International Match Report

လျှို့ဝှက်တိုက်စစ်မှူးရဲ့ သွင်းဂိုးတွေကြောင့် စကော့တွေဆီမှာ ကျရှုံးခဲ့ရတဲ့ စပိန်

စကော့တလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဂန်း၊ ခံစစ်မှာ ဟန်လီ၊ ပေါ်တီယပ်စ်နဲ့ တီယာနီတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ မက်ဂရီဂါ၊ မက်တော်မီနေး၊ ဟစ်ကီနဲ့ ရောဘတ်ဆန်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ မက်ဂင်း၊ ခရစ္စတီးနဲ့ ဒိုက်ခ်စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် စပိန်တို့ကတော့ ဂိုးသမား ကီပါ၊ ခံစစ်မှာ ဒေးဗစ် ဂါစီယာ၊ အီညီဂို မာတီနက်ဇ်၊ ပက်ဒရို ပေါ်ရိုနဲ့ ဟိုဆေး ဂါယာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဒါနီ စီဘာယော့စ်နဲ့ မယ်ရီနိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပြီးခဲ့တဲ့ပွဲမှာ အနိုင်ဂိုးနှစ်ဂိုးသွင်းတဲ့ ဟိုဆေးလူးကို ပီနိုနဲ့ အိုယာဇာဘယ်လ်တို့ ခြံရံပြီး တွဲဖက်ပေးခဲ့တာပါ။

အရန်တွေကို ပွဲထုတ်ခဲ့ပေမယ့် နည်းစနစ်ကောင်းတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ စပိန်တို့ပဲ ထုံးစံအတိုင်း ဘောလုံးကိုင်ကစားခဲ့သလို လုပ်အားနှုန်းကောင်းတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ စကော့တလန်တို့ရဲ့ နည်းပြ စတိဗ် ကလာ့ခ်ကတော့ ခံစစ်လုံလုံနဲ့ ကောင်တာချောင်းကစားဖို့ပဲ ရွေးချယ်လာခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၇ မိနစ်မှာကတည်းက စကော့တလန်တို့ ဦးဆောင်ဂိုး ရသွားခဲ့သလို ဒီဂိုးကိုတော့ ဘောလုံးလိမ်ရင် မနိုင်ဘဲ ချော်လဲတဲ့ စပါးစ်ကစားသမား ပေါ်ရိုရဲ့ အမှားကနေ ရောဘတ်ဆန်က ရယူပြီး Cut Back လုပ်ပေးတာကို ဧရိယာထဲ ဝင်လာတဲ့ မက်တော်မီနေးက ကြုံတဲ့ ဘယ်ခြေနဲ့ပဲ ကန်သွင်းခဲ့ရာမှာ ချဲလ်ဆီးဂိုးသမား ကီပါ မကာကွယ်နိုင်ခဲ့လို့ မန်ယူကွင်းလယ်လူရဲ့ ဂိုးမြူးမှုကို မရပ်တန့်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၁၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘုန်းမောက်ကစားသမား ခရစ္စတီးရဲ့ တစ်ကိုယ်တော်ကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့လို့ စပိန်တို့ သက်သာခဲ့ရပြီး ပွဲချိန် မိနစ် ၂၀ မှာတော့ ဟိုဆေးလူးရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား ဂန်း ဖမ်းယူခဲ့ရသလို သူ့ရဲ့ နောက်တစ်ကြိမ် ခေါင်းတိုက်ချက်ကလည်း ပွဲချိန် ၂၃ မိနစ်မှာ ဘားမှန်ခဲ့လို့ အိမ်ရှင်တွေ ကံကောင်းခဲ့ရပါတယ်။

ဂိုးပြန်ရဖို့ စပိန်တို့ဘက်က ဖိကစားနေခဲ့ပေမယ့် စပိန်ပုံစံနဲ့မတူဘဲ အရိုင်းဆန်နေခဲ့တာကြောင့် အဝေးကန်ချက်တွေနဲ့ ခေါင်းတိုက်ချက်တွေကို စကော့တွေဘက်က တောင့်ခံသွားနိုင်ခဲ့ကြပြီး နာကျင်အချိန်ပိုမှာတော့ ဒိုက်ခ်စ်ရဲ့ တန်ပြန်တိုက်စစ်ကနေ ဂိုးသွင်းဖို့ ကြိုးစားတာက ဘားကျော်သွားခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ စကော့တလန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုလည်း မက်တော်မီနေးကပဲ သွင်းယူခဲ့သလို တန်ပြန်တိုက်စစ်ကနေ အာဆင်နယ်နောက်ခံလူ တီယာနီက ဘယ်ခြမ်းတောက်လျှောက် ဆွဲပြေးပြီး ဖြတ်တင်ပေးတဲ့ ဘောလုံးက နောက်ခံလူ ဂါစီယာနဲ့ထိပြီး အပြန်အကျမှာ မန်ယူကွင်းလယ်လူက ဘယ်ခြေနဲ့ပဲ ပြေးဝင်ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။

မက်တော်မီနေးအနေနဲ့ လွန်ခဲ့တဲ့ လေးရက်က ကစားခဲ့တဲ့ ဆိုက်ပရပ်စ်နဲ့ ပွဲစဉ်မှာလည်း ပွဲပြီးခါနီးမှာ နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သလို ဒီနေ့မှာလည်း နှစ်ဂိုးသွင်းခဲ့တာကြောင့် နှစ်ပွဲမှာ လေးဂိုးအထိ ရရှိခဲ့တာဖြစ်ပြီး ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ရဲ့ ဂိုးသွင်းနှုန်းဖြစ်နေခဲ့သလို စကော့တွေကို နှစ်ပွဲဆက် နိုင်ပွဲရဖို့လည်း လုံလောက်စေခဲ့တာပါ။

စပိန်တို့ဘက်က ပေါ်ရို၊ အိုယာဇာဘယ်လ်၊ မယ်ရီနို၊ ဟိုဆေးလူးနဲ့ စီဘာယော့စ်တို့အစား ကာဗာဟယ်လ်၊ နီကို ဝီလီယမ်စ်၊ အက်စ်ပတ်စ်၊ အီဂလီဆီယာ့စ်နဲ့ ဂါဗီတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ဂိုးပြန်မရခဲ့သလို စကော့တလန်တို့ဘက်ကတော့ ခရစ္စတီး၊ တီယာနီ၊ ဟစ်ကီ၊ မက်ဂင်းနဲ့ ဒိုက်ခ်စ်တို့အစား မက္ကလင်း၊ ကူးပါး၊ ပက်တာဆန်၊ ဖာဂူဆန်နဲ့ ရှန့်ခ်လန်းတို့ကို လဲလှယ်ပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ စကော့တလန်တို့ရဲ့ ပြထားတာ မဟုတ်တဲ့ လျှို့ဝှက်တိုက်စစ်မှူး မက်တော်မီနေးကြောင့် စပိန်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး မြွေခြောက်ကိုက်ခံခဲ့ရသလို ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု(အေ)ရဲ့ အမှတ်ပေးဇယားကိုတော့ ရဲရင့်တဲ့ အိမ်ရှင် စကော့တလန်တို့က နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ခြောက်မှတ်နဲ့ ဦးဆောင်လိုက်နိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.