Analysis Match Report Premier League

ဂျေဆူးစ်ရဲ့ ဂိုးပေါက်ပြန်တွေ့မှုနဲ့ အာဆင်နယ် 4-1 လိဒ်စ်ပွဲက မှတ်မှတ်ရရများ

တစ်က ပြန်ရေတွက်ရမယ့် ဆာကာ
မတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆုရှင် ဆာကာကတော့ ဒီနေ့ပွဲကို ပွဲမထွက်နိုင်ခဲ့ဘဲ အရန်ခုံမှာ အနားယူခဲ့ရလို့ ၄၈၅ ရက် ဆက်တိုက် အာဆင်နယ်အတွက် တစ်နှစ်ကျော်အတွင်းမှာ ဆက်တိုက်ပွဲထွက်ခဲ့မှုကို အစကနေ ပြန်လည်ရေတွက်ရပါတော့မယ်။ အင်္ဂလန်နဲ့အတူ ပင်ပန်းနေခဲ့ပြီး အဖျားဝေဒနာကြောင့် သောကြာနေ့ ထရိန်နင်မှာ မပါဝင်နိုင်ခဲ့တဲ့ ငရုတ်သီးလေးဟာ ဒီနေ့ပွဲမှာတော့ ဒုတိယပိုင်း ပွဲချိန် ၅၉ မိနစ်မှာမှ ဂျေဆူးစ်နေရာမှာ လူစားဝင်ကစားနိုင်ခဲ့တာဖြစ်သလို ပရီးမီးယားလိဂ်ပွဲ ၅၂ ပွဲအထိ ဆက်တိုက်ကစားခဲ့အပြီးမှာတော့ လိဒ်စ်နဲ့ပွဲမှာ အနားယူခဲ့ရတာပါ။

ဒဏ်ရာကနေ အကောင်းဆုံးပုံစံ ပြန်ရှာနိုင်တဲ့ ဂျေဆူးစ်
မန်စီးတီးကနေ ပြောင်းလာအပြီး အမ်းမရိတ်မှာ အဖွင့်လှခဲ့ပေမယ့် ကမ္ဘာ့ဖလားမတိုင်ခင်အထိ ၅ ဂိုးသာ ရယူနိုင်ခဲ့တဲ့ ဘရာဇီးလ်သားဟာ ကာတာမှာ ဒဏ်ရာကြောင့် ခွဲစိတ်လိုက်ရတော့ သူ့ရဲ့ ပုံစံအတွက် ပရိသတ်တွေကို စိုးရိမ်စေခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာတော့ ဂျေဆူးစ်အနေနဲ့ အရန်ခုံက မဟုတ်ဘဲ ပွဲအစကတည်းကနေ စတင်ပါဝင်ခွင့် ရရှိခဲ့ချိန်မှာ အသင်းအတွက် ပင်နယ်တီအဖွင့်ဂိုးကို ကိုယ်တိုင်ရှာဖွေ၊ ကိုယ်တိုင်ကန်သွင်းရယူပေးခဲ့သလို ဒုတိယပိုင်းမှာ တတိယမြောက်ဂိုးကိုလည်း လျင်မြန်သွက်လက်စွာနဲ့ ပိတ်သွင်းသွားနိုင်ခဲ့လို့ သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုးက ၇ ဂိုး ရှိလာခဲ့ပြီး အာဆင်နယ်တို့ရဲ့ ချန်ပီယံဆု ရယူရာလမ်းမှာ ယုံကြည်မှု ပိုမိုမြင့်မားစေခဲ့တာပါ။

