International Match Report Premier League

ဆာကာရဲ့ ဆင်ပျံခြေစွမ်းနဲ့ပဲ ယူကရိန်းတို့ကို ဝင်ဘလီမှာ ဒူးထောက်စေခဲ့တဲ့ အင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ မက်ဂွိုင်းယား၊ ဂျွန်စတုန်းစ်၊ ဝေါ်လ်ကာနဲ့ ချေးလ်ဝဲလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဘယ်လင်ဂမ်တို့နဲ့အတူ နပမ်းသမားဖက်တီး ကယ်လ်ဗင် ဖိလစ်အစား ဟန်ဒါဆန် ပြန်လည်ပါဝင်လာခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မက်ဒီဆန်နဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ယူကရိန်းတို့ကတော့ ဂိုးသမား ထရူဘင်၊ ခံစစ်မှာ ဆဗာတော့ခ်၊ မက်ဗီယန်ကို၊ ကာရာဗာယက်ဗ်နဲ့ မစ်ကိုလန်ကိုတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ စတီပါနင်ကို၊ ဇင်ချန်ကို၊ ဆူဒါကော့ဗ်၊ မာလီနော့ဗ်စကီးနဲ့ မူဒရစ်ခ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ယာရမ်ချုခ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ဝင်ဘလီမှာ နောက်ဆုံး ကစားထားတဲ့ ပွဲစဉ်မှာ သရေရယူထားနိုင်ခဲ့တဲ့ ယူကရိန်းတို့ရဲ့ နည်းပြ ရိုတန်အနေနဲ့ သူ့အသင်းကို ကွင်းလယ်မှာ ခပ်စိပ်စိပ်နဲ့ ကစားဖို့ လူများများနဲ့ ပိတ်ဆို့ထားခဲ့တာကြောင့် အင်္ဂလန်တို့ ထင်သလို မခင်းကျင်းနိုင်ခဲ့ဘဲ ဘယ်ခြမ်းကစားတဲ့ မက်ဒီဆန်ကလည်း မြန်နှုန်းအရ အကောင်းဆုံး အခြေအနေမှာ ရှိမနေခဲ့လို့ အိမ်ရှင်ခြင်္သေ့တွေ ရုန်းကန်ခဲ့ရပါတယ်။

အင်္ဂလန်တို့အနေနဲ့ ချဲလ်ဆီးတောင်ပံကစားသမား မူဒရစ်ခ်ကများ ဒုက္ခပေးမလားလို့ သတိကြီးကြီး ထားခဲ့ကြရပေမယ့် ဝေါ်လ်ကာကို မကျော်နိုင်တာနဲ့ လူကျွံနေတာတစ်ခုခုပဲ ဖြစ်နေခဲ့တာကြောင့် ပွဲချိန်ကြာလာတာနဲ့အမျှ အိမ်ရှင်တွေက ပွဲကို ထိန်းချုပ်သွားနိုင်ခဲ့ကြပြီး ယူကရိန်းတို့အနေနဲ့ ခံစစ်ကိုပဲ အားပြုလာခဲ့ရတဲ့နောက် မက်ဒီဆန်က ဘောလုံးဖြန့်တာ အချိန်ဆွဲမနေခဲ့ရင် စောစောစီးစီးကတည်းက ဂိုးရနိုင်ဖို့ ရှိခဲ့တာပါ။

ပွဲချိန် ၃၇ မိနစ်မှာ အင်္ဂလန်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဟာရီကိန်းက ညာတောင်ပံကို လှမ်းတင်ပေးလိုက်တဲ့ ဘောလုံးကို ဆာကာက တစ်ချက်ထိန်းပြီး ရှေ့က ပိတ်ဖို့ ကြိုးစားတဲ့ မူဒရစ်ခ်ကို ကျော်ပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ စားနေကျ ကြောင်ဖားကြီးဖြစ်တဲ့ ဂိုးသွင်းဘုရင် အသင်းခေါင်းဆောင်က သူစခဲ့တဲ့ ကိစ္စကို သူကပဲ ဘယ်ခြေနဲ့ အဆုံးသတ်ပြီး ၅၅ ဂိုးမြောက်အဖြစ် သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာတော့ အင်္ဂလန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာတောင်ပံကနေ ဟန်ဒါဆန် နောက်ပြန်ပေးတာကို ဝေါ်လ်ကာက အလယ်ကို ပြန်ခင်းပေးရာမှာ ဆာကာက သူ့ကို ကပ်ထားတဲ့ မက်ဗီယင်ကို,ကို တစ်ပတ်လှည့်ထွက်ပြီး အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ကန်သွင်းယူခဲ့ရာမှာတော့ လှပလွန်းတဲ့ သွင်းဂိုးအတွက် ပရိသတ်ကတောင် ဟာခနဲဖြစ်ခဲ့ရတာပါ။

