Match Report Premier League

မြို့မေတ္တာ လာပေါ်တီးရဲ့ ချဲလ်ဆီးကို ဆယ်မိုင်ကုန်းကနေ နယ်နှင်ဒဏ်ပေးလိုက်တဲ့ ဗီလာ

ချဲလ်ဆီးပရိသတ်တွေအနေနဲ့ ဒီနေ့မှာလည်း စိတ်ပျက်စရာ ရှုံးပွဲတစ်ပွဲကိုပဲ ရှုမြင်ခဲ့ရပြန်ပြီး အတွေးအခေါ်နဲ့ နည်းစနစ်တွေက လက်ရှိ ကမ္ဘာနဲ့ ယူနီဗာ့စ်ထဲမှာတောင် မရှိတော့ဘဲ ဆန်းကြယ်လွန်းနေတဲ့ ဂရေဟမ် ပေါ့တာရဲ့ လိုက်မမီနိုင်တဲ့ ဗျူဟာမှာ အပြာကောင်တွေအားလုံး ကြက်သေသေခဲ့ရသလို အက်စ်တန်ဗီလာတို့ကတော့ အဲ့လောက်တောင် ရှိလှတာ ဆယ်မိုင်ကုန်းထဲ မနေနဲ့တော့ကွာလို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့ ဗီလာကို မရှုံးနိုင်ဘူးလို့ ပွဲကြိုဆရာကြီးတွေက ပြောထားလို့ အရွဲ့တိုက်တာလားတောင် မသိရတဲ့ လူစာရင်းကတော့ ဂိုးသမား ကီပါ၊ ခံစစ်မှာ ရီးစ်ဂျိမ်းစ်၊ ကူလီဘေလီနဲ့ ကူကူရဲလားတို့ဖြစ်ကြပြီး မာမာချာချာ ဗဟိုခံစစ်မှူးတွေဖြစ်ကြတဲ့ ဘာဒီယာရှီးလ်နဲ့ ချာလိုဘာတို့ကို အရန်ခုံမှာပဲ ထားခဲ့သလို ကွင်းလယ်နဲ့ တိုက်စစ်မှာတော့ ဘယ်သူက ဦးဆောင် ကစားကွက်ဖော်မှန်းလည်း မသိခဲ့တာပါ။

လော့ဖ်တပ်စ်-ချိခ်နဲ့ ချေးလ်ဝဲလ်တို့ကို Wing Back တွေအဖြစ် ထားခဲ့ပြီး ကိုဗာချစ်ချ်၊ အန်ဇို ဖာနန်ဒက်ဇ်တို့ ကွင်းလယ်အထိုင်၊ တိုက်စစ်မှာတော့ မူဒရစ်ခ်၊ ဟာဗတ်ဇ်နဲ့ ဂျာအို ဖဲလစ္စတို့က ကစားခဲ့ချိန်မှာ တကယ်တမ်း ချဲလ်ဆီးတို့ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဦးဆောင်နေသူက ချေးလ်ဝဲလ်ဖြစ်ပြီး ကျန်ကစားသမားတွေကတော့ မျှောလိုက်နေခဲ့ကြပါတယ်။

ဗီလာတို့ကတော့ ခပ်ရိုးရိုးပဲ ၄-၃-၃ ကစားသွားခဲ့ပြီး ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ ကွန်ဆာ၊ တိုင်ရုန်းမင်းစ်၊ အက်ရှ်လီယန်းနဲ့ အဲလက်စ် မိုရီနိုတို့ကို နေရာချထားခဲ့သလို ကွင်းလယ်မှာတော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ ဘူဘာကာ ကာမာရာနဲ့ မက်ဂင်းတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဘွင်ဒီယာ၊ ရမ်ဆေးနဲ့ ဝပ်ကင်းစ်တို့ကို ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၁၈ မိနစ်မှာ ဗီလာတို့ အဖွင့်ဂိုး စတင်ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ဗဟိုခံစစ်မှာ ဂျပုနှစ်ကောင်နဲ့ ကူလီဘေလီကို ရံပေးထားလို့ ပြဿနာ တက်ခဲ့ရတာဖြစ်သလို ခံစစ်ကနေ ဒေါက်ဂလပ်စ် လူးဝစ်ဇ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို မမီမကမ်းနဲ့ ခေါင်းတိုက်ပြီး နောက်ပြန်ဖန်တီးပေးလိုက်သလို ဖြစ်ခဲ့တဲ့ ကူကူရဲလားကြောင့် အလွယ်တကူပဲ ဖောက်ထွက်သွားနိုင်ခဲ့တဲ့ ဝပ်ကင်းစ်က ဂိုးသမား ကီပါရဲ့ ခေါင်းပေါ်ကနေ ကျော်ချသွားခဲ့တာပါ။