ဆောက်ဂိတ်ကို အရှက်ခွဲတဲ့ ဘန်ဝှိုက်
သူ့ကို လက်ရွေးစင်ဆီ မခေါ်တဲ့ ဆောက်ဂိတ်ကတော့ ဘန်ဝှိုက်အတွက် မျက်နှာပျက်နေရလောက်ပါပြီ။ Low Profile နည်းပြအဖွဲ့ရဲ့ ညံ့ဖျင်းမှုကို ဝန်မခံဘဲ သူ့ရဲ့ နည်းပြအဖွဲ့ဝင်ဘက်က ရပ်တည်ပြီး ဘန်ဝှိုက်ကို လျှော်ခဲ့တဲ့ ဆောက်ဂိတ်အနေနဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရီးစ်ဂျိမ်းစ်တို့လို ဘဲတွေက ပုံပျက်နေချိန်မှာ စပါးစ်ထွက်တွေဖြစ်ကြတဲ့ ဝေါ်လ်ကာနဲ့ ထရစ်ပီယာတို့က ပေးနိုင်တဲ့ မှန်တမ်းအဆင့်လောက်နဲ့ ကျေနပ်နေရတာလည်းဖြစ်ပါတယ်။ သူ့မှာ ဘန်ဝှိုက်လို စွယ်စုံရ ကစားသမားကို မရွေးချယ်ခဲ့တာ မှားယွင်းကြောင်းကို အသက် ၂၅ နှစ်အရွယ် နောက်ခံလူက လှပသေသပ်ပြီး အမြော်အမြင်ရှိတဲ့ သွင်းဂိုးနဲ့ နားရွက်တံတွေးဆွတ်ပြလိုက်တာပါ။

၁၉ မှော်ဆရာရဲ့ ဖန်တီးမှု
ထရော့ဆတ်ကတော့ အသင်းကို အသက်ကြီးမှ ရောက်လာခဲ့ပေမယ့် ငယ်ကတည်းက အတူရှိနေခဲ့သူလိုမျိုး အားလုံးအတွက် ပျော်ရွှင်အောင် ဖန်တီးပေးထားနိုင်တာဖြစ်ပါတယ်။ သူ့ရှေ့က နံပါတ် ၁၉ ဝတ်ပြီး မှော်ဆရာဖြစ်ခဲ့တဲ့ ဆန်တီ ကာဇိုလာလိုပဲ အသက် ၂၈ နှစ်အရွယ်မှာ ဒီအသင်းကို ရောက်လာခဲ့သလို အကောင်းဆုံးပုံစံကိုလည်း ရှာဖွေထားနိုင်တာပါ။ အာဆင်နယ်ပရိသတ်တွေအတွက်တော့ သူတို့ မရလိုက်တဲ့ မူဒရစ်ခ် ဒစ်လည်နေတာကို ထရော့ဆတ် ဂိုးဖန်တီးမှုတွေလုပ်တိုင်း ဟားလို့ကောင်းနေတာဖြစ်ပြီး ဘယ်လ်ဂျီယမ်သားအနေနဲ့ ဒီနေ့မှာ ချိန်သားကိုက် လှည့်စားမှုနဲ့အတူ ဂျေဆူးစ်အတွက် ဒုတိယဂိုးကို လမ်းခင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ဆီက ထွက်ပြေးပြန်တဲ့ Clean Sheet
အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်နဲ့ Clean Sheet ကတော့ ဘယ်လိုမှ မအပ်စပ်ဘဲဖြစ်နေပြီး သူ့အနေနဲ့တော့ အသင်းဖော်တွေကိုပဲ အပြစ်တင်ရဖို့ ရှိနေခဲ့တာပါ။ ဧရိယာအစပ်မှာ ပြတ်ပြတ်သားသား မကစားဘဲ ကမျော့နေတဲ့ အော်ဒီဂွါဒ်တို့အဖွဲ့ကြောင့် ဂိုးပေးရဖို့ တစ်ကြိမ် နီးစပ်ခဲ့သေးပြီး နောက်တစ်ကြိမ်မှာတော့ ဂျော်ဂျင်ညိုရဲ့ ခံစစ်ကို မကာကွယ်နိုင်မှုကြောင့် ဆင်းဖျက်ရတဲ့ ချာကာက အမှားကျူးလွန်ပြီး လိဒ်စ်ဘက်ကို ဖန်တီးမှုလောက် ကောင်းမွန်တဲ့ ဘောလုံးတားဆီးမှုနဲ့ တည်ပေးခဲ့သလို ဇင်ချန်ကိုက ရှေ့က ဝင်ပိတ်ပြီး ရမ်းစ်ဒေးလ် ကာကွယ်လို့မရအောင် ဆေးထိုးသွားခဲ့တာဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ အာဆင်နယ်တို့အနေနဲ့ ဒီလို ဘာမဟုတ် ညာမဟုတ် ဂိုးတွေကို ပေးနေတာ ရပ်တန့်သင့်နေပြီဖြစ်ပြီး အိမ်ကွင်းမှာဆို ပိုပြီး ပေါ့လျော့နေတတ်တာကို ပြင်ဆင်ရပါဦးမယ်။

