International Match Report

ရော်နယ်လ်ဒိုရဲ့ စံချိန်တွေ ရှေ့ဆက်ပြီး လူဇင်ဘတ်ကို ခြောက်ဂိုးသွင်းတဲ့ ပေါ်တူဂီ

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရူအီ ပက်ထရီစီယို၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အန်တိုနီယို ဆေးလ်ဗားနဲ့ ဒါနီလို ပါရဲရားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျာအို ပယ်လင်ညာ၊ ဘရူနို ဖာနန်ဒက်စ်၊ ဒါလော့နဲ့ နူနို မန်ဒက်စ်တို့ကို ကစားစေခဲ့သလို တိုက်စစ်မှာတော့ ဘာနာဒို ဆေးလ်ဗား၊ ဂျာအို ဖဲလစ္စနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် လူဇင်ဘတ်အသင်းကတော့ ဂိုးသမား မောရစ်၊ ခံစစ်မှာ ရှာနော့၊ မားဗင် မာတင်စ်၊ ဂါဆင်၊ ယန်းစ်နဲ့ ပင်တိုတို့ကို စုဖွဲ့လာခဲ့ပြီး ကွင်းလယ်မှာတော့ ခရစ္စတိုဖာ မာတင်စ်၊ ဘာရဲရိုး၊ သီးလ်နဲ့ ရိုဒရီးရက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆီနာနီ တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၉ မိနစ်မှာပဲ ပေါ်တူဂီတို့ ဈေးဦးစဖောက်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘာနာဒို ဆေးလ်ဗား ဆွဲယူလာပြီး အတွင်းကို ချိုးပေးရာမှာ ဘရူနို ဖာနန်ဒက်စ်က အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို နူနို မန်ဒက်စ်က ဂိုးရှေ့ကို ပြန်ပြီး ခေါင်းတိုက်ချပေးရာမှာ ရော်နယ်လ်ဒိုက လွတ်လွတ်ကျွတ်ကျွတ် အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ပေါ်တူဂီတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘာနာဒို ဆေးလ်ဗားပဲ တစ်ကိုယ်တော် ဆွဲယူလာပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ လူဇင်ဘတ်နောက်ခံလူနှစ်ယောက်ကြားကနေ ပြေးဝင်လာတဲ့ ဂျာအို ဖဲလစ္စက ဆရာကျကျပဲ ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၁၈ မိနစ်မှာတော့ ပေါ်တူဂီတို့အတွက် ခြေစွမ်းပြနေခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားက တတိယမြောက်ဂိုးကို ရယူသွားခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ပယ်လင်ညာက လူဇင်ဘတ်ခံစစ်တန်းပေါ်ကျော်ပြီး ဂိုးရှေ့ကို မ,ပေးလိုက်တဲ့ ဘောလုံးကို မန်စီးတီးကွင်းလယ်လူက ပါးပါးနပ်နပ်နဲ့ ပြေးထွက်ပြီး ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဂိုးသမား မကာကွယ်နိုင်မယ့် ဘယ်ဘက်တိုင်ခြေကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာ ပေါ်တူဂီတို့ပဲ စတုတ္ထမြောက် အနိုင်ဂိုးကို ရှာဖွေနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ လူဇင်ဘတ်နောက်ခံလူဆီကနေ ဂျာအို ဖဲလစ္စက လုယူပြီး ပေးတဲ့ ဘောလုံးကို ဘရူနို ဖာနန်ဒက်စ်က ဧရိယာထဲကို လှမ်းခင်းပေးရာမှာ လူကပ်ထားတာကို ခွာထွက်သွားခဲ့တဲ့ ရော်နယ်လ်ဒိုက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ လွတ်နေတဲ့ ဘယ်ဘက်တိုင်ခြေကို ဘယ်ခြေနဲ့ အသာကန်သွင်းယူသွားခဲ့တာပါ။

