La Liga Match Report

အဲလ်ချီကို အနိုင်ယူပြီး လာလီဂါချန်ပီယံဆုအတွက် ရီးရဲလ်ကို ၁၅ မှတ်ဖြတ်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ကွန်ဒီ၊ အာရူဟို၊ မားကို့စ် အလွန်ဆိုနဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အဲရစ် ဂါစီယာ၊ ဂါဗီနဲ့ ဆာဂျီ ရော်ဘတ်တိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဖယ်ရန် တောရက်စ်၊ အန်ဆူ ဖာတီနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အဲလ်ချီအသင်းကတော့ ဂိုးသမား ဘာဒီယာ၊ ခံစစ်မှာ ဘီဂက်စ်၊ မက်စ်ကာရဲလ်၊ ပါလာစီယို့စ်နဲ့ ကလာ့စ်တို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဂမ်ဘာအူး၊ ကာမိုနာ၊ ဖီဒယ်လ်၊ တီတီ မိုရန်တေးနဲ့ ဘလန်ကိုတို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ပီရီ မီးလားတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ဘာစီလိုနာတို့ ထုံးစံအတိုင်းပဲ ပွဲကို စိုးမိုးဖို့ ကြိုးစားလာခဲ့သလို ကျောနံပါတ် ၃၀ ပြန်ဖြစ်သွားတဲ့ ဂါဗီကို၊ ဆာဂျီ ရော်ဘတ်တို၊ အဲရစ် ဂါစီယာတို့နဲ့ တွဲပေးပြီး ကွင်းလယ်ကစားကွက် စမ်းသပ်ခဲ့ပြီး အဓိက တောင်ပံသမားတွေကိုလည်း ပွဲပယ်၊ ဒဏ်ရာတွေကြောင့် အနားပေးထားခဲ့ရလို့ ဖန်တီးမှုပိုင်းမှာ အနည်းငယ်တော့ လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာ ဘာဆာတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂျော်ဒီ အယ်လ်ဘာရဲ့ ဖရီးကစ်ကနေ ဂိုးရှေ့ကို ကန်တင်ပေးရာမှာ နောက်ခံလူ အာရူဟိုက ခေါင်းတိုက်ချပေးခဲ့တဲ့ ဘောလုံးကို လီဗန်ဒေါ့ဗ်စကီးက အဲလ်ချီခံစစ်ကြားကနေ တစ်ချက်ထိန်းပြီး ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘာဒီယာ အငိုက်မိသွားခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဧည့်သည်တွေ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ်မှာတော့ ဘာစီလိုနာတို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဖယ်ရန် တောရက်စ် ခင်းပေးလိုက်တာကို အန်ဆူ ဖာတီက ညာခြမ်းကနေ တောက်လျှောက်ဆွဲပြေးပြီး ဧရိယာထိပ်ကနေ ပေးမလိုလိုနဲ့ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဘယ်ဘက် တိုင်ခြေကို ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာ ဧည့်သည် ဘာစီလိုနာတို့ပဲ အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူခဲ့ကြသလို ဒီဂိုးကိုတော့ အဲလ်ချီ ကွင်းလယ်က လူပေးဖို့ ကြိုးစားတုန်း ဘောလုံးပျက်အောင် နောက်ကနေ ဖိအားပေးနိုင်ခဲ့တဲ့ ဂါဗီကြောင့် လွတ်ထွက်သွားတဲ့ ဘောလုံးကို လီဗန်ဒေါ့ဗ်စကီးက တစ်ချက် ထိန်းပြီး ဂိုးသမားကို ဟန်ချက်ပျက်အောင် လှည့်စားကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ ကာတာလန်သားတွေပဲ ပွဲသိမ်း စတုတ္ထဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ လီဗန်ဒေါ့ဗ်စကီး ကန်တင်ပေးတာကို ညာခြမ်းက ရသွားတဲ့ ဖယ်ရန် တောရက်စ်က အလယ်ကို ဆွဲဝင်ပြီးမှ လူပေးမယ် မှတ်ပြီး စောင့်စောင့်နေတဲ့ အဲလ်ချီခံစစ်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဧရိယာအစပ်ကနေ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဘာစီလိုနာတို့ဘက်က ဂါဗီ၊ အာရူဟိုနဲ့ အန်ဆူ ဖာတီတို့အစား ကက်ဆီယေး၊ ပါဘလို တော်ရီနဲ့ အဲလိစ် ဂါရီဒိုတို့ကို ထည့်သွင်းသွားခဲ့ကြပြီး အဲလ်ချီတို့ကို ဂိုးပြန်မပေးရအောင် Clean Sheet ရလဒ်ကိုပါ ထိန်းသိမ်းသွားခဲ့သလို ပွဲချိန်အပြည့်မှာ လေးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် ဘာစီလိုနာတို့အနေနဲ့ ရီးရဲလ်မက်ဒရစ်တို့ မကစားခင်မှာ ၂၇ ပွဲကစား ရမှတ် ၇၁ မှတ်နဲ့ လာလီဂါ ချန်ပီယံဆုကို တစ်ကျော့ပြန် သိမ်းပိုက်ဖို့ ၁၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့သလို နောက်ဆုံး ပွဲသိမ်းပန်းဝင်ချိန်မှာ ဒီပမာဏအထိ တိုးမြှင့်ထားနိုင်ခဲ့တာကတော့ ကာတာလန်သားတွေအနေနဲ့ ဆုဖလားကို လက်တစ်ဖက်ကိုင်ထားနိုင်ခဲ့တာလည်းဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.