထဲမှာ အဆုံးသတ်စေနိုင်ဖို့ အခြေအနေကောင်းစေပြီး အဝေးကွင်းရလဒ် နိမ့်ပါးနေတာကိုသာ ပြင်ဆင်နိုင်ခဲ့ရင် မန်ယူတို့ ပြန်လိုက်မမီအောင် ထိန်းသိမ်းသွားနိုင်ဖို့ ရှိနိုင်ပါတယ်။

အမှားခံလို့ မရတော့တဲ့ မန်ယူ
ရာသီတစ်ဝက်လောက်မှာတော့ ဖလားလေးလုံးယူပြီး အာဆင်နယ်ကိုရော မန်စီးတီးကိုပါ ကျော်တက်မယ်လို့ ပြောနေခဲ့တဲ့ စကားတွေက အကောင်းမြင်လွန်းမှုနဲ့ လေလုံးသက်သက်သာဖြစ်ကြောင်း လက်တွေ့ခံစားသွားခဲ့ရအပြီးမှာ သူတို့တွေအနေနဲ့ လာမယ့်ပွဲတွေမှာ အမှားခံနိုင်ဖို့ Error Margin က တော်တော်လေး နည်းသွားခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ လက်ကျန်ပွဲတွေမှာ ဒုက္ခပေးနေကျ ဘရန့်ဖို့ဒ်၊ ချဲလ်ဆီး၊ စပါးစ်၊ ဘရိုက်တန်တို့နဲ့ ကစားဖို့ ကျန်ရှိနေသေးပြီး တန်းဆင်းဇုန်ရုန်းမယ့် အသင်းတွေနဲ့လည်း တွေ့ဆုံရဦးမှာဖြစ်လို့ တန်ဟတ်တို့အဖွဲ့တွေ ခါးတောင်မြှောင်အောင်ကျိုက်ထားပြီးမှ အမှတ် မလျော့အောင် ကစားကြရဖို့ပဲ ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.