ကူလီဘေလီကို ကူကူရဲလားနဲ့ ရီးစ်ဂျိမ်းစ်တို့ ရံပေးတဲ့ ဗျူဟာက အသုံးမကျလို့ ခုလိုမျိုး ထိုးနှက်ခံလိုက်ရတာတောင် 4 Back ပြောင်းကစားဖို့ စိတ်မကူးတဲ့ ပေါ့တာအနေနဲ့ တိုက်စစ်မှာ တစ်သင်းလုံးနီးပါး တက်ကစားပြီး လူများများ သုံးနိုင်ခဲ့ပေမယ့် တစ်ဖက်ဂိုးသမား မာတီနက်ဇ်ကလည်း အတော်လေး လက်စွမ်းပြနိုင်ခဲ့သလို အလွတ်ကြီး ကန်ရတဲ့ တစ်လုံးကိုလည်း မူဒရစ်ခ်က ဂိုးသမားတည့်တည့် ကန်ခဲ့တာက အန်ချင်စရာဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းမှာ ရမ်းဆေးရဲ့ ထိုးဖောက်မှုတွေ ကောင်းခဲ့ပေမယ့် ဖန်တီးဖို့အတွက် ချိန်သားမကိုက်တာကြောင့် ကူလီဘေလီ ဖျက်ထုတ်နိုင်ခဲ့ပြီး ချေးလ်ဝဲလ်ရဲ့ ခေါင်းတိုက်ဂိုးမှာတော့ အက်ရှ်လီယန်းကို ခေါင်းမတိုက်ခင် လက်နဲ့ တွန်းချခဲ့တယ်လို့ သတ်မှတ်ခံခဲ့ရတာကြောင့် ဂိုးမဖြစ်ခဲ့ဘဲ ဗီလာတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြတာပါ။

ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးတို့ အလုပ်မဖြစ်ခဲ့ဘဲ ပွဲချိန် ၅၆ မိနစ်မှာတော့ ဗီလာတို့ပဲ ဒုတိယဂိုး သွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ရမ်းဆေးက ဧရိယာထိပ်ကို ခင်းပေးရာမှာ ညာခြမ်းက ဝင်လာတဲ့ ဝပ်ကင်းစ်က လူကြားထဲကနေ ကန်သွင်းခဲ့ရာမှာ ဂိုးသမား ကီပါ မတားဆီးနိုင်ခဲ့ဘဲ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးတို့ဘက်က မူဒရစ်ခ်၊ လော့ဖ်တပ်စ်-ချိခ်၊ ကိုဗာချစ်ချ်နဲ့ ကူကူရဲလားတို့အစား မာဒူးကီ၊ ကွန်တေ၊ ဂါလာဂါနဲ့ ပူလီရှစ်ချ်တို့ကို လဲကစားပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ဘောလုံးပိုင်ပြီး ဘာမှ လုပ်မရတဲ့ ဟိုမရောက်ဒီမရောက်အဆင့်ကနေ ဘာမှ ထူးမလာခဲ့တာကြောင့် ပွဲချိန်အပြည့်မှာတော့ လာပေါ့တီးခေါ် ဂရေဟမ် ပေါ့တာရဲ့ မြို့မေတ္တာခံယူပွဲတစ်ပွဲပဲ ဖြစ်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ပွဲမစခင် အမှတ်တူနေတဲ့ ဗီလာတို့က နှစ်ဂိုး-ဂိုးမရှိနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ယူပြီး အဆင့် ၉ ကို တက်သွားခဲ့သလို ဆယ်မိုင်ကုန်းကိုတော့ ဖူလ်ဟမ်တို့က သိမ်းပိုက်လိုက်ပြီး ချဲလ်ဆီးတို့ကတော့ ဥရောပဝင်ခွင့်ကို အသာထား၊ မဖြစ်ညစ်ကျယ် နည်းပြနဲ့ ၁၁ မီးငြိမ်းဖို့ အဓိဋ္ဌာန်ဝင် ဆုတောင်းရမယ့် ဘဝကို ကျရောက်သွားခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.