Match Report UCL&UEL

ရီးစ်ဂျိမ်းစ်ညီမ ရှာပေးတဲ့ ပင်နယ်တီကြောင့် Shootout မှာ ဆီမီးတက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဂိုးသမား ဘာဂါ၊ ခံစစ်မှာ အဲရစ်ဆန်၊ ဘူချာနန်၊ ပယ်ရီဆေးနဲ့ ကာတာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လူပိုးလ်ဇ်၊ ရိုက်တန်နဲ့ ကပ်သ်ဘတ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆမ်ကားရ်၊ လော်ရင် ဂျိမ်းစ်နဲ့ ချားလ်စ်တို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် လီယွန်အသင်းကတော့ ဂိုးသမား အန်ဒလာ၊ ခံစစ်မှာ ဂျီးလ်စ်၊ ရီနာ့ဒ်၊ ကာပင်တာနဲ့ ဘာရှာတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ အီဂူရိုလာ၊ ဗန်ဒဒွန့်ခ်နဲ့ ဟိုရန်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ကက်စ်ကာရီနို၊ မက်ဂျ်ရီနဲ့ ဘရန်းတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

အဝေးကွင်းမှာ အနိုင်ရထားခဲ့တဲ့ ချဲလ်ဆီးတို့ရဲ့ ခြေစွမ်းက အိမ်ကွင်းမှာ အားရစရာ မရှိခဲ့ဘဲ ဒဏ်ရာကစားသမားတွေ များပြားနေမှုကြောင့် လူစုံမထုတ်နိုင်မှုကလည်း ဒီပွဲကို နိုင်မှဖြစ်မယ့် ချန်ပီယံလိဂ်ဝါရင့် လီယွန်တို့ရဲ့ ဖိအားကို တော်တော်လေး ခံခဲ့ရသလို ပထမပိုင်းမှာတော့ ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့ကြတာပါ။

ဒုတိယပိုင်းမှာတော့ လီယွန်တို့က တိုက်စစ်မြှင့်ဖို့အတွက် ဘရန်း၊ အီဂူရိုလာနဲ့ မက်ဂျ်ရီတို့အစား ဟီဂါဘာ့ဂ်၊ ဒါဘရစ်ဇ်နဲ့ ဘီချိုတို့ကို ထည့်သွင်းလာခဲ့ပြီး ချဲလ်ဆီးတို့ကတော့ လူပိုးလ်ဇ်၊ ပယ်ရီဆေးနဲ့ ရိုက်တန်တို့အစား အင်ဂယ်လ်၊ မျယ်လ်ဒါနဲ့ ရစ်တင်းတို့ကို ထည့်သွင်းသွားခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ လီယွန်တို့ ချိန်ခွင်လျှာညီမျှစေမယ့် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဟိုရန်က ဖြတ်တင်ပေးရာမှာ နောက်ခံလူ ဂျီးလ်စ်က အဲရစ်ဆန်ရဲ့ ရှေ့ကနေ ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ချဲလ်ဆီးဂိုးသမား ဘာဂါရဲ့ ရင်ဘတ်ကို မှန်ပြီးမှ ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

နှစ်ကျော့ပေါင်းရလဒ်မှာ တစ်ဂိုးစီသရေဖြစ်နေခဲ့လို့ အချိန်ပို ဆက်ကစားရာမှာတော့ ချဲလ်ဆီးတို့ဘက်က ကပ်သ်ဘတ်အစား ဖဲလမ်းမင်းကို လဲကစားခဲ့ပြီး လီယွန်တို့ဘက်ကတော့ ကက်စ်ကာရီနို၊ ဗန်ဒဒွန့်ခ်နဲ့ ဘာရှာတို့အစား မာလာ့ဒ်၊ မာရိုဇ်ဆန်နဲ့ မိုရိုနီတို့ကို လူစားလဲပြီး ပွဲဖြတ်နိုင်ဖို့ ကြိုးစားလာခဲ့တာပါ။

ပွဲချိန် မိနစ် ၁၁၀ မှာတော့ လီယွန်တို့ ဒုတိယဂိုးနဲ့ ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ တိုက်စစ်ဆင်လာတဲ့ ဟီဂါဘာ့ဂ်က ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ပို့ရာမှာ ပထမဂိုးမှာလိုပဲ ညံ့ဖျင်းနေခဲ့တဲ့ ချဲလ်ဆီးနောက်ခံလူ အဲရစ်ဆန်ရဲ့ အမှားကနေ အဝေးတိုင်ဘက်မှာ စောင့်နေခဲ့တဲ့ ဒါဘရစ်ဇ်က ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ ချဲလ်ဆီးတို့ သရေပြန်ဖြစ်စေမယ့် ချေပဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဘယ်ခြမ်းကနေ ဧရိယာထဲကို တစ်ကိုယ်တော် ထိုးဖောက်လာတဲ့ လော်ရင် ဂျိမ်းစ်က လီယွန်ခံစစ်က ဖျက်ထုတ်မှုကို ဘယ်လောက်မှ မထိပေမယ့် လှလှပပ လဲကျပြသွားခဲ့လို့ ထိတာ သေချာရင် ပင်နယ်တီပေးတဲ့ VAR မှာ ဒိုင်လူကြီးက လက်ဆောင်ပေးသွားခဲ့တာပါ။

ဒီပင်နယ်တီကိုတော့ ဝါရင့်နောက်ခံလူ မျယ်လ်ဒါက ဂိုးညာဘက် အပေါ်ထောင့်ကို အပြင်းကန်သွင်းပြီး လီယွန်ရဲ့ ချီလီလက်ရွေးစင်ဂိုးသမား အန်ဒလာကို အနိုင်ယူသွားခဲ့တာကြောင့် မိနစ်ပေါင်း ၁၂၈ မိနစ်အပြီးမှာ ချဲလ်ဆီးတို့ အသည်းမကွဲခဲ့ရဘဲ နောက်ဆုံးအခွင့်အရေးအတွက် ပင်နယ်တီ အပြိုင် ကန်သွင်းဖို့ ဖြစ်လာခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ ချဲလ်ဆီးဘက်က လော်ရင် ဂျိမ်းစ်ရဲ့ ကန်ချက် ပုတ်ထုတ်ခံရပြီး မျယ်လ်ဒါ၊ ဆမ်ကားရ်၊ ဖလမ်းမင်းနဲ့ ကာတာတို့ ဂိုးဝင်အောင် ကန်နိုင်ခဲ့ကြသလို လီယွန်တို့ဘက်ကတော့ မာရိုဇ်ဆန်၊ ဟီဂါဘာ့ဂ်နဲ့ ဒါဘရစ်ဇ်တို့သာ ဝင်ပြီး ရီနာ့ဒ်နဲ့ ဟိုရန်တို့ရဲ့ ကန်ချက်တွေကို ဂိုးသမား ဘာဂါက ပုတ်ထုတ်သွားနိုင်ခဲ့လို့ အိမ်ရှင်တွေ အောင်ပွဲခံနိုင်ခဲ့တာပါ။

ပွဲချိန်အတွင်းမှာ နှစ်ဂိုးစီသရေကျနေခဲ့အပြီးမှာ ပင်နယ်တီမှာ လီယွန်တို့ကို လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးတို့အနေနဲ့ အမျိုးသမီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြပြီး လာမယ့်ပွဲစဉ်မှာတော့ နောက်ထပ် အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့် ဧပြီလ ၂၂ ရက်နဲ့ ၂၉ ရက်တွေမှာ အိမ်ကွင်း ပထမအကျော့ ကစားခွင်နဲ့အတူ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.