Match Report Premier League

ကြိုးကြာသား အဝစားပြီး အာဆင်နယ်ကို တိုက်ပွဲခေါ်သံပေးလိုက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကန်ဂျီ၊ ဂျွန်စတုန်းစ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ကြပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မာရက်ဇ်၊ ဂရီးလစ်ရှ်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လီဗာပူးလ်တို့ကတော့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ ကိုနာတေ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ အဲလီးယော့တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ ဂက်ခ်ပိုနဲ့ ဂျိုတာတို့ကို တွဲဖက်ပေးခဲ့တာပါ။

မန်စီးတီးတို့ ဘောလုံးကိုင်ကစားဖို့ ကြိုးစားခဲ့သလို လီဗာပူးလ်တို့ကတော့ ကွင်းလယ်မှာ ခံစစ်ကို ကာဗာပေးပြီး ဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ အရင်က နာမည်ကြီးတဲ့ High Pressing Style နဲ့ နည်းနည်းမှ မတူတော့တာရယ် ဗိုင်နယ်လ်ဒွမ် ထွက်သွားကတည်းက ကျဆင်းသွားခဲ့တဲ့ ကစားအားကို ပြန်လည်အစားမထိုးနိုင်ခဲ့တာတွေက သူတို့ရဲ့ ကစားဟန်ကို သိသိသာသာ ထိခိုက်စေခဲ့တာကြောင့် အိမ်ရှင်တွေပဲ သာလွန်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ လီဗာပူးလ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ အာနိုးလ်ဒ် ကန်တင်ပေးတာကို ဂျိုတာက လိုက်လံရယူပြီး ဧရိယာထဲမှာ နောက်ကို ပြန်လှည့်ပြီးမှ ချန်ထားပေးခဲ့တာကို ပြေးဝင်လာတဲ့ ဆာလားက ချိန်သားကိုက် ကန်သွင်းယူသွားခဲ့တာကြောင့် မန်စီးတီးခံစစ်နဲ့ ဂိုးသမား အီဒါဆန် ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရတာပါ။

ယာဂန် ကလော့ပ်အနေနဲ့ ဂွါဒီယိုလာ ဘာလုပ်နေကျလဲဆိုတာကို မေ့နေတဲ့ ပုံစံမှာ ရှိခဲ့ပြီး Half Space တွေကို တောင်ပံတွေကနေ တိုက်ခိုက်တဲ့ ပုံစံကို ကာကွယ်ဖို့ မလုပ်တတ်ခဲ့သလို ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ တစ်ယောက်စီက ဘယ်ခြမ်းနဲ့ ညာခြမ်းတွေကို ခံစစ်ဇုန်မှာ ကူကစားရမယ့်အစား အလယ်မှာ စုပြီး လွှတ်ပေးနေခဲ့တာက မန်စီးတီးတို့ကို လုပ်ချင်ရာလုပ်ပါတော့လို့ ခွင့်ပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ မန်စီးတီးတို့ ချေပဂိုး ပြန်ယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတွဲလုံးကနေ လီဗာပူးလ်ခံစစ်ကို ဖွင့်ထုတ်ပြီး ဘယ်ခြမ်းကို ခင်းပေးခဲ့တဲ့ ဘောလုံးကို ဂရီးလစ်ရှ်က အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ဂိုးရှေ့မှာ ပိတ်ထားရမယ့်အစား ဘောလုံးရှိရာ လိုက်မျောနေတဲ့ ဗန်ဒိုက်ကြောင့် အယ်လ်ဗာရက်ဇ်ရဲ့ အနီးကပ် ပိတ်သွင်းမှုကို ခွင့်ပြုခဲ့ရသလို ပထမပိုင်းမှာတော့ တစ်ဂိုးစီသရေကျနေခဲ့ကြတာပါ။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဦးဆောင်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ မာရက်ဇ်ရဲ့ အနိမ့်ဘော ဖြတ်ပို့ပေးမှုကို နှေးကွေးလေးလံစွာ ဒိုက်ပစ်ပြီး မကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား အယ်လစ်ဆန်ကြောင့် ဒီဘရိုင်းနားက အသာအယာ ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာတော့ အနိုင်ပြတ်သားစေဖို့ တတိယဂိုးကို စီးတီးတို့ပဲ သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လူများပြီး ပွဲမစည်တဲ့ လီဗာပူးလ်တို့ ခံစစ်မှာ ပိတ်ထားတဲ့ကြားကနေ မာရက်ဇ်က တစ်ကိုယ်တော်ဆွဲဝင်ပြီး ချိုးပေးရာမှာ အယ်လ်ဗာရက်ဇ် ကန်သွင်းမှုကို အာနိုးလ်ဒ်က တားဆီးနိုင်ခဲ့ပေမယ့် အဆင်သင့်ရှိနေတဲ့ ဂွန်ဒိုးဝမ်က သွေးအေးအေးနဲ့ လွတ်ကွက်ထဲကို ကန်သွင်းသွားခဲ့တာပါ။

