Article Bundesliga International La Liga Ligue1 Premier League World Cup

Legend ကြီးတွေရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားကို ဘယ်သူတွေ ပါဝင်ပြီး နှုတ်ဆက်ကြမလဲ

လီယွန်နယ် မက်ဆီရော ခရစ္စတီယာနို ရော်နယ်လ်ဒိုပါ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကို သူတို့ရဲ့ နောက်ဆုံး မှတ်တမ်းရေးထိုးရာနေရာအဖြစ် ရေကုန်ရေခမ်း ကစားပြီး ပရိသတ်တွေ ရင်ထဲမှာ အမှတ်တရတွေကို ချန်ထားခဲ့မယ်ဆိုတာ လူတိုင်း သိပါတယ်။ ဒါဆိုရင် သူတို့နဲ့အတူ ဒီပြိုင်ပွဲအပြီးမှာ နိုင်ငံတကာ လက်ရွေးစင် ဘောလုံးသမားဘဝကို ပြည်ဖုံးကားချမယ့်သူတွေထဲက နာမည်ကြီး ၁၀ ဦးကို ဖော်ပြလိုက်ပါတယ်။

၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို
ပေါ်တူဂီအတွက် ၁၈၉ ပွဲ ကစားပြီး ၁၁၇ ဂိုး သွင်းယူထားခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာတော့ ၂၀၀၆ ကစလို့ လေးကြိမ် မပျက်မကွက် ပါဝင်ကစားထားပြီး သွင်းဂိုးကတော့ ၇ ဂိုးသာ ရယူထားနိုင်လို့ သူ့အတွက်တော့ တခြားဂန္ထဝင်ဟောင်းတွေနဲ့ ယှဉ်ရင် တစ်ဆင့်လိုနေသလို ခံစားရစေပါတယ်။ လက်ရှိအချိန်အထိ ၃၇ နှစ်သားကြီးကို အမြဲစိမ်း Ever Green လို့ ဆိုနေခဲ့ကြပေမယ့် ဒီရာသီမှာ သူ့ရဲ့ ကျဆင်းလာပြီး ကိုယ်တိုင်ရုန်းဖို့ ရှိလာရင် အရင်လောက် အဆင်မပြေတော့တာတွေကို တွေ့နေရလို့ ဒီကမ္ဘာ့ဖလားအလွန် ၂၀၂၆ ဆိုတာကတော့ သူ့အတွက် ဖြစ်နိုင်ခြေနည်းလွန်းနေပြီလို့ပဲ ဆိုရတော့မှာဖြစ်တာကြောင့် နောက်ဆုံးကမ္ဘာ့ဖလားပဲဖြစ်လာဖို့ ရှိနေပါပြီ။

၂။ ရောဘတ် လီဗန်ဒေါ့ဗ်စကီး
ပိုလန်နဲ့ ၁၃၂ ပွဲကစားပြီး ၇၆ ဂိုး ရရှိထားတဲ့ တိုက်စစ်မှူးကြီးဟာ သူ့နိုင်ငံရဲ့ ဘောလုံးအရည်အသွေးထက်စာရင်တော့ သူများ ဂန္ထဝင်တွေထက် ပိုမိုစွမ်းဆောင်ပေးထားနိုင်တယ်လို့ ဆိုနိုင်ပြီး ကလပ်အသင်းအဆင့်မှာလည်း ထိပ်တန်းပုံစံမှာ ရှိနေဆဲဖြစ်တာကြောင့် ကာတာမှာ ခြေစွမ်းပြနိုင်မယ်လို့ ယူဆနေကြပါတယ်။ အသက် ၃၄ နှစ်အရွယ် အထောင်တိုက်စစ်မှူးဟာ ကြံ့ခိုင်မှုအရလည်း လျော့ပါးသွားခြင်း မရှိသေးတာကြောင့် သူ့ရဲ့ တစ်ခါမှ ဂိုးမသွင်းဖူးသေးတဲ့ ကမ္ဘာ့ဖလား မှတ်တမ်းဆိုးကို ရပ်တန့်ရမှာဖြစ်ပြီး အခြေအနေပေးရင်တော့ ၂၀၂၆ မှာ အသက် ၃၇ နှစ်နဲ့ တစ်ကြိမ် ဝင်နွှဲနိုင်ဖို့ ဖြစ်လာနိုင်ပါသေးတယ်။

