Serie A

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ထဲက ဘယ်သူက စံပြပုဂ္ဂိုလ်လဲဆိုတာ ရွေးချယ်ခဲ့တဲ့ နာပိုလီကြယ်ပွင့်

နာပိုလီရဲ့ တောက်ပလာနေတဲ့ ကြယ်ပွင့်ကစားသမား ခဗာရက်စခီလီယာက လီယွန်နယ် မက်ဆီထက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ၎င်းရဲ့ စံပြပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဂျော်ဂျီယာတောင်ပံကစားသမားက လီယွန်နယ် မက်ဆီက ကမ္ဘာ့ထိပ်တန်းမှာရှိနေပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက ၎င်းရဲ့ စံပြပုဂ္ဂိုလ်လို့ ယူဆထားတာ ဖြစ်ပါတယ်။

စံပြပုဂ္ဂိုလ်အဖြစ် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ထဲက ဘယ်သူ့ကို စံပြပုဂ္ဂိုလ်အဖြစ် ရွေးချယ်မလဲလို့ မေးမြန်းခဲ့ရာမှာ ခဗာရက်စခီလီယာက “ရော်နယ်လ်ဒိုက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ဖြစ်တာကြောင့် သူ့ကို ပိုပြီးတော့ နှစ်သက်ပါတယ်။ ဒါပေမယ့် မက်ဆီက ထိပ်ဆုံးမှာ ရှိပါတယ်”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုအထိ ဘောလုံးလောကကို လွှမ်းမိုးထားနိုင်ခဲ့တဲ့ ကစားသမားဖြစ်တာကြောင့် ခဗာရက်စခီလီယာက ပေါ်တူဂီကြယ်ပွင့်ကို ပိုမိုနှစ်သက်တာကို နားလည်နိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လျင်မြန်မှု၊ အဆုံးသတ်ကောင်းမွန်မှုက ခဗာရက်စခီလီယာ အပါအဝင် မျိုးဆက်သစ် လူငယ်ကစားသမားတွေအတွက် အားကျအတုယူစရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဂျော်ဂျီယာလက်ရွေးစင်ကြယ်ပွင့်က ယခုရာသီ နာပိုလီအတွက် တောက်ပတဲ့ ခြေစွမ်း ပြသနေသူဖြစ်ပြီး ပွဲ ၃၀ မှာ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
ခဗာရက်စခီလီယာရဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေက နာပိုလီအသင်းကို အသင်းသမိုင်းတလျှောက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်အောင် အကူအညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျော်ဂျီယာတောင်ပံကစားသမားက ရော်နယ်လ်ဒို ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားတာကို ကြည့်ရင်း ကြီးပြင်းခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပြီး နာပိုလီအသင်းကသာ ၎င်းကို ရောင်းချဖို့ သဘောတူမယ်ဆိုရင် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်က ခဗာရက်စခီလီယာကို ခေါ်ယူဖို့ ကြိုးပမ်းနိုင်တဲ့အသင်းတွေထဲမှာ အပါအဝင်ဖြစ်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.