Premier League Transfer News

ချန်ပီယံလိဂ်ကစားဖို့ ဒိန်းမတ်သားတွေကို နွေရာသီမှာ ခေါ်ယူမယ့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ချန်ပီယံလိဂ် သေချာပေါက် ကစားခွင့်ရဖွယ်ရှိနေတဲ့အတွက် အသင်းရဲ့ နေရာဌာနအသီးသီးကို အားဖြည့်ပြင်ဆင်သွားမှာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ဒိန်းမတ်သားတွေကို အခြေခံမယ့် ခေါ်ယူမှုတွေကို မြင်တွေ့လာရနိုင်ကြောင်း Four Four Two က ဖော်ပြလိုက်ပါတယ်။

ကိုယ်လုံးကိုယ်ထည် သေးငယ်တဲ့ အထောင်တိုက်စစ်မှာ ဂါဘရီယယ်လ် ဂျေဆူးစ်က ဦးစားပေး ဆက်ဖြစ်မှာ သေချာနေပေမယ့် အက်ဒီ နကီးတီးယားကတော့ နည်းပြ မီခယ်လ် အာတီတာ ပလေးတာ ခံရဖွယ်ရှိနေပြီး သူ့ကို ဘယ်လို စာချုပ်မျိုးပဲ ပေးအပ်ထားထား အရန်အဖြစ်နဲ့သာ ရှေ့ဆက်ရဖို့ များနေခဲ့တာပါ။

တိုက်စစ်မှာ ပိတ်ကစားတဲ့ အသင်းတွေကို မမောမပန်းဘဲ ကစားပြီး ဖြိုခွဲနိုင်ဖို့အတွက် ကိုယ်လုံးကိုယ်ထည် ကြီးမားသန်စွမ်းတဲ့ တိုက်စစ်မှူးကို ရှာဖွေနေရာမှာ အတ္တလန်တာရဲ့ ရက်စ်မပ်စ် ဟွိုင်လွန်းကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပြီး ငယ်ရွယ်သေးတဲ့ ဒိန်းမတ်တိုက်စစ်မှူးကတော့ သူ့ရဲ့ ဂိုးသွင်းအားကို ယူရိုခြေစစ်ပွဲတွေမှာ ပြသနေခဲ့တာဖြစ်ပါတယ်။

ယူရိုခြေစစ်ပွဲနှစ်ပွဲမှာ ငါးဂိုးအထိ သွင်းယူထားတဲ့ အသက် ၂၀ အရွယ် ဟွိုင်လွန်းအတွက် အတ္တလန်တာတို့အနေနဲ့ ပေါင် ၄၄ သန်းကနေ ၅၂.၈ သန်းကြားမှာ လက်လွှတ်သွားဖွယ်ရှိနေတယ်လို့ ဖိုးဖိုးတူးက ရေးသားလိုက်ပြီး အာတီတာလိုချင်တဲ့ Pressing Forward တစ်ယောက်ရဲ့ လုပ်အားနှုန်းနဲ့လည်း ကိုက်ညီမှု ရှိနေတယ်လို့ ဆိုခဲ့တာပါ။

ပြင်သစ်မြေမှာ အငှားချထားပြီး ရင်းမ်စ်နဲ့အတူ ခြေစွမ်းပြနေတဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကိုတော့ အာဆင်နယ်တို့ ငွေဖော်သွားဖို့ ရှိနေပြီး ယူရိုသန်း ၄၀ အောက်ထစ် ရရှိနိုင်တဲ့ ဟေးလ်အန့်ဒ်အကယ်ဒမီထွက် တိုက်စစ်မှူးအတွက် အရန်ခုံကိုသာ ပေးနိုင်မယ့် အမ်းမရိတ်နဲ့ ဆက်ရှိဖို့က နှစ်ဦးနှစ်ဖက် နစ်နာမှာကြောင့် လမ်းခွဲကြဖွယ်ရှိနေပါတယ်။

ဂန်းနားတွေအနေနဲ့ နောက်ထပ် ဒိန်းမတ်သားတစ်ဦးဖြစ်တဲ့ စီးရီးအေကလပ် လက်ချီအသင်းရဲ့ ကွင်းလယ်လူ မော်တင် ဟျူးလ်မန်းကိုလည်း စောင့်ကြည့်နေခဲ့သလို သောမတ်စ် ပါတေးရဲ့ နေရာမှာ တိုက်ရိုက်အစားထိုးမှုနဲ့ ရေရှည်မှာ ဆက်ခံမယ့်သူအဖြစ် ရှုမြင်ထားပြီး သူ့အတွက်တော့ ပေါင် ၂၅ သန်း ဝန်းကျင်မှာ အလုပ်ဖြစ်နိုင်ဖို့ ရှိနေတာပါ။

ဒါ့အပြင် နွေရာသီ အဝယ်စာရင်းထဲမှာ ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်ရဲ့ တောင်ပံနဲ့ ကွင်းလယ်တွေမှာ စွယ်စုံသုံးနိုင်တဲ့ ဂျက်စ်ပါ လင့်ဒ်စထရွမ်ကိုလည်း အာတီတာက စောင့်ကြည့်နေခဲ့ပြီး သူ့အတွက်တော့ ပေါင်သန်း ၃၀ ဝန်းကျင် အသုံးပြုရဖွယ်ရှိနေသလို ဒီရာသီကုန်မှာ ပရီးမီးယားလိဂ် ရပ်တည်မှု ကောင်းရင်ကောင်းသလို ပိုမိုရရှိနိုင်မယ့် ဆုကြေးတွေနဲ့ လက်သွက်ဖို့လည်း ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.