International Match Report

မက်ဆီရဲ့ ရာပြည့်ဂိုး၊ ဟက်ထရစ်နဲ့ ကူရာဆားကို ခုနစ်ဂိုးပြတ်သိပ်တဲ့ အာဂျင်တီးနား

အာဂျင်တီးနားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီမီ မာတီနက်ဇ်၊ ခံစစ်မှာ အော့တာမန်ဒီ၊ ပက်ဇယ်လာ၊ မွန်တီယယ်လ်နဲ့ အကူညာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဇို ဖာနန်ဒက်ဇ်၊ မက္ကယ်လစ္စတာနဲ့ လိုဆဲလ်ဆိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မက်ဆီ၊ နီကိုလာ ဂွန်ဇာလက်ဇ်နဲ့ လော်တာရို မာတီနက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာ အာဂျင်တီးနားတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မက္ကယ်လစ္စတာက လုယူပြီး ရှေ့ကို ပေးရာမှာ လိုဆဲလ်ဆိုက ဘယ်ခြမ်းကို ချပေးခဲ့တဲ့ ဘောလုံးကို မက်ဆီက တစ်ချက်ခေါက်ပြီး ဧရိယာထဲကနေ ညာခြေနဲ့ အနိမ့်ဘော ကန်သွင်းယူနိုင်ခဲ့လို့ နိုင်ငံတကာ ရာပြည့်ဂိုးကို ရရှိခဲ့တာပါ။

ပွဲချိန် ၂၃ မိနစ်မှာတော့ အာဂျင်တီးနားတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လိုဆဲလ်ဆိုရဲ့ ဘယ်ထောင့်ကန်ဘောကနေ ပက်ဇယ်လာ ခေါင်းတိုက်သွင်းတာကို ကူရာဆားခံစစ်က ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့ပေမယ့် ရှေ့ထွက်ပုတ်ဖို့ တွန့်ဆုတ်နေတဲ့ ဂိုးသမားကြောင့် နီကိုလာ ဂွန်ဇာလက်ဇ်က နောက်တစ်ကြိမ် ခေါင်းခုန်တိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာ အာဂျင်တီးနားတို့ပဲ တတိယ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ နီကိုလာ ဂွန်ဇာလက်ဇ်က ဘောလုံး ဆွဲယူလာပြီး လော်တာရို မာတီနက်ဇ်ကြောင့် အာရုံများသွားတဲ့ နောက်ခံလူတွေဘေးကနေ ညာဘက်ကို ခင်းပေးရာမှာ မက်ဆီကပဲ ကူရာဆားနောက်ခံလူ သုံးယောက်ကြားကနေ အဝေးတိုင်ဘက်ကို လှမ်းကန်သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ အာဂျင်တီးနားတို့အတွက် စတုတ္ထ အနိုင်ဂိုးကို အန်ဇို ဖာနန်ဒက်ဇ်က သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကူရာဆားခံစစ်က ဘောလုံးပျက်တာကနေ အာဂျင်တီးနားတို့က ဧရိယာထဲ အမြန်ဆုံးသွားခဲ့ပေမယ့် ပိတ်ဆို့ခံခဲ့ရချိန်မှာ မက်ဆီက မကန်တော့ဘဲ နောက်ပြန်ချပေးတဲ့ ဘောလုံးကို ချဲလ်ဆီးကွင်းလယ်လူက ဧရိယာထိပ်ကနေ ညာဘက်တိုင်နားကို ကွက်တိကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ မက်ဆီကပဲ သူ့အတွက် နိုင်ငံတကာပွဲစဉ်တွေမှာ ၉ ကြိမ်မြောက် ဟက်ထရစ်ဖြစ်စေမယ့် ပဉ္စမဂိုးကို သွင်းယူသွားခဲ့ပြီး ဒီဂိုးကိုတော့ ကူရာဆားတို့ရဲ့ ထောင့်ကန်ဘောကနေ အာဂျင်တီးနားတို့ တန်ပြန်တိုက်စစ်ဆင်ခဲ့ရာမှာ ဒီနေ့အတွက် ပီယာလိုဖြစ်နေတဲ့ လိုဆဲလ်ဆိုက ညာခြမ်းက ပြေးတက်သွားတဲ့ အသင်းခေါင်းဆောင်ရဲ့ ပြေးလမ်းကြောင်းထဲ ကွက်တိထည့်ပေးနိုင်ခဲ့ပြီး ဂိုးသမားနဲ့အတွေ့မှာ အသာအသာ အဆုံးသတ်နိုင်ခဲ့တာပါ။

ပထမပိုင်းမှာ အာဂျင်တီးနားတို့က ကူရာဆားတို့ကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ အန်ဇို ဖာနန်ဒက်ဇ်၊ အော့တာမန်ဒီ၊ မက္ကယ်လစ္စတာ၊ လော်တာရို မာတီနက်ဇ်၊ လိုဆဲလ်ဆိုနဲ့ ဂိုးသမား မာတီနက်ဇ်တို့အစား ပါလာစီယို့စ်၊ ဟွမ်ဖွိုက်သ်၊ ဒီပေါလ်၊ ဒီဘားလား၊ ဒီမာရီယာနဲ့ အာမာနီတို့ကို ထည့်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ အာဂျင်တီးနားတို့အတွက် ဂိုးဒါဇင်ဝက် ပြည့်မြောက်သွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက ဒီမာရီယာရဲ့ ကန်သွင်းမှုက ကူရာဆား အသင်းခေါင်းဆောင် ကူကို မာတီနာနဲ့ထိပြီး ရခဲ့တဲ့ ပင်နယ်တီကို ဒီမာရီယာကပဲ ဂိုးသမားကို လှည့်စားပြီး ဘယ်ဘက်တိုင်ခြေကို အသာအယာ ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၈၇ မိနစ်မှာတော့ အာဂျင်တီးနားတို့အတွက် သတ္တမမြောက် ပွဲသိမ်းဂိုးကို ရယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ နီကိုလာ ဂွန်ဇာလက်ဇ် ထိုးဖောက်လာပြီး ဂိုးရှေ့ ဖြတ်တင်ပေးရာမှာ မက်ဆီကို အာရုံစိုက်ပြီး လွတ်နေတဲ့ ကွက်လပ်ကနေ ညာနောက်ခံလူ မွန်တီယယ်လ်က ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အာဂျင်တီးနားတို့က ကူရာဆားတို့ကို ခုနစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ကြပြီး အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကတော့ သူ့အတွက် နိုင်ငံတကာပွဲ ၁၇၄ ပွဲမှာ ၁၀၂ ဂိုးအထိ မိုင်တိုင်တစ်ခုကို ရောက်ရှိနိုင်ခဲ့ပြီဖြစ်သလို ဟက်ထရစ်သွင်းယူနိုင်မှုလည်း ၉ ကြိမ်အထိ ရှိလာခဲ့ပြီး ပရိသတ်တွေအတွက် ဂုဏ်ယူနိုင်ဖို့ လုပ်ဆောင်ပေးခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.