ပထမပိုင်းမှာတော့ အင်္ဂလန်တို့ အခွင့်အရေးတွေကို ထပ်ပြီး အသုံးမချနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့သလို ဒုတိယပိုင်းပြန်စရာမှာတော့ ယူကရိန်းတို့က ဘောလုံးကိုင် ဖိကစားပြီး ချေပဂိုးရဖို့ ကြိုးစားလာခဲ့ပေမယ့် အိမ်ရှင် ခြင်္သေ့သုံးကောင်ခံစစ်ကိုတော့ မကျော်နိုင်ဘဲဖြစ်နေခဲ့ပြီး ဂိုးသမား ပစ်ခ်ဖို့ဒ်ကတော့ ခြင်ကိုက်ခံနေခဲ့ရပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ ဆာကာရဲ့ တိကျကောင်းမွန်တဲ့ ပေးပို့မှုကနေ ထိလိုက်ရုံနဲ့ ဝင်သွားမယ့် ဘောလုံးကို ဂိုးရှေ့တည့်တည့်မှာ တစ်ယောက်တည်း ချော်ကန်ခဲ့တဲ့ ဘယ်လင်ဂမ်ကြောင့် အင်္ဂလန်တို့ အပိုင်တစ်ဂိုး နစ်နာခဲ့ရပြီး မက်ဒီဆန်ကလည်း ဖြုန်းတီးတာနဲ့ အပေးအကမ်းလွဲတာတွေပဲ လုပ်တတ်ခဲ့လို့ ဂိုးထပ်ရဖို့တော့ ဝေးနေခဲ့ရတာပါ။

ယူကရိန်းတို့ဘက်က ကာရာဗာယက်ဗ်၊ မူဒရစ်ခ်၊ မစ်ကိုလန်ကို၊ ယာရမ်ချုခ်နဲ့ စတီပါနင်ကိုတို့အစား ဘူယဲလ်စကီး၊ ဆီဂန်ကော့ဗ်၊ ဆိုဘောလ်၊ ဒေါ့ဗစ်ခ်နဲ့ ကိုနိုပယ်လ်ယန်ကာတို့ကို ထည့်သွင်းသွားခဲ့သလို အင်္ဂလန်တို့ဘက်ကတော့ ဟာရီကိန်း၊ မက်ဒီဆန်နဲ့ ဘယ်လင်ဂမ်တို့အစား တိုနီ၊ ဂရီးလစ်ရှ်နဲ့ ဂါလာဂါတို့ကို အပြောင်းအလဲလုပ်သွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ အာဆင်နယ်ရဲ့ ဆာကာကို လူပေးမကစားချင်တဲ့ တစ်ကိုယ်ကောင်းဆန် ချဲလ်ဆီးမျိုးချစ် ဂါလာဂါကြောင့်လည်း အခွင့်အရေးတချို့ ဆုံးရှုံးခဲ့ရသလို ဂရီးလစ်ရှ်က ဂိုးသမားတည့်တည့် ကန်မိခဲ့ပြီး တိုနီကတော့ တိုက်စစ်မှာ အလုပ်မဖြစ်ခဲ့တာကြောင့် ပထမပိုင်းက ရလဒ်အတိုင်းပဲ ပွဲပြီးဆုံးခဲ့ပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု(စီ)ကို အင်္ဂလန်တို့ကပဲ နှစ်ပွဲကစား ခြောက်မှတ်နဲ့ ဦးဆောင်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.