International Match Report

ရုန်းကန်နေရဆဲဖြစ်ပြီး ဂျီဘရော်လ်တာကို ပွဲပြီးခါနီးမှ ဂိုးပြတ်ခဲ့တဲ့ နယ်သာလန်

နယ်သာလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဆီလက်ဆန်၊ ခံစစ်မှာ ဒီလစ်ချ်၊ ဗန်ဒိုက်၊ ဒမ်းဖရီးစ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဗီးဖာ၊ ဗိုင်နယ်လ်ဒွမ်နဲ့ ဒီပိုင်းတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဘာ့ဂ်ဟာ့စ်၊ ဇာဗီ ဆီမွန်စ်နဲ့ ဗက်ဂ်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဂျီဘရော်လ်တာအသင်းကတော့ ဂိုးသမား ကိုးလင်း၊ ခံစစ်မှာ လိုပက်စ်၊ ရှီပိုလီနာ၊ အိုလီဗာရို၊ ဆားဂျင့်နဲ့ ဘရစ်တိုတို့ကို ငါးဦးအထိ စုဖွဲ့လာခဲ့ပြီး ကွင်းလယ်မှာတော့ တော်ရီလာ၊ ရိုနန်၊ ဝေါ်လ်ကာနဲ့ ကက်စီယာရိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကွမ်းဘ်စ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ရော်နယ်လ် ကိုးမန်းရဲ့ ဒီနေ့ ခင်းကျင်းလာတဲ့ ကစားကွက်က ပြင်သစ်နဲ့ပွဲမှာထက် အဆင့်ပိုရှိလာခဲ့ပြီး ချောမွေ့တဲ့ တိုက်စစ်ကစားကွက်ကို အားနည်းတဲ့ ပြိုင်ဘက်ဖြစ်တဲ့ စပိန်နဲ့ အင်္ဂလိပ် မျိုးဆက်တွေ နေထိုင်ရာ ဂျီလ်ဘရော်လ်တာနဲ့ပွဲမှာ စမ်းသပ်လာခဲ့တာဖြစ်သလို ထိပ်တန်းအဆင့်ကြီး မဟုတ်သေးပေမယ့် အားကောင်းမှု ရှိလာခဲ့တာဖြစ်ပါတယ်။

အထောင်နဲ့ ဘယ်တောင်ပံမှာ ကစားနေကျ ဒီပိုင်းကို ကွင်းလယ်တိုက်စစ်မှာ ဘောလုံးကိုင်ကစားခိုင်းခဲ့တာက မဆိုးခဲ့ပေမယ့် ယှဉ်နိုင်စွမ်း မရှိတဲ့ အင်အားကြီးအသင်းကို ခံစစ်မှာ လူအကုန်ထားကစားတဲ့ ဂျီဘရော်လ်တာတို့ကို ဂိုးသွင်းဖို့ကတော့ ထင်တာထက် ပိုပြီး အချိန်ယူခဲ့ရသလို ဇာဗီ ဆီမွန်စ်ရဲ့ အတွေ့အကြုံနည်းသေးမှုနဲ့ ဘာ့ဂ်ဟာ့စ်ရဲ့ လေးလံမှုတွေက ဒတ်ချ်တွေကို အိမ်ကွင်းမှာ ထက်မြက်မှု နည်းစေခဲ့တာပါ။

