International Match Report

နော်ဝေလေးတို့ကို တိုက်စစ်မှူးသစ် မိတ်ဆက်ပွဲနဲ့ ပလေးသွားခဲ့တဲ့ အင်အားကြီး စပိန်

စပိန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ နာချို ဖာနန်ဒက်ဇ်၊ လာပေါ့တ်၊ ကာဗာဟယ်လ်နဲ့ အဲလက်စ် ဘာလ်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ မီခယ်လ် မယ်ရီနိုနဲ့ အီယာဂို အက်စ်ပတ်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဒါနီ အိုလ်မို၊ ဂါဗီနဲ့ မိုရာတာတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည် နော်ဝေတို့ကတော့ ဂိုးသမား နီလန်း၊ ခံစစ်မှာ စထရန်းဘတ်၊ အော့စတီဂွါဒ်၊ ပက်ဒါဆန်နဲ့ မဲလင်းတို့ကို နေရာချထားခဲ့ပြီး ကွင်းလယ်မှာတော့ ပက်ထရစ်ဘတ်၊ အော်စ်နက်စ်၊ အော်ဒီဂွါဒ်၊ ဆန်ဒါ ဘာဂါနဲ့ အယ်လ်ယူနူစီတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဟားလန်း မပါနိုင်ချိန်မှာ ဆော်လော့သ်ကို တင်ကစားခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာ စပိန်တို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မိုရာတာက ဘယ်ခြမ်းကို ခင်းပေးခဲ့တဲ့ ဘောလုံးကို နောက်ခံလူ အဲလက်စ် ဘာလ်ဒီက တောင်ပံကို ထွက်မလိုလိုနဲ့ မထွက်ဘဲ ဂိုးရှေ့ကို အနိမ့်ဘော Cross Shot လှမ်းကန်ရာမှာ အသင့်ရှိနေတဲ့ ဒါနီ အိုလ်မိုက နောက်ပေါက်နဲ့ချိတ်ပြီး လမ်းကြောင်းပြောင်း သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ နော်ဝေဘက်က အော်ဒီဂွါဒ် ကန်သွင်းတာကို ဧရိယာထဲမှာ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့တဲ့ စပိန်ကွင်းလယ်လူ ရိုဒရီရဲ့ လုပ်ရပ်ကို ပြင်သစ်ဒိုင်လူကြီး ဘက်နွာ ဘက်စတီယန်က ပင်နယ်တီရော ဘာကတ်မှပါ မပြဘဲ မျက်နှာသာပေး လျစ်လျူရှုသွားခဲ့တာကြောင့် ဧည့်သည်ပရိသတ်တွေ ဒေါသထွက်ခဲ့ရပြီး အိမ်ရှင်တွေကတော့ ကံကောင်းခဲ့တာပါ။

စပိန်တို့ဘက်က အမြဲတမ်းတက်နေကျ ပြဿနာဖြစ်တဲ့ အထောင်တိုက်စစ်မှူးက သုံးစားမရမှုကို ဒီနေ့မှာလည်း မိုရာတာနဲ့ပဲ ဆက်လက်ပြီး တိုင်ပတ်နေခဲ့သလို ပွဲချိန် ၂၈ မိနစ်မှာ အော်စ်နက်စ်ရဲ့ အနီးကပ် ကန်ချက်ကိုတော့ ကီပါ ကာကွယ်သွားခဲ့ပြီး အိမ်ရှင်တွေအနေနဲ့ ခပ်ညံ့ညံ့ဂိုးသမား နီလန်းကို မကျော်နိုင်လောက်အောင် အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ကြလို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နော်ဝေတို့ ချေပဂိုးရဖို့ ဖိကစားနေခဲ့ကြပြီး ပွဲချိန် ၅၆ မိနစ်မှာ ဘာဂါရဲ့ ကန်ချက်ကို ကီပါက ဂိုးစည်းပေါ်က ပုတ်ထုတ်ခဲ့ရသလို စပိန်တို့ဘက်က အက်စ်ပတ်စ်၊ ဂါဗီ၊ အိုလ်မို၊ မိုရာတာနဲ့ မယ်ရီနိုတို့အစား ဒါနီ စီဘာယော့စ်၊ အိုယာဇာဘယ်လ်၊ ပီနို၊ ဟိုဆေးလူးနဲ့ ဖာဘီယန် ရူးဝီးဇ်တို့ကို ထည့်ကစားခဲ့သလို ပွဲချိန် မိနစ် ၈၀ မှာတော့ စုတ်ပြတ်သတ်နေတဲ့ ဆော်လော့သ်က အပိုင်ဂိုးကို ကွင်းပြင်ကန်ထုတ်သွားခဲ့သေးတာပါ။

