Match Report Premier League

ဂိုးတွေနဲ့ ဂျေဆူးစ် ပြန်လာပြီး ခုနစ်ပွဲဆက်အနိုင်နဲ့ အမှတ်ဖြတ်ထားဆဲ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဟိုးလ်ဒင်း၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ထရော့ဆတ်၊ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် လိဒ်စ်ယူနိုက်တက်တို့ကတော့ ဂိုးသမား မေလီယေး၊ ခံစစ်မှာ ကို့ချ်၊ စထရိုက်ခ်၊ အေးလင်းနဲ့ ဂျူနီယာ ဖာပိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မာ့ခ် ရိုကာ၊ ခရစ္စတင်ဆန်နဲ့ ဟာရစ်ဆန်တို့ကို ခင်းကျင်းလာခဲ့သလို ရှေ့မှာတော့ တိုက်စစ်မှူးစစ်စစ်ကို မသုံးဘဲ ဆမ်းမားဗီးလ်၊ ဆီနီစတယ်ရာတို့ကို အာရွန်ဆန်နဲ့ တွဲဖက်ပေးလာခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ ဆာကာကို အနားပေးထားခဲ့လို့ ကစားကွက် အသားကျဖို့ အချိန်ယူခဲ့ရပြီး ဂျေဆူးစ်၊ ထရော့ဆတ်နဲ့ မာတီနယ်လီတို့က ခံစစ်ပိတ်ထားတဲ့ လိဒ်စ်တို့ကို နေရာလွတ်တွေ ရှာဖွေဖို့ ခက်နေခဲ့သလို ဧည့်သည်နည်းပြ ဟာဗီ ဂါစီယာကလည်း အော်ဒီဂွါဒ်နဲ့ ပါတေးတို့ကို ဘောလုံး ပေးခွင့်မရအောင် တတ်နိုင်သမျှ ပိတ်ဆို့ထားဖို့ ညွှန်ကြားထားခဲ့ပုံရပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာမှ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထဲမှာ ဘောလုံးနဲ့ ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ ဂျေဆူးစ်ကို ခြေထောက်မြှောက်ထားရင်း အလွတ်ကန်မိခဲ့တဲ့ လိဒ်စ်နောက်ခံလူ အေးလင်းကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ကာယကံရှင် ဂျေဆူးစ်ကပဲ ဂိုးသမား မေလီယေးကို လှည့်စားပြီး ဂိုးအလယ်တည့်တည့်ကို ကန်သွင်းယူသွားခဲ့တာပါ။

အဖွင့်ဂိုးရအပြီးမှာတော့ အာဆင်နယ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို လိဒ်စ်ဂိုးသမား မေလီယေးရဲ့ ရှေ့ထွက်ရှင်းရာကနေ နှစ်ပွဲဆက်တိုက် ဂိုးပေးရတဲ့ မှတ်တမ်းဆိုး မဖြစ်ရအောင်တော့ မာတီနယ်လီရဲ့ ကန်ချက်ကို အေးလင်းက ဂိုးစည်းရှေ့က ရှင်းထုတ်သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂန်းနားတွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဇင်ချန်ကို ပေးတာကို မာတီနယ်လီက ဂိုးရှေ့ကို ဖြတ်ပို့ရာမှာ အနည်းငယ် နောက်ကျနေတဲ့ ထရော့ဆတ်အတွက် အသုံးမဝင်ခဲ့ပေမယ့် ညာဘက်တိုင်နား ကျလာတဲ့ ဘောလုံးကို နောက်ခံလူ ဘန်ဝှိုက်က ပြေးဝင်ပိတ်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ လိဒ်စ်နောက်ခံလူတွေ ပိတ်ထားတဲ့ ညာခြမ်းကနေ ဂျေဆူးစ်က ဧရိယာထဲကို လှမ်းချပေးရာမှာ ထရော့ဆတ်က ရယူပြီး ကန်မလိုလိုနဲ့ ညာကို တစ်ချက်ဆွဲထွက်ပြီးမှ ဂိုးရှေ့ကို Cut Back လုပ်ပေးတာကို နောက်က ပြေးဝင်လာတဲ့ ဂျေဆူးစ်ကပဲ လျှောထိုးပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ ဒဏ်ရာ ရာဇဝင်ရှိနေသေးတဲ့ ဂျေဆူးစ်နဲ့ သက်သာခါစ ပါတေးတို့ကို အနားပေးခဲ့ပြီး ဆာကာနဲ့ ဂျော်ဂျင်ညိုတို့ကို ထည့်ကစားခဲ့သလို အီတလီသားကတော့ ရွေ့လျားပုံ အားနည်းတဲ့အတွက် လိဒ်စ်တို့ရဲ့ တိုက်စစ်ဆင်မှုတွေကို မကြာခဏ ကြုံတွေ့နေခဲ့ရပြီး ရမ်းစ်ဒေးလ် ကာကွယ်ပုံသာ မကောင်းခဲ့ရင် ခပ်စောစောပဲ ဂိုးပြန်ပေးရဖို့လည်း ရှိခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ လိဒ်စ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကစားပုံ လျော့ရဲပြီး ရှေ့တက် မဖျက်ကြတဲ့ အာဆင်နယ်နောက်တန်းတွေကြောင့် ချာကာရဲ့ ရှင်းထုတ်မှုက တစ်ဖက်အသင်းအတွက် လှလှပပ ဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့ချိန်မှာ ခရစ္စတင်ဆန် ကန်သွင်းခဲ့တဲ့ ဘောလုံးက ဇင်ချန်ကိုနဲ့ ရှပ်ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ ရမ်းစ်ဒေးလ် မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ ပြန်လာနိုင်မယ်လို့ စိတ်ကူးယဉ်နေတဲ့ လိဒ်စ်တို့ကို အာဆင်နယ်တို့က စတုတ္ထဂိုးနဲ့ ရိုက်ချခဲ့ပြန်ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အပေးအယူလုပ်ရင်း လွတ်လာတဲ့ အော်ဒီဂွါဒ်က ဂိုးရှေ့ကို Diagonal Pass နဲ့ လှမ်းဖြတ်တင်ပေးရာမှာ အချိန်ကိုက် ပြေးထွက်သွားခဲ့တဲ့ ချာကာက ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က လိဒ်စ်ယူနိုက်တက်တို့ကို လေးဂိုး-တစ်ဂိုးနဲ့ ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့ကြပြီး မန်စီးတီးတို့ရဲ့ နိုင်ပွဲအပေါ် တုံ့ပြန်ခဲ့ကြသလို ပရီးမီးယားလိဂ်မှာ နောက်ဆုံး ခုနစ်ပွဲဆက်တိုက်အနိုင်နဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ရမှတ် ၇၂ မှတ်နဲ့ ဇယားထိပ်မှာ ဗိုလ်လုပ်နိုင်ဆဲဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.