၃။ သီယာဂို ဆေးလ်ဗား
ဘရာဇီးလ်အသင်းမှာ လက်ရှိအချိန်အထိ အရေးပါနေဆဲဖြစ်တဲ့ နောက်ခံလူဟာ ကာတာကို ရောက်ရင် အသက် ၃၈ နှစ်ပြည့်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ သူ့ရဲ့ ပွဲအပေါ် ဖတ်ရှုနိုင်စွမ်းနဲ့ ခံစစ်ကို စီမံခန့်ခွဲနိုင်စွမ်းက ခြေစွမ်းကို အကောင်းဆုံး ကျားကန်ပေးထားနိုင်ပြီး သူကတော့ ဆမ်ဘာတွေအတွက် ၁၀၇ ပွဲမှာ ၇ ဂိုး သွင်းယူထားပေးနိုင်ခဲ့တာပါ။ အသက် ၄၀ အထိ ဘောလုံးကစားနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပေမယ့် အမြင်ဆုံး အဆင့်မှာ ဆက်ရှိဖို့ကတော့ သီယာဂို ဆေးလ်ဗားအတွက် မသေချာတော့တာမို့ ကာတာကမ္ဘာ့ဖလားကတော့ သူ့ရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်လာပါလိမ့်မယ်။

၄။ လီယွန်နယ် မက်ဆီ
အာဂျင်တီးနားအတွက် ၁၆၂ ပွဲ ကစားပြီး ၈၆ ဂိုး သွင်းထားခဲ့တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားမှာတော့ ၆ ဂိုးသာ ရရှိထားခဲ့ပြီး ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားမှာ တစ်ဂိုးမှ မရခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာ အသက်အရွယ်နဲ့ မလိုက်အောင် ရုန်းအားကောင်းကောင်းရှိနေဆဲဆိုတာကို ပုံမှန်ကစားခွင့် ရထားတဲ့ ပီအက်စ်ဂျီမှာ ပြသနေဆဲဖြစ်တာကြောင့် အာဂျင်တီးနားရဲ့ ဘုရင်ဟာ သူ့ရဲ့ အသင်းကို အမြင့်ဆုံးအဆင့်ကို ပို့ပေးနိုင်ဦးမလား စောင့်ကြည့်ရဖို့ ရှိနေပြီး အသက် ၃၅ နှစ် ပြည့်ခဲ့ပြီးဖြစ်တာကြောင့် ၂၀၂၆ ကို မျှော်လင့်ဖို့ ဖြစ်နိုင်ဦးမလားဆိုတာက မရေရာတဲ့ အတွေးလည်း ဖြစ်ခဲ့တာပါ။

၅။ လူးဝစ် ဆွာရက်ဇ်
ဥရုဂွေးအတွက် ၁၃၂ ပွဲ ကစားပြီး ၆၈ ဂိုးရရှိထားခဲ့တဲ့ အကိုက်တစ်လိုင်း တိုက်စစ်မှူးဟာ လက်ရွေးစင်အသင်းအတွက်ဆို ဘာပဲလုပ်ရလုပ်ရ မိုက်ဦးမယ့်သူမျိုးဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဆွာရက်ဇ်ဟာ သူ့နိုင်ငံအတွက် ကိုပါအမေရိကဖလားကို ရယူပေးထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် အားလုံးရဲ့ အမြင်မှာ ကမ္ဘာ့ဖလားကို ရယူနိုင်စွမ်း မရှိလောက်တဲ့ အသင်းဖြစ်ပေမယ့်လည်း ရသလောက်တော့ မှတ်ကျောက်တင်ခံဦးမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ၇ ဂိုးသွင်းယူထားခဲ့တဲ့ ဆွာရက်ဇ်ဟာ ကာတာပွဲပြီးရင်တော့ အနားယူဖို့ သေချာနေပြီး ဂါနာအသင်းကို ပြိုင်ပွဲက ထွက်အောင် အနီကတ်နဲ့ ရင်းရဲခဲ့တဲ့ သူ့ကို အားလုံးက လွမ်းနေရတော့မှာပါ။