ပွဲချိန် ၈၄ မိနစ်မှာ စပိန်တို့ အသက်ရှူချောင်စေမယ့် ဒုတိယဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ အဲလက် ဘာလ်ဒီနဲ့ အပေးအယူ လုပ်လာခဲ့တဲ့ ကွင်းလယ်လူ ဖာဘီယန် ရူးဝီးဇ်က ဂိုးရှေ့ ဖြတ်တင်ပေးတဲ့ ဘောလုံးကို လူစားဝင်တိုက်စစ်မှူး ဟိုဆေးလူးက နော်ဝေနောက်ခံလူနှစ်ယောက်ကို ကျော်ပြေးပြီး အဝေးတိုင်နားကနေ မြေထောက်ခေါင်းတိုက်ချက်နဲ့ သူ့ရဲ့ ပထမဆုံး နိုင်ငံတကာပွဲထွက်မှာ ဂိုးသွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ ပွဲချိန် ၈၅ မိနစ်မှာတော့ အနိုင်ပြတ်သားစေမယ့် တတိယဂိုးကို စပိန်တို့ပဲ ရှာဖွေသွားနိုင်ခဲ့ကြသလို နော်ဝေတို့ရဲ့ စပေးဘောကို နောက်ပြန်ပေးရာမှာ အိမ်ရှင်တွေဘက်က လုယူနိုင်ခဲ့ကြပြီး ရိုဒရီက ဘယ်ခြမ်းကို ဖြန့်ပေးတာကို အိုယာဇာဘယ်လ်က ထောင့်ကျဉ်းကနေ ကန်သွင်းဖို့ ကြိုးစားတာက ဂိုးသမားနဲ့ ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဟိုဆေးလူးကပဲ ပိတ်သွင်းယူသွားနိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ စတုတ်စီးတီးနဲ့ နယူးကာဆယ်လ်အသင်းတွေကို လာရောက်ကစားပြီး မအောင်မြင်ခဲ့တဲ့ ဟိုဆေးလူးအနေနဲ့ လက်ရှိ စပိန် လာလီဂါမှာတော့ အလာဗက်စ်နဲ့ အက်စ်ပန်ညိုအသင်းတွေမှာ ကစားပြီး လေးရာသီဆက်တိုက် အနည်းဆုံး ၁၁ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့ချိန်မှာ အသက် ၃၂ နှစ်အရွယ်မှာမှ လက်ရွေးစင်ဖြစ်လာခဲ့ပြီး ဒီနေ့ပွဲမှာတော့ အနိုင်သေချာစေမယ့် သွင်းဂိုးနှစ်ဂိုးကို နှစ်မိနစ်အတွင်း ရယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ စပိန်တို့က နော်ဝေတို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ကစားပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲအဆင့် အုပ်စု(အေ)မှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့သလို အထောင်တိုက်စစ်မှူးတွေ သုံးမရတဲ့ နှစ်ရှည်လများ ပြဿနာအတွက် သူရဲကောင်းသစ် ဟိုဆေးလူးကိုလည်း အဖြေရှာတွေ့နိုင်ခဲ့ပြီး နည်းပြသစ် လူးဝစ် ဒီလာဖူယန်တေးရဲ့ ပွဲဦးထွက်ကလည်း လှပသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.