Match Report Premier League

စိန့်ဂျိမ်းစ်ပါ့ခ်မှာ သရဲလေးတွေ အစားခံလိုက်ရပြီး အဆင့် ၃ ကို ပြန်သိမ်းတဲ့ ငှက်ကျား

နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ဖာဘီယန် ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ ဝီလော့ခ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မာဖီ၊ စန်မက်ဇီမန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် မန်ချက်စတာယူနိုက်တက်တို့ကတော့ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဒါလော့နဲ့ လုခ်ရှောတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ ဆာဘစ်ဇာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဗက်ဂ်ဟော့စ်တို့ကိုပဲ အပြောင်းအလဲမရှိ ရွေးချယ်ခဲ့ရတာပါ။

တန်ဟတ်ရောက်လာပေမယ့်လည်း အမြဲတမ်း Passive ဖြစ်တဲ့ ကစားပုံနဲ့ နည်းပြအဆက်ဆက် အသားကျနေမှုကို ပြောင်းလဲနေခဲ့ရပြီး အလုံးစုံ မအောင်မြင်နိုင်သေးတာက မန်ယူတို့အတွက် ဘောလုံးကိုင်ကစားတဲ့ အသင်းတွေနဲ့တွေ့ရင် ငါတို့က အသင်းကြီးဆိုတာ ပြသနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေခဲ့သလို နယူးကာဆယ်လ်နဲ့ အတွေ့မှာလည်း အောက်ကနေပဲ ကစားနေခဲ့ရပါတယ်။

ပွဲစကတည်းက နယူးကာဆယ်လ်တို့ ဖိကစားနေခဲ့သလို ဆာဘစ်ဇာနဲ့ မက်တော်မီနေးတို့ အတွဲမညီမှုက မန်ယူဘက်ကို ပြဿနာများစေခဲ့ပြီး ပွဲချိန် ၁၆ မိနစ်မှာ အီဆက်ခ်ရဲ့ ခေါင်းတိုက်ချက်နဲ့ ဝီလော့ခ်ရဲ့ အနီးကပ်ကန်ချက်ကို ဒဟေးယားက ဆက်တိုက်ကာကွယ်သွားနိုင်ခဲ့လို့ စောစောစီးစီး ဂိုးမပေးခဲ့ရတာဖြစ်သလို ဧည့်သည်တွေအနေနဲ့ တောင်ပံခံစစ်တွေမှာလည်း ပေါ့လျော့မှု များလွန်းလို့ မြင်မကောင်း ရှုမကောင်း ခြိမ်းခြောက်ခံခဲ့ရတာပါ။

ဗာရွန်းရော မာတီနက်ဇ်ပါ ဒီနေ့မှာ ဖျက်အားမရှိဘဲဖြစ်နေခဲ့ကြပြီး နယူးကာဆယ်လ်တို့ အဆုံးသတ် မသေချာခဲ့လို့သာ ဂိုးတွေနဲ့ ဝေးခဲ့ရသလို မန်ယူတို့အနေနဲ့တော့ ကောင်တာတစ်ပေါက်နဲ့ အသင်းကြီးလုပ်ချင်လို့ မရသေးဘူးဆိုတာ လက်တွေ့ သဘောပေါက်ခဲ့ရသလို အိမ်ရှင်တွေအနေနဲ့ ပထမပိုင်းမှာ အပိုင်အခွင့်အရေး ငါးကြိမ်ထက်မနည်း ဖြုန်းတီးခဲ့လို့သာ ဂိုးမရှိသရေကျနေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း တန်ဟတ်အနေနဲ့ သူ့အသင်းကို ဘာမှ မပြင်ဆင်နိုင်ခဲ့သလို အန်တိုနီကတော့ ဝေဖန်သူတွေ ပြောလဲပြောချင်စရာအဖြစ် ဘယ်ခြေတစ်ပေါက်နဲ့ ဟိုမရောက် ဒီမရောက်တွေပဲ လျှောက်ကန်နေခဲ့လို့ ပွဲချိန် ၆၂ မိနစ်မှာ သူနဲ့ ဗက်ဂ်ဟော့စ်တို့ကို ဆန်ချို၊ မာစီယယ်လ်တို့နဲ့ လူစားလဲခဲ့ရတာပါ။

