International Match Report

လူကာကူး ဂိုးသွင်းဆက်ပြီး ဂျာမနီကို အဝေးကွင်းမှာ အနိုင်ယူပြခဲ့တဲ့ ဘယ်လ်ဂျီယမ်

ဂျာမနီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ဂင်တာ၊ ခယ်ရာ၊ ဝုလ်ဖ်နဲ့ ရောင်းမ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂေါ်ရက်ဇ်ကာ၊ ကင်းမစ်ချ်၊ ဂနာဘရီနဲ့ ဗာ့ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ တီမို ဗာနာနဲ့ ဖူးလ်ကရပ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘယ်လ်ဂျီယမ်တို့ကတော့ ဂိုးသမား ကက်စတီးလ်၊ ခံစစ်မှာ ဖာ့စ်၊ ဗာတွန်ဂန်၊ ကက်စတာညာနဲ့ သီယာတေတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ အိုနာနာ၊ မန်ဂါလာနဲ့ ဒီဘရိုင်းနားတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ကာရက်စ်ကို၊ လူကာဘာကီယိုနဲ့ လူကာကူးတို့ ကစားခဲ့ကြတာပါ။

ဂျာမန်နည်းပြ ဟန်ဆီ ဖလစ်ခ်အနေနဲ့ သူ့ရဲ့ ခံစစ်ပိုင်းမှာ အဖျက်မပိုင်တဲ့ ပေါ့ပေါ့ဆဆ ကစားသမားတွေဖြစ်ကြတဲ့ ဂင်တာ၊ ခယ်ရာနဲ့ ဝုလ်ဖ်တို့ကို တစ်ပြိုင်တည်း ပွဲထုတ်လာခဲ့တာက စမ်းသပ်မှုဖြစ်ပေမယ့် မိုက်မဲခဲ့တယ်လို့ပဲ ဆိုရမယ့်အချိန်မှာ ဘယ်လ်ဂျီယမ်နည်းပြ တယ်ဒက်စကိုးကတော့ နည်းစနစ် ပိုင်နိုင်သူတစ်ယောက်အဖြစ် တွေ့မြင်ခဲ့ရပြီး သူ့လူတွေကို နှစ်ပွဲမှာ ကစားကွက် သုံးကွက်အထိ ပြောင်းကစားခိုင်းခဲ့တာကို တွေ့ရပါတယ်။

ပွဲချိန် ၆ မိနစ်မှာကတည်းက ဧည့်သည်တွေ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ကန်တင်လိုက်တဲ့ ဘောလုံးကို လူကာကူးက ဂျာမန်နောက်ခံလူရဲ့ ဖိအားကို တောင့်ခံပြီး နောက်ပြန်ချပေးရာမှာ ဒီဘရိုင်းနားက ဘယ်ခြမ်းကို ခင်းပေးလိုက်တာကို ကာရက်စ်ကိုက ရယူပြီး ဂိုးသမား တာစတီဂန်နဲ့အတွေ့မှာ စိမ်ပြေနပြေ အပိုင်ကန်သွင်းယူသွားခဲ့တာပါ။

သုံးမိနစ်အကြာ ပွဲချိန် ၉ မိနစ်မှာတော့ ဘယ်လ်ဂျီယမ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကင်းမစ်ချ်တို့အုပ်စု ပလာတာများတာကနေ မန်ဂါလာ လုယူပေးခဲ့တာကို ဒီဘရိုင်းနားက ဂျာမန်ခံစစ်ကြားထဲကနေ ခင်းပေးခဲ့တဲ့ ဘောလုံးကို လူကာကူးက အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား တာစတီဂန်ရဲ့ မျက်နှာနားက ကပ်ပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ လူကာဘာကီယို တစ်ယောက်တည်း လွတ်ထွက်သွားပြီး အခွင့်အရေးရခဲ့ပေမယ့် ကန်ချက်ကတော့ ဂိုးတိုင်ဘေးက ကပ်ထွက်သွားခဲ့သလို နှစ်မိနစ်အကြာမှာ ဒီဘရိုင်းနားရဲ့ ထောင့်ကန်ဘောကနေ လူကာကူး ခေါင်းတိုက်ချက်က ဘားထိထွက်ခဲ့လို့ ဂျာမနီတို့ သက်သာခဲ့ရပြီး စိတ်ပျက်စရာခြေစွမ်းနဲ့ ဖလစ်ခ်ရဲ့ အသင်းကတော့ ကြောင်ပျောက်နေခဲ့တာပါ။

