International Match Report

အီတလီကို အဝေးကွင်းမှာ စံချိန်ဖျက်တဲ့ နိုင်ပွဲနဲ့ ကျောရရုံကြံခဲ့တဲ့ အင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ မက်ဂွိုင်းယား၊ ဂျွန်စတုန်းစ်၊ ဝေါ်လ်ကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ကယ်လ်ဗင် ဖိလစ်နဲ့ ဘယ်လင်ဂမ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ ဂရီးလစ်ရှ်နဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အီတလီတို့ကတော့ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ တိုလိုအီ၊ အချယ်ဘီ၊ ဒီလော်ရန်ဇိုနဲ့ စပင်နက်ဇိုလာတို့ကို နေရာချထားခဲ့သလို ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ဗာရက်တီနဲ့ ဘာရဲလားတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဘယ်ရာဒီ၊ ပယ်လီဂရီနီနဲ့ အာဂျင်တီးနားဖွား ကစားသမား ရီတီဂီတို့ကို တွဲဖက်ပေးလာခဲ့ပါတယ်။

နေပယ်လ်က နာပိုလီကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်တို့ရဲ့ သွက်လက်တဲ့ ကစားကွက်က အလုပ်ဖြစ်ခဲ့ပြီး အီတလီတို့ကတော့ ဖိကစားဖို့ ကြိုးစားခဲ့ချိန်မှာ တိုက်စစ်သန်ကွင်းလယ်လူ မပါဘဲ ဘောလုံးချည်း ထိုင်ဖြန့်မယ့် ဂျော်ဂျင်ညို၊ ဗာရက်တီ၊ ဘာရဲလားတို့ရဲ့ အစုအဖွဲ့က ကစားကွက် ကူးပြောင်းပုံတွေမှာ လေးလံလွန်းနေတာကြောင့် အိမ်ရှင်တွေ စိတ်သွားတိုင်း ကိုယ်မပါဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာတော့ အင်္ဂလန်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်လင်ဂမ်ရဲ့ ကန်ချက်ကနေ ရတဲ့ ထောင့်ကန်ဘောကို ဆာကာ ကန်တင်ပေးရာမှာ ဟာရီကိန်းက ဧရိယာထဲမှာ ကန်သွင်းခွင့်ရခဲ့ပေမယ့် အီတလီခံစစ်နဲ့ ထိပြီး ပြန်ထွက်လာတာကို ဒက်ကလန် ရိုက်စ်က ထပ်မံပိတ်သွင်းပြီး ရယူပေးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်မှာတော့ ဖန်တီးမှုလုပ်ဖို့ထက် ဂိုးသွင်းဖို့ အားသန်နေတဲ့ ဘယ်လင်ဂမ်ကြောင့် ဟာရီကိန်းတို့ ရှေ့တန်းတွေ ဘောလုံးရရှိမှု နည်းခဲ့သလို ဘောလုံးသမားနဲ့ မတူဘဲ နပမ်းသမားရုပ်ပေါက်နေတဲ့ ကယ်လ်ဗင် ဖိလစ်ကလည်း ကွင်းလယ်မှာ အချိတ်အဆက်တွေကို ဖျက်နေခဲ့တာကြောင့် အီတလီတို့ ဘောလုံးပိုကိုင်ကစားနိုင်ခဲ့ကြပြီး ဧည့်သည်တွေကတော့ ကောင်တာကိုပဲ အားပြုလာခဲ့ရတာပါ။

ပွဲချိန် ၄၄ မိနစ်မှာတော့ အင်္ဂလန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဆာကာရဲ့ ထောင့်ကန်ဘောကနေ ဟာရီကိန်း ခေါင်းတိုက်ဖို့ ကြိုးစားတာကို တားဆီးတဲ့ ဒီလော်ရန်ဇိုရဲ့ ဆန့်ထုတ်ထားတဲ့ လက်နဲ့ ထိခဲ့တာကြောင့် ပင်နယ်တီရခဲ့ရာမှာ ကိန်းကပဲ ဒွန်နာရမ်မာကို လှည့်စားကန်သွင်းပြီး ခြင်္သေ့သုံးကောင်တို့ရဲ့ ထာဝရဂိုးသွင်းဘုရင်သစ်ဘွဲ့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာ အပိုင်အခွင့်အရေးကို ဂရီးလစ်ရှ်က ဝင်အောင်မကန်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာတော့ အင်္ဂလန်တို့က နှစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်စရာမှာတော့ ကွင်းလယ်မှာ ခါးပြတ်နေတဲ့ အင်္ဂလန်တို့ကို တုံ့ပြန်နိုင်ဖို့ အီတလီဘက်က ကြိုးစားလာခဲ့ပေမယ့် အဆုံးသတ် ကန်သွင်းမှုတွေကတော့ ချူချာနေခဲ့တာပါ။