၆။ လူကာ မိုဒရစ်ချ်
ခရိုအေးရှားအတွက် ၁၅၂ ပွဲ ကစားပြီး ၂၂ ဂိုးသွင်းယူထားခဲ့တဲ့ ကွင်းလယ် မှော်ဆရာကြီးရဲ့ အချိန်တွေက တဖြည်းဖြည်းတော့ နည်းလာခဲ့ပါပြီ။ အရေးသိပ်မပါတဲ့ ပွဲတွေမှာဆိုရင် အနားပေးခံထားခဲ့ရတဲ့ ၃၆ နှစ်သားကြီးဟာ သူပါဝင်လာတိုင်း ပွဲအဖြေကို တစ်နည်းနည်းနဲ့ ပြောင်းလဲပေးတတ်သူဖြစ်ပြီး အရင်ကလောက် မသွက်တော့ပေမယ့် Passing တစ်ပေါက် လျှမ်းလျှမ်းတောက်နိုင်ဆဲဖြစ်ပြီး ကစားပုံမှာ အားသုံးဖို့ထက် နည်းစနစ်ပိုင်းသုံးဖို့ကို ပိုမိုကြိုးစားလာလို့ ပရိသတ်တွေ မပျင်းရအောင် ကစားပြနိုင်ဆဲပါ။ သူ့အတွက်တော့ ကာတာကမ္ဘာ့ဖလားက နောက်ဆုံး လမ်းခွဲရာဖြစ်လာနိုင်ပြီး မက်ဆီနဲ့ ရော်နယ်လ်ဒိုဆီက ဘယ်လွန်ဒေါကို လုယူနိုင်ခဲ့တဲ့သူကို အမှတ်ရနေကြရမှာဖြစ်ပါတယ်။

၇။ သောမတ်စ် မူလာ
ဂျာမနီအတွက် ၁၁၆ ပွဲမှာ ၄၄ ဂိုး သွင်းယူထားတဲ့ မူလာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေနဲ့ ကံစပ်သူဖြစ်ပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၄ မှာ ၅ ဂိုးစီ သွင်းယူခဲ့ပေမယ့် ၂၀၁၈ မှာတော့ တစ်သင်းလုံး စုတ်ပြတ်နေတဲ့ ဂျာမနီကြောင့် အုပ်စုကပဲ လှည့်ပြန်ခဲ့ရတဲ့ ရာဇဝင်ရိုင်းမှုကို ၂၀၂၂ မှာ အသစ်ပြန်ရေးနိုင်ဖို့ ခြေပြန်တက်နေတဲ့ အသင်းနဲ့အတူ ကြိုးစားလာမှာပါ။ အသက် ၃၂ နှစ်သာ ရှိသေးလို့ ၃၆ နှစ်အရွယ်မှာ ကစားရမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို မျှော်နိုင်မယ်လို့ ယူဆရပေမယ့် သူ့ရဲ့ မနားတမ်း ပြေးလွှားလှုပ်ရှားနေတဲ့ ကစားပုံက နောက်လေးနှစ်အကြာမှာ ထိပ်တန်းအဆင့်မှာ ရှိနေဖို့ မလွယ်တာကြောင့် ခြေစွမ်းနဲ့ အတွေ့အကြုံအရ အကောင်းဆုံးပုံစံမှာ မူလာတစ်ယောက် အနိုင်ပိုင်းနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၈။ ကာရင်မ် ဘင်ဇီးမား
ပြင်သစ်တွေအတွက် ၉၇ ပွဲ ကစားပြီး ၃၇ ဂိုး သွင်းယူထားတဲ့ တိုက်စစ်မှူးဟာ အသက် ၃၄ နှစ် ပြည့်မြောက်ခဲ့ပြီး ထိပ်တန်းအဆင့်ခြေစွမ်းကို ဆက်ထိန်းထားနိုင်ပေမယ့် ဒီရာသီမှာ ကြံ့ခိုင်မှု ကျဆင်းတဲ့ အရိပ်အယောင်တချို့ တွေ့နေရပြီး အဆုံးသတ်ပိုင်းမှာ ထက်မြက်ဆဲဖြစ်ပေမယ့် ကစားအားကို လျှော့ချထားတဲ့ ပုံစံကိုတော့ တွေ့မြင်နေရပါတယ်။ တိုက်စစ်မှူးကောင်းတွေ အများအပြား ပေါ်ထွက်လေ့ရှိတဲ့ ပြင်သစ်ကို လက်ရှိမှာ ဦးဆောင်နေပေမယ့် ၂၀၁၈ ရုရှားကမ္ဘာ့ဖလား ဗိုလ်စွဲတုန်းက မပါလိုက်ရတဲ့ ဘင်ဇီးမားဟာ ကာတာမှာတော့ နောက်ဆုံးဖြစ်လာနိုင်တဲ့ ကမ္ဘာ့ဖလားကို ခြေစွမ်းပြဖို့ ကြိုးစားမှာ ဖြစ်ပြီး ဘရာဇီးလ်ရဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း ဘယ်သူမှ မလုပ်နိုင်သေးတဲ့ ချန်ပီယံကာကွယ်မှုကို ဆောင်ရွက်နိုင်ဦးမလား ရင်ခုန်ရဦးမှာဖြစ်ပါတယ်။

