International Match Report

အာရှကိုယ်စားပြုပြီး တောင်အမေရိကနဲ့ ကာတာလက်မှတ်လုဖို့ ဖြစ်လာတဲ့ ဩစတေးလျ

သမုဒ္ဒရာပိုင်းဇုန်ကနေ အာရှဇုန်ကို ကူးပြောင်းလာခဲ့တဲ့ ဩစတေးလျအသင်းကတော့ ဒီနေ့ပွဲကို ကာတာမြေမှာ ကစားခဲ့ရချိန်မှာ ဂိုးသမား ရိုင်ယန်၊ ကွင်းလယ်က အာရွန်မွိုင်း၊ တိုက်စစ်က လက်ကီးနဲ့ ဟရူးစတစ်ချ်တို့လို နာမည်ကြီး သားပိုက်ကောင် ကစားသမားတွေ အစုံအလင် ပွဲထုတ်ပြီး ယှဉ်ပြိုင်လာခဲ့တာ ဖြစ်ပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးတို့ကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်မှာ ဂိုးသွင်းဘုရင်ဖြစ်နေခဲ့တဲ့ အလီ မက်ဘ်ခေါက်ကို အထောင်တိုက်စစ်မှာ တင်ကစားခဲ့ပြီး ပြည်တွင်းလိဂ်ကို လာကစားပြီး ငါးနှစ်ပြည့်လို့ နိုင်ငံသား ခံယူလိုက်တဲ့ ဘရာဇီးလ်သား ကိုင်ယိုကို တောင်ပံတိုက်စစ်မှာ အသုံးပြုလာခဲ့တာပါ။

ပထမပိုင်းမှာ နှစ်ဖက်စလုံး အမှားစောင့်ကစားသွားခဲ့ကြပြီး ဖန်တီးမှုလည်း စွန့်စွန့်စားစား မလုပ်ခဲ့တာကြောင့် တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့ကြဘဲ သရေရလဒ်သာ ထွက်ပေါ်နေခဲ့သလို ဘောလုံးကိုင်ကစားတဲ့ ယူအေအီးနဲ့ ကောင်တာတွေကို အားကိုးတဲ့ ဩစတေးလျတို့ ဗျူဟာပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ ဩစတေးလျတို့ အဖွင့်ဂိုးသွင်းယူသွားနိုင်ခဲ့ပြီး ညာခြမ်းကနေ တောင်ပံကစားသမား မာတင် ဘွိုင်းလ်ရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ ဂိုးစည်းနားကနေ ချိုးပေးတာကို ကွင်းလယ်လူ ဂျက်ဆန် အာဗင်းက ဂိုးသမားရှေ့ကနေ ပြေးဝင်ပိတ်သွင်းပြီး ရယူသွားခဲ့တာပါ။

ဒါပေမယ့် သိပ်မကြာခင် ပွဲချိန် ၅၇ မိနစ်မှာပဲ ယူအေအီးတို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တောင်ပံသမား အယ်လ်မာဇီရဲ့ ဖြတ်တင်ဘောကို ဩစတေးလျခံစစ်က မရှင်းထုတ်နိုင်ဘဲ တိုင်ပတ်နေခဲ့ရာမှာ ညာတောင်ပံကနေ ပြေးဝင်လာတဲ့ ဘရာဇီးလ်သား ကိုင်ယိုက ပြေးဝင်ကန်သွင်းနိုင်ခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ နှစ်ဖက်စလုံး အနိုင်ဂိုးရဖို့ ရှာဖွေခဲ့ကြပြီး ပွဲချိန် ၈၄ မိနစ်မှာတော့ ဩစတေးလျတို့ အဖိုးတန်ဂိုးကို ရယူသွားနိုင်ခဲ့သလို ထောင့်ကန်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို ဧရိယာထိပ်မှာ စောင့်ဆိုင်းနေတဲ့ ဟရူးစတစ်ချ်က ဘယ်ခြေနဲ့ Volley ကန်သွင်းခဲ့ရာမှာ ယူအေအီး နောက်ခံလူတွေနဲ့ ဂိုးသမားတို့ မတားဆီနိုင်ခဲ့လို့ ဂိုးဖြစ်သွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ သားပိုက်ကောင်တွေ နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ယူအေအီးတို့ကို နောက်ကောက်ချခဲ့အပြီးမှာတော့ လာမယ့် ဇွန်လ ၁၃ ရက်နေ့မှာ အယ်လ်ရေယန်က အာမက်ဘင်အလီကွင်းကြီးမှာ တောင်အမေရိကဇုန်ကနေ အဆင့် ၅ ရခဲ့တဲ့ ပီရူးတို့နဲ့ ကမ္ဘာ့ဖလား နောက်ဆုံးဝင်ခွင့် တစ်နေရာအတွက် လုရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.