ဒီလောက်ဖြစ်နေတာတောင် သဘောမပေါက်သေးဘူးလားလို့ ပြောရမယ့် ကလော့ပ်အတွက်တော့ ပွဲချိန် မိနစ် ၇၀ မှာ ရောဘတ်ဆန်၊ ဂျိုတာ၊ ဆာလားနဲ့ အဲလီးယော့တို့ကို ဆီမီကတ်စ်၊ ချိမ်ဘာလိန်၊ ဖာမီနို၊ နူးညက်ဇ်တို့နဲ့ လေးယောက်တစ်ပြိုင်တည်း လူစားလဲခဲ့တာကလည်း ဘာမှတော့ ထူးမလာခဲ့ဘဲ ကွင်းလယ်အဖျက်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့နဲ့ တောင်ပံခံစစ်ကို ပိတ်ဆို့ဖို့တွေကို မလုပ်နိုင်ခဲ့ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ကလော့ပ်ရဲ့ ကျဆုံးခန်းကို သိသာစေဖို့ စတုတ္ထဂိုးကို မန်စီးတီးတို့ သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂွန်ဒိုးဝမ်က ဘယ်ခြမ်းကို တင်ပေးလိုက်တဲ့ ဘောလုံးကို ဒီဘရိုင်းနားနဲ့ ဂရီးလစ်ရှ်တို့ နှစ်ယောက်တည်း လုပ်သွားခဲ့ပြီး ဂရီးလစ်ရှ်က အာနိုးလ်ဒ်ကို ကျော်ပြီး ခင်းပေးတဲ့ ဘောလုံးကို ဒီဘရိုင်းနားက Cut Back ပြန်လုပ်ပေးရာမှာ ဂရီးလစ်ရှ်ကပဲ အနီးကပ် ပြန်ပိတ်သွင်းသွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ လီဗာပူးလ်တို့ဘက်က ဂက်ခ်ပိုအစား မီလ်နာကို လဲကစားခဲ့ပြီး မန်စီးတီးတို့ဘက်ကတော့ ဂရီးလစ်ရှ်နဲ့ ရိုဒရီတို့အစား ဘာနာဒို ဆေးလ်ဗားနဲ့ ပါးလ်မားတို့ကို လဲကစားခဲ့ပြီး အိမ်ရှင်တွေကပဲ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းကစားရင်း နိုင်ပွဲကို သေချာစေဖို့ လုပ်ဆောင်သွားနိုင်ခဲ့ကြပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က လီဗာပူးလ်တို့ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး အာဆင်နယ်တို့ကို ဆက်လက်ဖိအားပေးခဲ့သလို ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ဖို့ လက်မလျှော့သေးဘူးလို့ ပြသလိုက်ပြီး ကြိုးကြာလေးတွေကတော့ ကွင်းလယ်ကျဆင်းပြီး ဂိုးသမား လက်ပျက်ချိန်မှာ အဆင့် ၄ ရဖို့တောင် ဖြစ်နိုင်ပါ့မလားလို့ သံသယဝင်စရာဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.