ဂျော်ဂျင်ညိုနဲ့ ဒုတိယပိုင်း ပေးဂိုးပြဿနာ
အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ပါတေးကို အနားရရင်ပြီးရော ဂျော်ဂျင်ညိုကို ထည့်ကစားတာဖြစ်နေပြီး အီတလီသားရဲ့ ခြေစွမ်းကတော့ အယ်လ်နန်နီနဲ့ မနီးရိုးစွဲဖြစ်နေခဲ့သလို ခံစစ်ကို ကူနိုင်စွမ်းမှာတော့ လျော့နည်းနေခဲ့ပါတယ်။ ပထမပိုင်းကတည်းက သူနဲ့ တွဲကစားရင် အခြေအနေတွေက ဒီလောက် မဆိုးပေမယ့် ရုတ်တရက် ဒုတိယပိုင်းမှာ ဝင်လာတိုင်း ရှေ့က တစ်နာရီလောက် ပါတေးနဲ့ စိတ်ချလက်ချ ကစားနေတဲ့ အသင်းဖော်တွေအနေနဲ့ သူ့ရဲ့ နှေးကွေးမှုကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်မရှိဘဲ တိုင်ပတ်ကုန်ကြတာပါ။ ဂိုးပြတ်နိုင်နေချိန်တွေမှာ ပြဿနာမရှိပေမယ့် ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ ဦးဆောင်နေချိန်မျိုးတွေမှာတော့ သူ့ကို သုံးစွဲဖို့က သံသယဝင်စရာဖြစ်နေပြီး အာတီတာအနေနဲ့ အရန်အစီအစဉ်ကို ဘယ်လို စုပေါင်းကစားမယ်ဆိုတာ စဉ်းစားရပါတော့မယ်။

ခုနစ်ပွဲဆက်အနိုင်နဲ့ ခေါင်းတစ်လုံးသာပြနေတဲ့ ဂန်းနားများ
မန်စီးတီးကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့အပြီးမှာ ပုံပျက်သွားမလားလို့ စိုးရိမ်ခဲ့ကြပေမယ့် အက်စ်တန်ဗီလာနဲ့ အဝေးကွင်းပွဲစဉ်ကနေ စတင်တုံ့ပြန်ခဲ့တဲ့ နိုင်ပွဲကနေ စတင်ရေတွက်လိုက်ရင် ဒီနေ့ပွဲက ခုနစ်ပွဲဆက်တိုက် ပရီးမီးယားလိဂ်မှာ အနိုင်ရမှုဖြစ်ပြီး ၂၁ မှတ်ကို အပြည့်အဝ စုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ကနေ လိုက်မီဖို့ ကြိုးစားနေခဲ့တဲ့ မန်စီးတီးတို့အတွက်တော့ ဒါက ခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားပေးခံရမှုလည်းဖြစ်ပြီး အမှတ်လျော့တာနဲ့ အမှတ်ဖြတ်တာ ခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ အမှားတွေ ကျူးလွန်နိုင်သလို ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်တော့ ဂန်းနားတွေ လုပ်ပြခဲ့တဲ့ Winning Streak က အလေးသာစေခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.