ပွဲချိန် ၄၄ မိနစ်မှာတော့ ဂျာမနီတို့ တစ်ဂိုးပြန်လည်ချေပသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ဖူးလ်ကရပ်ရဲ့ ခေါင်းတိုက်ချက်က လူကာကူးရဲ့ ဆန့်ထုတ်ထားတဲ့ လက်ကို မှန်ခဲ့ရာမှာ ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးသွားခဲ့လို့ ဒီအခွင့်အရေးကို ဖူးလ်ကရပ်ကပဲ ကိုယ်တိုင် တာဝန်ယူပြီး ဂိုးသမား ဒိုက်ပစ်တဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းသွားခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဂျာမနီဘက်က ဂေါ်ရက်ဇ်ကာ၊ ဗာ့ဇ်နဲ့ ရောင်းမ်တို့အစား နမီချာ၊ အမ်မရီချန်နဲ့ ဂွန်တာတို့ကို လူစားလဲသွားခဲ့ကြပြီး ဘယ်လ်ဂျီယမ်တို့ ဘက်ကတော့ ဗာတွန်ဂန်၊ ကာရက်စ်ကို၊ လူကာဘာကီယိုနဲ့ လူကာကူးတို့အစား ဆာလာမေကာစ်၊ ထရော့ဆတ်၊ ဘာကာယိုကိုနဲ့ ဒီကက်တယ်လာရာတို့ကို ထည့်သွင်းသွားခဲ့ကြတာပါ။

ပွဲချိန် ၇၈ မိနစ်မှာ ဘယ်လ်ဂျီယမ်တို့ကပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ လူစားဝင်ကစားသမား ဒီကက်တယ်လာရာက ဘယ်တောင်ပံကို ခင်းပေးခဲ့ရာမှာ ထရော့ဆတ်က ဆွဲပြေးပြီး ဧရိယာထဲကို ခင်းပေးခဲ့တဲ့ ဘောလုံးကို ဒီဘရိုင်းနားက ထိန်းမနေဘဲ ဘယ်ခြေနဲ့ ထောက်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဂျာမနီတို့ဘက်က ဖူးလ်ကရပ်၊ တီမို ဗာနာနဲ့ ဝုလ်ဖ်တို့အစား ဘယ်ရီရှာ၊ ရှာဒါနဲ့ ဗာနိုမန်းတို့ကို လဲလှယ်သွားခဲ့ကြပြီး ဘယ်လ်ဂျီယမ်တို့ဘက်ကတော့ ဒီဘရိုင်းနားနဲ့ မန်ဂါလာတို့အစား အိုပင်ဒါနဲ့ လာဗီယာတို့ကို ထည့်သွင်းပြီး လူငယ်တွေကို အခွင့်အရေး ပေးသွားခဲ့တာပါ။

ပွဲချိန် ၈၇ မိနစ်မှာတော့ အိမ်ရှင် ဂျာမနီတို့ ဒုတိယ ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တန်ပြန်တိုက်စစ်ဆင်လာခဲ့တဲ့ ဘယ်ရီရှာက ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ပို့ပေးရာမှာ နောက်ကျကျန်နေခဲ့တဲ့ ဘယ်လ်ဂျီယမ်ခံစစ်ကြားကနေ ဂိုးသင့်နေပြီဖြစ်တဲ့ ဂနာဘရီက အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ သိက္ခာဆည်ဂိုးတစ်ဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဧည့်သည် ဘယ်လ်ဂျီယမ်တို့က အိမ်ရှင် ဂျာမနီတို့ကို ထိုက်ထိုက်တန်တန် အနိုင်ရရှိသွားခဲ့ကြပြီး ခြေစမ်းပွဲဖြစ်ပေမယ့် အကောင်းဆုံး ကစားဟန်နဲ့ ပွဲအပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ခဲ့တဲ့ နည်းပြ တယ်ဒက်စကိုးရဲ့ ဦးဆောင်မှုအောက်မှာ တစ်ခေတ်ပြန်လည်ဆန်းသစ်ဖို့ မျှော်လင့်နိုင်ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.