ပွဲချိန် ၂၃ မိနစ်မှာ နယ်သာလန်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ အပေးအယူလုပ်ပြီး ညာတောင်ပံ ထုတ်ပေးလိုက်တဲ့ ဘောလုံးကို ဒမ်းဖရီးစ်က ဂိုးရှေ့ကို မတင်ပေးရာမှာ တိုက်စစ်မှူးနေရာ မယူဘဲ ကွက်ပျောက် ကစားနေတဲ့ ဒီပိုင်းက နေရာလွတ်ထဲကို ပြေးဝင်ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ ဂျီဘရော်လ်တာသားတွေ အငိုက်မိပြီး ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာနှုန်းအထက် ယူထားတဲ့ နယ်သာလန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့တာကတော့ စိတ်ပျက်စရာ တစ်ခုဖြစ်ခဲ့ပြီး တိုက်စစ်မှူးတွေကြားမှာ ခေါင်းတိုက်ဖို့နဲ့ လုပ်အားနှုန်း သုံးဖို့လောက်ပဲ ရတဲ့ ဗက်ဂ်ဟော့စ်နဲ့ တွဲလုံးဖော်ဆောင်နိုင်မှု နည်းခဲ့တာက ဒီလိုအဖြေမျိုး ထွက်စေခဲ့တာကြောင့် ဒုတိယပိုင်းပြန်အစမှာတော့ ဗိုင်နယ်လ်ဒွမ်နဲ့ ဘာ့ဂ်ဟာ့စ်တို့အစား ဂက်ခ်ပိုနဲ့ မာလန်တို့ကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် မိနစ် ၅၀ မှာတော့ နယ်သာလန်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂိုးရှေ့ကို ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဘယ်တိုက်စစ်မှူးကမှ ခေါင်းမတိုက်နိုင်ဘဲ ညာဘက်တိုင်ခြေနား ကျလာခဲ့ရာမှာ ဒမ်းဖရီးစ်က အဝေးတိုင်ဘက် ပြန်မ,ပေးခဲ့တာကို နောက်က လိုက်တက်လာတဲ့ နောက်ခံလူ အာကေက ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒတ်ချ်တွေအနေနဲ့ ဘောလုံးပိုင်ဆိုင်မှု အများကြီး ရယူထားခဲ့ပေမယ့် ပွဲချိန် ၅၁ မိနစ်မှာ ဝေါလ်ကာ အနီကတ်အပြခံရပြီး ၁၀ ယောက်နဲ့ ကစားနေခဲ့တဲ့ ကမ္ဘာ့အဆင့် ၂၀၀ က အသင်းကို ဒုတိယပိုင်းအလယ်ရောက်တဲ့အထိ နှစ်ဂိုးသာ သွင်းနိုင်တာကတော့ အားမရစရာဖြစ်နေခဲ့တာကြောင့် နည်းပြ ကိုးမန်းအနေနဲ့ ဗီးဖာ၊ ဒီပိုင်းနဲ့ ဒီလစ်ချ်တို့အစား ဘလင်းဒ်၊ ကလာ့စ်ဆန်နဲ့ မာလာစီယာတို့ကို ထည့်ပြီး ပြောင်းလဲသွားခဲ့တာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ တတိယ အနိုင်ဂိုးကို ဒတ်ချ်တွေ ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တိုက်စစ်မှူးမှ ဘာမှ မလုပ်နိုင်တဲ့ အချိန်မှာ ကွင်းလယ်က ဘလင်းဒ် ပေးတဲ့ ဘောလုံးကို နောက်ခံလူ အာကေက ဧရိယာထိပ်ကနေ ကန်သွင်းဖို့ ကြိုးစားရာမှာ ဂျီဘရော်လ်တာနောက်ခံလူတွေနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ ဂိုးသမား မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဆိုးရွားတဲ့ တိုက်စစ်နဲ့ နယ်သာလန်တို့က နောက်ခံလူ အာကေရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အကျိုးပြုမှုကြောင့် ဂျီဘရော်လ်တာကို အိမ်ကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ကြပြီး နည်းပြ ကိုးမန်းနဲ့ ကစားသမားတွေအနေနဲ့ သူများတွေ ပက်ပက်စက်စက် ဂိုးသွင်းတဲ့ အဆင့် ၂၀၀ က အသင်းနဲ့ပွဲမှာ သူတို့ရဲ့ ခြေစွမ်းကို အဆုံးဖြတ်ခံခဲ့ရရမှာတော့ အများကြီး ကြိုးစားဖို့ပဲ လိုနေသေးကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.