ပထမပိုင်းမှာ ပေါ်တူဂီတို့က လူဇင်ဘတ်တို့ကို လေးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ အိမ်ရှင်တို့က ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား ရူအီ ပက်ထရီစီယို ကာကွယ်နိုင်ခဲ့သလို ဒီနောက်မှာတော့ ဧည့်သည်တွေဘက်က နှစ်ပွဲဆက် လေးဂိုးရထားချိန်မှာ သိပ်ပြီး မရုန်းတော့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ ပေါ်တူဂီတို့ဘက်က အပြောင်းအလဲလုပ်လာခဲ့ပြီး ဘာနာဒို ဆေးလ်ဗားနဲ့ ရော်နယ်လ်ဒိုတို့အစား ရူဘင် နာဗက်စ်နဲ့ ဂွန်ဆာလို ရာမို့စ်တို့ကို ထည့်သွင်းလာခဲ့သလို ပွဲချိန် ၇၅ မိနစ်မှာတော့ ဂျာအို ဖဲလစ္စနဲ့ ဘရူနို ဖာနန်ဒက်စ်တို့အစား အော့တာဗျိုနဲ့ ရာဖေးလ် လီယာအိုတို့ကို လဲကစားသွားခဲ့တာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ ပေါ်တူဂီတို့ပဲ ပဉ္စမမြောက် အနိုင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ နူနို မန်ဒက်စ် ဆွဲပြေးပြီး ဘယ်တောင်ပံကို ခင်းပေးခဲ့ရာမှာ လီယာအိုက ဂိုးစည်းနားကနေ ဂိုးရှေ့ကို ပြန်ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို လူဇင်ဘတ်တို့ရဲ့ ဖရိုဖရဲခံစစ်ကြားက လွတ်နေခဲ့တဲ့ အော့တာဗျိုက ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လူဇင်ဘတ်တို့ရဲ့ ကစားပုံကတော့ တော်တော်လေး ရှက်ဖို့ကောင်းနေခဲ့သလို ဘယ်လို လူကပ်ပြီး ဘယ်လိုခံစစ်ကစားရမယ်ဆိုတာကိုလည်း ကောင်းကောင်းသိပုံမရဘဲဖြစ်နေခဲ့လို့ နောက်တန်း ၅ ယောက် အသုံးပြုထားခဲ့ပေမယ့် ဝါးအစည်းပြေသလိုပဲဖြစ်နေခဲ့ပြီး အရပ်ပုပုနဲ့ ဘာနာဒို ဆေးလ်ဗား၊ အော့တာဗျိုတို့ရဲ့ ခေါင်းတိုက်သွင်းတာတွေကို ခွင့်ပြုခဲ့ရတာပါ။

ပွဲချိန် ၈၃ မိနစ်မှာ ဖရီးကစ်ကနေ ရူဘင် နာဗက်စ်ရဲ့ ညာဘက်ထောင့်ကို လှမ်းကန်ချက်က ချိန်သားအနည်းငယ် လွဲသွားခဲ့လို့ ဂိုးဘားထိထွက်ပြီး ကျေနပ်ခဲ့ရသလို ပွဲချိန် ၈၅ မိနစ်မှာတော့ သူ့ကြောင့် ရတဲ့ ပင်နယ်တီကို လီယာအိုက ကိုယ်တိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးသမားဒိုက်ပစ်တဲ့ ညာဘက်ကို ကန်မိခဲ့လို့ ပုတ်ထုတ်ခံခဲ့ရပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ လီယာအိုက စိတ်မကျေပွဲအဖြစ် ပေါ်တူဂီတို့အတွက် ဆဋ္ဌမမြောက်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန် တိုက်စစ်ကနေ ရူဘင် နာဗက်စ်ရဲ့ အကွက်မြင်တဲ့ ပေးပို့မှုကို အေစီမီလန်တောင်ပံသမားက ဘယ်ခြမ်းတောက်လျှောက် ဆွဲပြေးပြီးမှ လူဇင်ဘတ်နောက်ခံလူ သုံးယောက်လောက်ကို လိမ်ခေါက်ပြီး ဧရိယာထဲကနေ အနီးတိုင်ခြေကို ချိုးကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ပေါ်တူဂီတို့က လူဇင်ဘတ်တို့ကို အဝေးကွင်းမှာ ခြောက်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို ယူရို ၂၀၂၄ ခြေစစ်ပွဲအဆင့် အုပ်စု(ဂျေ)ရဲ့ ထိပ်ဆုံးမှာ နှစ်ပွဲကစား နှစ်ပွဲနိုင်၊ ရမှတ် ၆ မှတ်၊ ရဂိုး ၁၀ ဂိုးနဲ့ ရပ်တည်သွားနိုင်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ နှစ်ပွဲမှာ လေးဂိုး ရယူနိုင်ခဲ့လို့ နိုင်ငံတကာပွဲ ၁၉၈ ပွဲမှာ ဘယ်သူမှ လိုက်မမီနိုင်လောက်တဲ့ စံချိန်တင် သွင်းဂိုး ၁၂၂ ဂိုးအထိ ရှိလာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.