Premier League

UEFA ရဲ့ ရော်နယ်လ်ဒိုကို မျက်နှာသာပေး ကူညီမှုအတွက် မက်ဆီဖန်တွေ စိတ်ပျက်နေ

လီယွန်နယ် မက်ဆီရဲ့ ပရိသတ်တွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားကို သူတို့ရဲ့ အာဂျင်တိုင်း GOAT ရယူနိုင်ခဲ့လို့ စိတ်ချမ်းသာခဲ့ပြီး အစဉ်အလာ ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသာရခဲ့ပြီး ဒီဘက်မှာ လိုက်မမီနိုင်တော့ဘူးလို့ စိတ်အေးနိုင်ခဲ့ပေမယ့် ပေါ်တူဂီသားကို UEFA ရဲ့ ဗြောင်ကျကျ ကူညီပေးခဲ့မှုအတွက်တော့ စိတ်ပျက်ခဲ့ရတယ်လို့ သိရပါတယ်။

မက်ဆီအနေနဲ့ ရော်နယ်လ်ဒိုကို ကမ္ဘာ့ဖလားကို ဆုပ်ကိုင်ပြပြီး အသာစီးရယူနိုင်ခဲ့ပေမယ့် နိုင်ငံတကာ သွင်းဂိုးအရေအတွက်မှာတော့ ၉၉ ဂိုးသာ ရရှိထားခဲ့ချိန်မှာ ပြိုင်ဘက်ဖြစ်သူကတော့ ဒီတစ်ပတ်မှာ သွင်းဂိုး ၁၂၂ ဂိုးအထိ ရှိသွားခဲ့တာဖြစ်ပြီး မတ်လအတွင်းက ယူရို ၂၀၂၄ ခြေစစ်ပွဲ ကစားခဲ့တဲ့ချိန်မှာ နှစ်ပွဲကို လေးဂိုးအထိ သွင်းယူသွားခဲ့တာပါ။

ရော်နယ်လ်ဒိုအနေနဲ့ ဒီနှစ်ပွဲကို လစ်ချင်စတိန်းနဲ့ လူဇင်ဘတ်တို့လို ကမ္ဘာ့အဆင့် ရပ်တည်မှုနိမ့်တဲ့ ပြိုင်ဘက်တွေနဲ့ အုပ်စု(ဂျေ)မှာ ကစားခဲ့ရတာဖြစ်ပြီး ဒီလိုမျိုး အသင်းငယ်လေးနှစ်သင်းကို ပေါ်တူဂီရဲ့ အုပ်စုထဲကို ထည့်ဆွဲပေးလိုက်တဲ့ UEFA ရဲ့ မဲခွဲရေးဆွဲမှုအတွက် မက်ဆီရဲ့ ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြတာပါ။

လစ်ချင်စတိန်းအသင်းကတော့ ကမ္ဘာ့အဆင့် ၁၉၈ မှာ ရပ်တည်နေတာဖြစ်ပြီး လူဇင်ဘတ်ကတော့ အဆင့် ၉၂ နေရာမှာ ရှိနေခဲ့သလို ပေါ်တူဂီတို့အတွက်တော့ ပြိုင်ဘက်လုံးဝ မဟုတ်ခဲ့ချိန်မှာ သူတို့နှစ်သင်းနဲ့ နှစ်ကျော့ပေါင်း လေးပွဲအထိ ကစားရချိန်မှာ ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးက ဘယ်လောက်အထိ မြင့်တက်သွားမလဲလို့ စိတ်ပျက်ညည်းတွားနေခဲ့ကြတာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ မက်ဆီတို့ အာဂျင်တီးနားအနေနဲ့ သူတို့ရဲ့ CONMEBOL ခြေစစ်ပွဲအဆင့်တွေမှာ ကမ္ဘာ့အဆင့် အနိမ့်ဆုံးဖြစ်တဲ့ အဆင့် ၈၂ က ဘိုလီဗီးယားကို ပိတ်ကန်မှုကြောင့်တစ်ကြောင်း၊ အိမ်ကွင်းမှာဆိုရင် ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၁၃၉၂ မှာရှိတဲ့ အသက်ရှူကျပ်တတ်တဲ့ တောင်ပေါ်မှာ ရွေးပြီး ကွင်းလုပ်ထားတာက တစ်ကြောင်းကြောင့် ခက်ခဲစွာ ကစားရလေ့ရှိသလို ကျန်တဲ့ အသင်းတွေကတော့ အဆင့် ၅၅ နဲ့ အထက်မှာ ရှိပြီး အဆင့် ၁ ကို မကြာခဏ ယူနေတတ်တဲ့ ဘရာဇီးလ်နဲ့လည်း ယှဉ်နေခဲ့ရတာပါ။

UEFA မှာတော့ အဆင့် ၉၀ အောက်အသင်း ၁၇ အသင်းအထိ ရှိနေခဲ့သလို လူဇင်ဘတ်(၉၂)၊ အာမေးနီးယား(၉၅)၊ ဘီလာရုစ်(၉၇)၊ ကိုဆိုဗို(၁၀၇)၊ အက်စ်တိုးနီးယား(၁၀၉)၊ ဆိုက်ပရပ်စ်(၁၁၀)၊ ကာဇက်စတန်(၁၁၅)၊ အဇာဘိုင်ဂျန်(၁၂၁)၊ ဖာရိုးကျွန်းစုများ(၁၂၃)၊ လတ်ဗီးယား(၁၃၃)၊ လစ်သူယေးနီးယား(၁၄၄)၊ အန်ဒိုရာ(၁၅၃)၊ မော်လ်တာ(၁၆၇)၊ မော်လ်ဒိုဗာ(၁၇၄)၊ လစ်ချင်စတိန်း(၁၉၈)၊ ဂျီဘရော်လ်တာ(၂၀၀)နဲ့ ဆန်မာရီနို(၂၁၁)တို့ ရှိနေတဲ့အတွက် ပေါ်တူဂီနဲ့ ရော်နယ်လ်ဒိုတို့အတွက် လွယ်ကူစေတယ်လို့လည်း ဝေဖန်သုံးသပ်ခံထားခဲ့ရပါတယ်။

မက်ဆီအနေနဲ့ ကိုပါအမေရိကနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ဘယ်တော့မှ မပြောင်းလဲတဲ့ ၉ သင်းနဲ့ ယှဉ်ပြိုင်နေရချိန်မှာ ရော်နယ်လ်ဒိုကတော့ အသင်းငယ်လေးတွေနဲ့ ကစားရတဲ့အပြင် ၂၀၂၄ ယူရိုခြေစစ်ပွဲမှာလည်း ဘော့စ်နီးယား၊ အိုက်စ်လန်၊ ဆလိုဗက်ကီးယား၊ လူဇင်ဘတ်နဲ့ လစ်ချင်စတိန်းတို့လို အားနည်းတဲ့ ပြိုင်ဘက်တွေနဲ့ ကစားနေရတာကြောင့် အာဂျင်တီးနားဘက်က ပရိသတ်တွေကတော့ စိတ်ပျက်မှုကို ထုတ်ဖော်လာခဲ့ကြတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.