ပွဲချိန် ၅၆ မိနစ်မှာတော့ အီတလီတို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မက်ဂွိုင်းယား လူချမိလို့ ပြစ်ဒဏ်ဘော အပေးခံရတော့မလားဆိုပြီး ကြောင်သွားတဲ့ အင်္ဂလန်ခံစစ်ကြားကနေ Advantage နဲ့ ဆက်ကစားလာတဲ့ ပယ်လီဂရီနီက ခင်းပေးခဲ့ရာမှာ နေရာယူပုံက ဘယ်ဘက်ကို သိသိသာသာကြီး ရောက်နေခဲ့တဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ ညာခြမ်းကို တိုက်စစ်မှူး ရီတီဂီက အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ အီတလီတို့ဘက်က စတင်အပြောင်းအလဲလုပ်ခဲ့ပြီး ဘာရဲလား၊ ဘယ်ရာဒီ၊ ပယ်လီဂရီနီနဲ့ ဂျော်ဂျင်ညိုတို့အစား ခရစ္စတန်တေ၊ ပိုလီတာနို၊ ဂနွန်တိုနဲ့ တိုနာလီတို့ကို လဲကစားခဲ့သလို အင်္ဂလန်တို့ဘက်ကတော့ ဂရီးလစ်ရှ်အစား ဖိုဒန် ဝင်လာခဲ့ပြီး ခံစစ်နဲ့ ကောင်တာပဲ ကစားနေခဲ့ချိန်မှာ အိမ်ရှင်နည်းပြ မန်ချီနီရဲ့ ကစားကွက်တွေကတော့ ဂိုးလိုချင်တယ်ဆိုပြီး အိပ်ငိုက်စရာပဲဖြစ်နေခဲ့တာပါ။

ပွဲချိန် မိနစ် ၈၀ မှာ တန်ပြန်တိုက်စစ်ကနေ ရီတီဂီကို တားဆီးတဲ့ လုခ်ရှော နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာကြောင့် အင်္ဂလန်တို့ ဆယ်ယောက်နဲ့ ကစားသွားခဲ့ရသလို ဆောက်ဂိတ်ကတော့ ဖိုဒန်ကို ပြန်ထုတ်ပြီး ထရစ်ပီယာကို လဲသွားခဲ့ပြီး ဒီနောက်မှာတော့ အနိုင်ကို ထိန်းသိမ်းဖို့ ဘယ်လင်ဂမ်နဲ့ ဆာကာတို့အစား ရီးစ်ဂျိမ်းစ်နဲ့ ဂါလာဂါတို့ကို ထည့်သွင်းသွားခဲ့ပါတယ်။

အီတလီတို့ကတော့ ဗာရက်တီအစား ဆကာမက်ကာကို ထပ်ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ကွင်းလယ်မှာ လူသုံးယောက်မရှိဘဲ ဘောလုံးပေးမကစားတတ်သလို တစ်နေရာနဲ့ တစ်နေရာရောက်ဖို့အရေး နှစ်ပေစီ ပတ်ပေးနေတဲ့ ကစားကွက်တည်ဆောက်ပုံကြောင့် အင်္ဂလန်ခံစစ်ကို မကျော်နိုင်ဘဲ ဖြစ်ခဲ့ရသလို ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် နိုင်ပွဲရှင် အင်္ဂလန်တို့အနေနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စု(စီ)မှာ အဓိက ပြိုင်ဘက်ဆီက အရေးပါတဲ့ သုံးမှတ်ကို ရယူနိုင်ခဲ့သလို အီတလီမြေမှာ ၁၉၆၁ ခုနှစ်ကတည်းက တရားဝင်ပြိုင်ပွဲတွေမှာ အနိုင်မရခဲ့တဲ့ စံချိန်ဆိုးကိုလည်း ချိုးဖျက်သွားနိုင်ခဲ့ပြီး နေပယ်လ်က နိုင်ပွဲက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြ ဆောက်ဂိတ်အဖို့လည်း စိတ်သက်သာစရာဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.