Match Report Premier League

မြောက်လန်ဒန်ဒါဘီမှာ စပါးစ်တို့ကို အမုန်းကျွေးလိုက်တဲ့ အာဆင်နယ်အမျိုးသမီး

အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒန်ဂျယ်လို၊ ခံစစ်မှာ ဝီလီယမ်ဆန်၊ ဝပ်ဘင်-မွိုင်း၊ မာရစ်ဇ်နဲ့ မက်ကေ့ဘ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဗယ်လ်တီ၊ လစ်တဲလ်နဲ့ မာနမ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပီလိုဗာ၊ ဖို့ဒ်နဲ့ ဘလက်စတန်းနီးယပ်စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် တော့တင်ဟမ်ဟော့စပါးအမျိုးသမီးတွေကတော့ ဂိုးသမား ကော်ပယ်လာ၊ ခံစစ်မှာ တာနာ၊ ဘာထရစ်ပ်၊ နဗီးလ်နဲ့ ဟားရော့ပ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဆမ်မန်နင်၊ ဂျိမ်းစ်၊ အီဒူလ်ဆွိုင်းနဲ့ အာယာနီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အင်္ဂလန်နဲ့ စပင့်စ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာကတည်းက အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ဝီလီယမ်ဆန်က ရှေ့ကို ပေးလိုက်တဲ့ ဘောလုံးကို ပီလိုဗာ မထိန်းနိုင်ဘဲ လွတ်ထွက်သွားခဲ့ပေမယ့် စပါးစ်နောက်ခံလူတစ်ဦးကို ကျော်လာတဲ့ ဘောလုံးကို ဘလက်စတန်းနီးယပ်စ်က ဆွဲပြေးပြီး ညာခြမ်းကနေ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ပီလိုဗာ ပေးတဲ့ ဘောလုံးကို ဘယ်ခြမ်းက ရသွားတဲ့ ဖို့ဒ်က စပါးစ်ညာနောက်ခံလူ နဗီးလ်ကို ကျော်ဖြတ်ပြီးမှ ဧရိယာထိပ်ကနေ အနိမ့်ဘော ကန်သွင်းယဓခဲ့ရာမှာ ဂိုးသမား ကော်ပယ်လာ မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၃၉ မိနစ်မှာတော့ စပါးစ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နဗီးလ်ရဲ့ ကန်ချက်က အာဆင်နယ်နောက်ခံလူ မက်ကေ့ဘ်ရဲ့ လက်ကို သွားမှန်လို့ ပေးခဲ့ရတဲ့ ပင်နယ်တီကို တိုက်စစ်မှူး အင်္ဂလန်က ဂိုးသမား ဒန်ဂျယ်လိုကို မလှုပ်နိုင်အောင် ပညာပြပြီး ကန်သွင်းခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

စပါးစ်တို့ဘက်မှာ လောက်လောက်လားလားဆိုလို့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဘက်သနီ အင်္ဂလန်တစ်ဦးတည်းသာ ပါဝင်ခဲ့တာကြောင့် အမျိုးသမီး မြောက်လန်ဒန်ဒါဘီမှာ တွေ့လိုက်တိုင်း အနိုင်ယူနေကျ အာဆင်နယ်တို့ကို ယှဉ်ကစားဖို့တော့ မဖြစ်နိုင်တော့ဘဲ ဒုတိယပိုင်းမှာ ဂန်းနားလေဒီတွေ အနိုင်ပြတ်သားဖို့ ဖြစ်လာခဲ့တာပါ။

ပွဲချိန် ၆၆ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယ ဦးဆောင်ဂိုး ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဧရိယာထဲအထိ ဝင်ရောက်ထိုးဖောက် လာခဲ့တဲ့ ဘယ်နောက်ခံလူ မက်ကေ့ဘ်ကို စပါးစ်နောက်ခံလူ တာနာက ဆွဲလှဲခဲ့လို့ ရတဲ့ ပင်နယ်တီကို အသင်းကပ္ပတိန် လစ်တဲလ်က ဂိုးညာဘက် အပေါ်ထောင့်ကို လှလှပပ ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာ အာဆင်နယ်တို့ပဲ အနိုင်ပြတ်သားစေဖို့ နောက်ထပ်တစ်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ တောင်ပံသမား ပီလိုဗာက တစ်ကိုယ်တော်အစွမ်းနဲ့ စပါးစ်နောက်ခံလူနှစ်ဦးကို ‌ခေါက်ပြီး ဖြတ်တင်ပေးရာမှာ အဝေးတိုင်ဘက်ကို ကျလာတဲ့ ဘောလုံးကို ဖို့ဒ်က တစ်ချက်ထိန်းပြီး သူ့ရဲ့ ဒုတိယဂိုးအဖြစ် တိုင်ခြေကို ကန်သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ ပဉ္စမမြောက် ပွဲသိမ်းအနိုင်ဂိုးကို အာဆင်နယ်တို့ ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ စပါးစ်တို့ တိုက်စစ်မှာ ဘောလုံးပျက်ရာက ပြန်ရလာတဲ့ လစ်တဲလ်က တန်ပြန်တိုက်စစ်စတင်ဖို့ ကွင်းလယ်ကို ခင်းပေးခဲ့တာကို မာနမ်က တောက်လျှောက်ဆွဲပြေးပြီး ဧရိယာထိပ်ကနေ အမြောက် ကန်သွင်းယူခဲ့ရာမှာ စပါးစ်ဂိုးသမား ကော်ပယ်လာကို ကျော်ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်အမျိုးသမီးတွေက ငယ်နိုင် စပါးစ်အမျိုးသမီးတို့ကို ငါးဂိုး-တစ်ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ယူသွားခဲ့သလို ချဲလ်ဆီး ဦးဆောင်နေတဲ့ အမှတ်ပေးပြိုင်ပွဲမှာ မန်စီးတီးနဲ့အပြိုင် ရမှတ်တူ၊ ဂိုးကွာခြားချက်အသာနဲ့ ဒုတိယနေရာကို ရယူနိုင်ခဲ့ပြီး လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ထပ်ကစားခွင့်ရနိုင်ဖို့ ကြိုးစားနေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.