Analysis Serie A

စီးရီးအေကြီးက အဓိပ္ပါယ် မရှိတော့ဘူး ဖြစ်လာစေခဲ့တဲ့ စနေ၊ တနင်္ဂနွေပွဲစဉ်များ

ဒီတစ်ပတ် အီတလီ စီးရီးအေ ပွဲစဉ်တွေမှာတော့ ချန်ပီယံ ခြေစွမ်းပြနေခဲ့တဲ့ နာပိုလီတို့အနေနဲ့ စနေနေ့က အမှားအယွင်းမရှိ နိုင်ပွဲဆက်ခဲ့ချိန်မှာ နောက်ကနေ တကယ်တမ်း အရည်အချင်း မရှိဘဲ ဖိအားပေးချင်ယောင်ဆောင်နေတဲ့ အင်တာမီလန်တို့ကတော့ တနင်္ဂနွေနေ့မှာ ဘိုလော့ညာကို အဝေးကွင်း ရှုံးပွဲတွေ့ခဲ့တဲ့အတွက် အမှတ်ကွာဟမှုတွေ ပိုမိုကြီးမားလာခဲ့ပါတယ်။

ဝါရင့် ဘယ်နောက်ခံလူ မာရီယို ရူအီ အနီကတ်နဲ့ အထုတ်ခံခဲ့ရတာကြောင့် မိနစ် ၂၀ ကျော်လောက် တစ်ယောက်လျော့နဲ့ ကစားခဲ့ရတဲ့ နာပိုလီတို့အနေနဲ့ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိထားမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သလို အမ်ပိုလီတို့ရဲ့ ဖိအားကို တောင့်ခံနိုင်ခဲ့ပြီး ချန်ပီယံခြေစွမ်းကို ပြသနိုင်ခဲ့ချိန်မှာ သူတို့ရဲ့ ပြိုင်ဘက်တွေကတော့ အလုပ်မဖြစ်ခဲ့တာပါ။

ကစားသမားဘဝတုန်းကလည်း လောက်လောက်လားလား မဟုတ်ခဲ့ဘဲ အစ်ကိုဖြစ်သူရဲ့ ခြေရာကို မနင်းနိုင်ခဲ့တဲ့ ဆီမိုနီ အင်ဇာဂီရဲ့ ရိုးစင်းလွန်းတဲ့ Technique တွေနဲ့ ကွင်းလယ်မှာ တွေ့တဲ့သူ သုံးယောက်ကို တိုက်စစ်လိုလို ခံစစ်လိုလို အားလုံးပဲ ဖန်တီးမှုအတွက် တာဝန်ရှိသလိုလိုနဲ့ ကွင်းထဲ ပစ်ထည့်ပေးလိုက်တဲ့ ကစားကွက်တွေက ပွဲတိုင်းမှာ ရုန်းကန်ရစေသလို ချယ်လ်ဟာနိုးလူး၊ မစ်ခီတာရီယန်နဲ့ ဘာရဲလား၊ ဘရိုဇိုဗစ်ချ်တို့ ဘယ်သူကစားကစား အကွက်က ပျက်နေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြားရက်က ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း လော်တာရို မာတီနက်ဇ် ဂိုးပေါက်ပျောက်ခဲ့ချိန်မှာ ဂျင်းမဲကြီး လူကာကူး ကယ်တင်ခဲ့ရပြီး ဒီနေ့မှာတော့ ဂျင်းမဲကြီး ပွဲထွက်ပြီး အလုပ်မဖြစ်ခဲ့ချိန်မှာ သူ့နေရာ လူစားဝင်တဲ့ ဂျက်ကိုလည်း တိုင်ပတ်ခဲ့ပြီးတဲ့နောက် အိမ်ရှင် ဘိုလော့ညာ ကွင်းလယ်လူ ရီကာဒို အော်ဆိုလီနီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အင်တာမီလန်တို့ အရေးနိမ့်ခဲ့ကြတာပါ။

နာမည်ကြီး တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ဒီရာသီမှာ တစ်ပွဲပျမ်းမျှ နှစ်ဂိုးတောင် မသွင်းနိုင်တဲ့ အင်တာမီလန်တို့အနေနဲ့ အင်ဇာဂီနဲ့ ဆက်သွားဖို့ဖြစ်နိုင်ပါ့မလားဆိုတာကလည်း သံသယဝင်စရာဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီမှာ အေစီမီလန်ကို ဖလားထိုးအပ်ထားခဲ့တဲ့ လာဇီယိုတိုက်စစ်မှူးဟောင်းအနေနဲ့ အရည်အချင်း မပြည့်မီခဲ့ချိန်မှာ နာပိုလီတို့နဲ့တော့ ၁၈ မှတ်အထိ ဝေးကွာသွားခဲ့ရပါပြီ။

အေစီမီလန်ကတော့ အိမ်ကွင်းမှာ အတ္တလန်တာကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး အင်တာတို့နဲ့ အမှတ်တူသွားခဲ့သလို အင်္ဂါနေ့ညမှာ ကစားမယ့် ပွဲစဉ်မှာ ရိုးမားတို့အနေနဲ့ အသင်းငယ်လေး ခရီမိုနီစီကို အဝေးကွင်းနိုင်ပွဲယူနိုင်ခဲ့ရင် ဒုတိယနေရာအတွက် ပြိုင်ဆိုင်မှုက ၄၇ မှတ်တန်အသင်း သုံးသင်းအထိ ရှိလာတော့မှာလည်းဖြစ်ပါတယ်။

နာပိုလီတို့ကတော့ လာမယ့် ၆ ပွဲဆက်တိုက် ရှုံးပေးရဦးမလားဆိုပြီးတော့တောင် ပြောလို့ရနေပြီး တိုက်စစ်က ၅၈ ဂိုးသွင်းထားသလို ဂိုးကွာခြားချက် အပေါင်း ၄၃ ဂိုးကို ပိုင်ဆိုင်ထားမှုနဲ့အတူ စီးရီးအေဇယားထိပ်မှာ ဝင့်ကြွားနိုင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ကွယ်လွန်သွားခဲ့တဲ့ သူတို့ရဲ့ ကစားသမားဟောင်း ဒီယေဂို မာရာဒိုနာအတွက် စကူဒက်တိုဖလားကို ကိုင်မြှောက်ပေးဖို့ အဆင်သင့်ရှိနေခဲ့ပြီဖြစ်ပါကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.