၉။ အက်ဒင်ဆန် ကာဗာနီ
ဥရုဂွေးအတွက် ၁၃၃ ပွဲကစားပြီး ၅၈ ဂိုးသွင်းယူထားတဲ့ ကာဗာနီဟာ လူးဝစ် ဆွာရက်ဇ်နဲ့ ၁၉၈၇ ခုနှစ် တစ်နှစ်တည်းမှာ မွေးဖွားခဲ့သူဖြစ်လို့ အသက် ၃၅ နှစ်အရွယ်ကို ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ၅ ဂိုး သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးကတော့ ဒီနှစ်မှာ လေးကြိမ်မြောက် ကစားမှာဖြစ်ပြီး သွင်းဂိုးတွေ ထပ်မံရှာဖွေနိုင်ဦးမလား စောင့်ကြည့်ရမှာပါ။ အကောင်းဆုံးပုံစံကနေတော့ တစ်ဆင့်လောက် လျော့ကျခဲ့ပြီဖြစ်တဲ့ နွားရိုင်းသတ်သမားကြီးကို တွေ့ဆုံကြုံကွဲ လောကဓမ္မတာအရ ကာတာမှာပဲ နှုတ်ဆက်လိုက်ရဖို့ ရှိနေပါတယ်။

၁၀။ မန်ညူယယ်လ် နွိုင်ယာ
အသက် ၃၆ နှစ်ရှိသွားပြီဖြစ်တဲ့ ဂိုးသမားကြီးဟာ ဘယ်လိုဖြစ်လို့ အချိန်တွေ ဒီလောက် အကုန်မြန်တာလဲလို့ ပရိသတ်တွေကို တွေးမိစေသူပါ။ ရှော်လ်ကာနဲ့ တောက်ပလာပြီး ဘိုင်ယန်မှာ ဖလားတေွ ယူခဲ့တာက မနေ့တစ်နေ့ကလိုပါပဲ။ ဂျာမနီနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခဲ့တဲ့သူအနေနဲ့ ၂၀၂၂ မှာတော့ နောက်ဆုံးပွဲစဉ်တွေကို ကစားရနိုင်ပြီး ဒီနေ့ခေတ် လက်ရွေးစင်အသင်းကြီးတစ်သင်းမှာတော့ အသက် ၄၀ အရွယ်မှာ ဆက်ကစားဖို့ လွယ်မှာ မဟုတ်လို့ ဂျန်လွီဂီ ဘူဖွန်လိုပဲ ကမ္ဘာ့ဖလားတစ်ခုပြီးအောင် ကစားပြီး နှုတ်ဆက်သွားနိုင်တာဖြစ်ပါတယ်။ ဘယ်သူနဲ့မှ မတူတဲ့ Sweeper Keeper တစ်ဦးကို ပရိသတ်တွေ လွမ်းရဦးဖို့ ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.