International Match Report

အာဆင်နယ် အလိုရှိနေတဲ့ တိုက်စစ်မှူး ဂိုးမြူးပေမယ့် ရှက်စရာ ရှုံးပွဲတွေ့တဲ့ ဒိန်းမတ်

ဒိန်းမတ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရှမိုက်ကယ်၊ ခံစစ်မှာ ကေယာ၊ နယ်လ်ဆန်၊ ဘားနဲ့ မေလာတို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်၊ နော်ဂါ့ဒ်နဲ့ ယန်ဆင်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဗင်းဒ်၊ ဒမ်းစ်ဂါ့ဒ်တို့နဲ့အတူ ပြီးခဲ့တဲ့ ဖင်လန်နဲ့ပွဲမှာ ဟက်ထရစ် ရခဲ့တဲ့ ဟွိုင်လွန်းတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် ကာဇက်စတန်အသင်းကတော့ ဂိုးသမား ရှက်စကီး၊ ခံစစ်မှာ မာရော့ချ်ခင်၊ မေလီ၊ အာလစ်ပ်၊ ဂါဘီရှက်ဗ်နဲ့ ဗိုရိုဂေါ့ဗ်စကီးတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဘိုင်ဆီဘီကော့ဗ်၊ ဇေနတ်ဒီနော့ဗ်နဲ့ တာဂီဘာဂျင်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ အိုရာဇော့ဗ်နဲ့ ဆာမိုရိုဒေါ့ဗ်တို့ကို ကစားစေခဲ့တာပါ။

ဘောလုံးအဆင့်အတန်းနဲ့ ရပ်တည်မှု ပိုမိုမြင့်မားတဲ့ ကမ္ဘာ့အဆင့် ၁၈ က ဒိန်းမတ်တို့အနေနဲ့ ဒီနေ့ပွဲမှာ ဘောလုံးကိုင်ကစားပြီး အိမ်ရှင်တွေကို အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့ကြသလို ပရီးမီးယားလိဂ်ကစားသမားသုံးဦးဖြစ်တဲ့ ဟွိုင်ဘယာ့ဂ်၊ နော်ဂါ့ဒ်နဲ့ ယန်ဆင်တို့ကို တွဲထားတဲ့ ကွင်းလယ်ကလည်း စွမ်းဆောင်ရည်ကောင်းခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာ ဒိန်းမတ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ဝါရင့်နောက်ခံလူ ကေယာက ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ကာဇက်စတန်နောက်ခံလူတွေကြားထဲက ပြေးထွက်သွားခဲ့တဲ့ အသက် ၂၀ အရွယ် တိုက်စစ်မှူး ဟွိုင်လွန်းက ရှေ့ထွက်လာတဲ့ ဂိုးသမား ရှက်စကီးပေါ်ကနေ ကျော်ကန်ပြီး သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာလည်း အာဆင်နယ်တို့ အလိုရှိနေတဲ့ တိုက်စစ်မှူးကပဲ ဒိန်းမတ်တို့အတွက် ဒုတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ကာဇက်စတန်နောက်ခံလူတွေနဲ့ ဧရိယာထဲမှာ လုံးထွေးထိုးဖောက်နေခဲ့တဲ့ ဒမ်းစ်ဂါ့ဒ်နဲ့ ဗင်းဒ်တို့ရဲ့ အားထုတ်မှုကနေ လူကြားထဲက ထွက်လာတဲ့ ဘောလုံးကို ဟွိုင်လွန်းကပဲ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတဲ့အနေနဲ့ ကွက်တိပိတ်သွင်းခွင့်ရခဲ့တာဖြစ်ပါတယ်။

ယူရို ၂၀၂၄ ခြေစစ်ပွဲ နှစ်ပွဲမှာ ငါးဂိုးသွင်းယူခဲ့တဲ့ ဟွိုင်လွန်းရဲ့ ဂိုးတွေနဲ့ ပထမပိုင်းမှာ ဒိန်းမတ်တို့က ကာဇက်စတန်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ အမာခံကစားသမားတချို့ဖြစ်တဲ့ ဘား၊ ယန်ဆင်နဲ့ ဒမ်းစ်ဂါ့ဒ်တို့အစား စထရိုင်ဂါ လာဆန်၊ ဘီလင်းနဲ့ ဒါရာမီတို့ကို ထည့်သွင်းလိုက်ချိန်မှာတော့ ဗိုက်ကင်းအနွယ်ဝင်တွေ ပြိုလဲစပြုလာခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ ကာဇက်စတန်တို့က ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကို ကာကွယ်တဲ့ ဒိန်းမတ်ဘက်က ဗင်းဒ် လက်ထိတယ်ဆိုပြီး မပေးလဲရတဲ့ ၅၀-၅၀ အနေအထားမှာ ပေးခဲ့တဲ့ ပင်နယ်တီကနေ ဇေနတ်ဒီနော့ဗ်က ဂိုးအလယ်တည့်တည့်ကို အမြောက်ကန်သွင်းယူသွားခဲ့တာပါ။

ဒီအခြေအနေကို လူစားလဲပြီး ထိန်းသိမ်းဖို့ ကြိုးစားတဲ့ ဒိန်းမတ်တို့ မအောင်မြင်ခဲ့ဘဲ ပွဲချိန် ၈၆ မိနစ်မှာ ကာဇက်စတန်တို့ သရေကျစေမယ့်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အပေးအယူလုပ်ပြီး ဘောလုံးရလာခဲ့တဲ့ အသင်းခေါင်းဆောင် တာဂီဘာဂျင်က ဘယ်ခြမ်းကနေ လှမ်းကန်သွင်းခဲ့ရာမှာ အဝေးတိုင်အပေါ်ထောင့်ကို တန်းတန်းမတ်မတ် ဝင်သွားခဲ့လို့ ဂိုးသမား ရှမိုက်ကယ် ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ ဒိန်းမတ်တို့ရဲ့ ပြိုလဲမှုက ပြီးပြည့်စုံသွားခဲ့ပြီး ကာဇက်စတန်တို့ တတိယဂိုးနဲ့ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဗိုရိုဂေါ့ဗ်စကီးရဲ့ ဖြတ်တင်ပေးပို့မှုကို လူစားဝင်လာပြီး အသုံးမကျသူနှစ်ဦးဖြစ်တဲ့ စထရိုင်ဂါ လာဆန်နဲ့ ဒါရာမီတို့ရဲ့ကြားကနေ အင်မ်ဘီတော့ဗ်က ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဒီအဆင့်နဲ့ ဒီအဆင့်ကို ရှက်တတ်ရင် လဲသေဖို့ ကောင်းနေပြီဖြစ်တဲ့ ဒိန်းမတ်တို့ သုံးဂိုး-နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး အုပ်စု(H)ကို သာသာယာယာနဲ့ ဦးဆောင်နိုင်ခွင့်ကို လက်လွှတ်ခဲ့ရသလို အဆင့် ၁၁၅ က ကာဇက်စတန်တို့အတွက်တော့ အိမ်ကွင်းမှာ သမိုင်းဝင်နိုင်ပွဲကို ဖန်တီးနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.