Match Report Premier League UCL&UEL

ဘိုင်ယန်မတွေကို ရိုက်ချပြီး အိမ်ကွင်းမှာ နောက်တစ်ဆင့်တက်သွားတဲ့ အာဆင်နယ်

အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဇင်းစ်ဘာဂါ၊ ခံစစ်မှာ ဝီလီယမ်ဆန်၊ ရာဖယ်လီ၊ မာရစ်ဇ်နဲ့ မက်ကေ့ဘ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဗယ်လ်တီ၊ လစ်တဲလ်နဲ့ မာနမ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပီလိုဗာ၊ ဖို့ဒ်နဲ့ ဘလက်စတန်းနီးယပ်စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပြီး အမျိုးသားအသင်းနည်းပြ မီခယ်လ် အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့ လာရောက်အားပေးခဲ့ကြပါတယ်။

ဧည့်သည် ဘိုင်ယန်မြူးနစ်အမျိုးသမီးအသင်းကတော့ ဂိုးသမား ဂရိုးစ်၊ ခံစစ်မှာ ဗစ်ဂို့စ်ဒေါ့တာ၊ ကူမာဂါအီ၊ ရောလ်နဲ့ ဟန်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဇာဒရာဇီးလ်၊ စတန်ဝေး၊ ကက်ထ်နဲ့ ဘူးဟယ်လ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မက်ဂူးလ်နဲ့ ရှူးလားတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပထမအကျော့ အဝေးကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ထားခဲ့တဲ့ အာဆင်နယ်တို့အနေနဲ့ အိမ်ကွင်းမှာ နောက်တစ်ဆင့်တက်နိုင်ဖို့ ဖွင့်ကစားခဲ့ပြီး တိုက်စစ်မှာ အမြန်ဆုံးသွားတဲ့ ပုံစံကို ကျင့်သုံးခဲ့သလို Pressing တွေနဲ့ ဘိုင်ယန်ဘက်ကို ဒုက္ခပေးခဲ့တာကြောင့် ဘောလုံးကိုင်ကစားတဲ့ ဂျာမန်တွေ ကစားကွက် ပျက်သလိုဖြစ်နေခဲ့ရပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဘိုင်ယန်ခံစစ်က လူပေးကစားရင်း ဘောလုံးပျက်ရာကနေ ဗယ်လ်တီ ပေးတဲ့ ဘောလုံးကို ဘလက်စတန်းနီးယပ်စ်နဲ့ ဝီလီယမ်ဆန်တို့ရဲ့ တွဲလုံးကနေ ဖန်တီးပေးတာကို နောက်က ဝင်လာတဲ့ ဖရီဒါ မာနမ်က ကန်သွင်းခဲ့ရာမှာ ဘယ်ဘက် အဝေးတိုင်အပေါ်ထောင့်ကို ဝင်သွားခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ဘောလုံးပိုင်ဆိုင်မှုထက် လျင်လျင်မြန်မြန် ထိုးဖောက်ဖန်တီးဖို့ပဲ ကြိုးစားနေခဲ့တဲ့ အာဆင်နယ်တို့ ဒီနေ့မှာ ၁၄ ကြိမ် ကန်သွင်းပြီး ၈ ကြိမ်အထိ ဂိုးပေါက်တည့်ခဲ့ချိန်မှာ ဘောလုံးကိုင်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်တို့ကတော့ ၄ ကြိမ်ကန်ပြီး ၁ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာက မတူညီတဲ့ ကစားကွက်ချင်း ပြိုင်ဆိုင်မှုမှာ ဧည့်သည်တွေ ကျရှုံးခဲ့ရတာ သိသာခဲ့ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ မက်ကေ့ဘ်က ဆွဲပြေးပြီး တောင်ပံကနေ ဧရိယာထဲကို ဖြတ်တင်ပေးခဲ့ရာမှာ ဂိုးရှေ့က အသင့်နေရာယူထားတဲ့ ဘလက်စတန်းနီးယပ်စ်က အနီးကပ် ခေါင်းတိုက်သွင်းခဲ့လို့ ဘိုင်ယန်တို့ ငုတ်တုတ်မေ့ခဲ့ရတာပါ။

ဘိုင်ယန်တို့ရဲ့ တိုက်စစ်တွေကိုတော့ အာဆင်နယ်တို့ ခပ်ကြမ်းကြမ်းပဲ တားဆီးသွားခဲ့တာကြောင့် ပထမပိုင်းမှာ အိမ်ရှင်တွေက နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြသလို ဒုတိယပိုင်းမှာလည်း ထိန်းချုပ်သွားနိုင်ခဲ့ပြီး ဧည့်သည်တွေဘက်က ကက်ထ်၊ ရောလ်၊ ဇာဒရာဇီးလ်၊ ရှူးလားနဲ့ မက်ဂူးလ်တို့အစား ဒမ်ညာနိုဗစ်ချ်၊ လူရွန်၊ လိုးမန်း၊ ဗီလ်ဟီယမ်ဒေါ့တာနဲ့ ရူဒီလစ်ချ်တို့ကို ထည့်သွင်းကစားသွားခဲ့ပါတယ်။

အာဆင်နယ်တို့ဘက်ကတော့ လစ်တဲလ်၊ ပီလိုဗာ၊ ဒဏ်ရာရသွားတဲ့ မက်ကေ့ဘ်နဲ့ ဘလက်စတန်းနီးယပ်စ်တို့အစား ဝပ်ဘင်-မွိုင်း၊ ဗီယင်ရွိုက်သာ၊ ဟာတစ်ခ်နဲ့ ဘီတီတို့ကို ထည့်သွင်းပြီး ပွဲကို ထိန်းကစားသွားခဲ့တာကြောင့် ပထမပိုင်းက ရလဒ်အတိုင်းပဲ ပွဲပြီးခဲ့ပြီး နှစ်ကျော့ပေါင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ဘိုင်ယန်တို့ကို အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။

အမျိုးသမီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တဲ့ အာဆင်နယ်တို့အနေနဲ့ လာမယ့် အဆင့်မှာတော့ တစ်ဖက်က ပီအက်စ်ဂျီအမျိုးသမီးနဲ့ ဝုလ်ဖ်ဘတ်အမျိုးသမီးတို့အတွဲက တက်ရောက်လာသူနဲ့ ဆုံတွေ့ရမှာဖြစ်ပြီး ပထမကျော့မှာ အနိုင်ရထားတဲ့ ဝုလ်ဖ်ဘတ်တို့ကြောင့် ဂျာမန်ရေစက် မကုန်သေးဘဲနဲ့ ထပ်မံဆုံတွေ့ဖို့ များနေပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.