ပွဲချိန် ၆၅ မိနစ်မှာ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး ရခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘရူနို ဂီမာရိုင်းစ်ရဲ့ ဖြတ်တင်ဘောက အဝေးတိုင်ဘက်ကို ကျလာရာမှာ စန်မက်ဇီမန်က ဂိုးရှေ့ကို ခေါင်းပြန်တိုက်ချပေးတဲ့‌ ဘောလုံးကို ဝီလော့ခ်က မန်ယူနောက်ခံလူတွေနဲ့ ဂိုးသမား ဒဟေးယားတို့ကြားကနေ အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဂိုးရအပြီးမှာတော့ နယူးကာဆယ်လ်တို့ဘက်က ကစားအားကို ထိန်းသိမ်းဖို့ လွဲချော်မှုတွေ များနေတဲ့ စန်မက်ဇီမန်နဲ့ မာဖီတို့အစား Pressing နဲ့ လိုက်အားပိုကောင်းသူတွေဖြစ်ကြတဲ့ ဂျိုလင်တန်နဲ့ ဂေါ်ဒန်တို့ကို ထည့်သွင်းသွားခဲ့သလို ထောင့်ကန်ဘောကနေ ဂျိုလင်တန်ရဲ့ ခေါင်းတိုက်ချက်ကို ဒဟေးယား ပုတ်ထုတ်ခဲ့ရပြီး ပြန်ထွက်လာတာကို ရှားက ခေါင်းတိုက်သွင်းရာမှာလည်း မာစီယယ်လ်က ဂိုးစည်းပေါ်က ပိတ်ဆို့ခဲ့ရတာပါ။

ဝီလော့ခ်သာ တောက်လျှောက်ဖြုန်းမနေခဲ့ရင် နယူးကာဆယ်လ်တို့အနေနဲ့ ဒီထက်ပိုပြီး ဂိုးရနိုင်ခဲ့မှာဖြစ်ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ လိုအပ်ချက်တွေ များနေတဲ့ တိုက်စစ်ကို ထိန်းသိမ်းဖို့ နည်းပြ အက်ဒီဟောင်းအနေနဲ့ အီဆက်ခ်နဲ့ ဝီလော့ခ်အစား ဝီလ်ဆန်နဲ့ အန်ဒါဆန်တို့ကို ထည့်ခဲ့ပြီး မန်ယူတို့ကတော့ မက်တော်မီနေး၊ ဗာရွန်းနဲ့ မာတီနက်ဇ်တို့အစား ဖရက်ဒ်၊ လင်ဒီလော့ဖ်နဲ့ ပယ်လစ္စထရီတို့ကို ထည့်သွင်းသွားခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ငှက်ကျားတွေပဲ သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ လောင်းစတပ်ဖ်ကြောင့် ရတဲ့ ဖရီးကစ်ကို ထရစ်ပီယာ ကန်တင်ပေးရာမှာ လူစားဝင်တိုက်စစ်မှူး ဝီလ်ဆန်က မန်ယူခံစစ်ကြားကနေ ခေါင်းတိုက်သွင်းခဲ့ရာမှာ ဘယ်ဘက်တိုင်ခြေကို ဝင်သွားခဲ့လို့ ဒဟေးယား ငုတ်တုတ်မေ့ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ နယူးကာဆယ်လ်တို့က မန်ယူတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး ဂိုးကွာခြားချက် လေးဂိုးဆိုတာ အသင်းကြီးတွေနဲ့ ရည်မှန်းချက်မြင့်မားတဲ့ အသင်းတွေဆီမှာ ရှိနေရမယ့် ရလဒ်မျိုး မဟုတ်လို့ ပိုပြီး ကြိုးစားဖို့လိုကြောင်း သင်ခန်းစာ ပေးသွားခဲ့သလို ချန်ပီယံလိဂ်ကစားခွင့် စိတ်ချရဖို့ အဆင့် ၃ ကိုပါ သိမ်းပိုက်လိုက်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.