Premier League

သူအလန့်ဆုံးနည်းပြက ဖာဂူဆန် မဟုတ်ဘူးလို့ ထုတ်ပြောလိုက်တဲ့ ဒိုင်လူကြီး မိုက်ဒင်းန်

ပရီးမီးယားလိဂ်ကနေ ဒီရာသီကုန်မှာ အနားယူတော့မယ့် နာမည်ကြီး ဒိုင်လူကြီး မိုက်ဒင်းန်က ဒီပြိုင်ပွဲတွေကို ကိုင်တွယ်ခဲ့စဉ်မှာ သူ့အတွက် ဆက်ဆံရ အခက်ခဲဆုံးနဲ့ အလန့်ဆုံး နည်းပြတစ်ဦး ရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ဆာအဲလက်စ် ဖာဂူဆန်တော့ မဟုတ်သလို တခြားတစ်ယောက် ဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။

မိုက်ဒင်းန်က ဖာဂူဆန်ဟာ ထင်သလောက် မဆိုးကြောင်းနဲ့ သူ့ရဲ့ ဒိုင်လူကြီးသက်တမ်း ၃၇ နှစ်တာအတွင်းမှာ ကိုင်ရတွယ်ရ အခက်ခဲဆုံး ဖြစ်ခဲ့တဲ့ အသင်းဟာ အာဆင်နယ်ဖြစ်သလို လက်ရှိနဲ့ အတိတ်က အခြေအနေတွေ ကွာခြားသွားမှုက ပြင်သစ်သား နည်းပြကြီး အာဆင် ဝင်းဂါးကြောင့် ဖြစ်ကြောင်း ထုတ်ဖော်လိုက်တာပါ။

ပရီးမီးယားလိဂ်ကနေ အနားယူတော့မယ့် သူ့ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျ အတွေ့အကြုံတွေကို BBC က မေးမြန်းရာမှာ အသက် ၅၃ နှစ် အရွယ် ဒိုင်လူကြီးက “အဲ့ဒီလိုလူရှိရင် အာဆင်နယ်ရဲ့ အာဆင်ဝင်းဂါးပဲ ဖြစ်ရမှာပေါ့ဗျာ”လို့ ပြောသွားခဲ့ပြီး သူရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း ပြန်ပြောင်းပြောပြသွားခဲ့ပါတယ်။

“အာဆင်နယ်အသင်းကို ခြုံငုံပြောရရင်တော့ ကိုင်တွယ်ရ မခက်ခဲလှပါဘူး။ ဒါပေမယ့် အာဆင်ဝင်းဂါး မန်နေဂျာလုပ်နေတဲ့ နေ့ရက်တွေမှာတော့ ဒီလို မဟုတ်ဘူး။ သူရှိနေတာနဲ့ သူ့ရဲ့အသင်းက တက်တက်ကြွကြွ ကစားပေးနေသလို သူကလည်း သူ့အသင်းသားတွေအတွက် တစ်ခုခု မကျေနပ်တာနဲ့ ခင်ဗျားဆီလာပြီး ပြဿနာရှာမှာပါ”လို့ မိုက်ဒင်းန်က ဖွင့်ဟခဲ့တာပါ။

မိုက်ဒင်းန်နဲ့ အာဆင်ဝင်းဂါးတို့ကြားက ထင်ရှားတဲ့ အဖြစ်အပျက်ကတော့ အိုးလ်ထရက်ဖို့ဒ်မှာ အဆုံးအဖြတ်ကို မကျေနပ်လို့ ရေဘူးကို ကန်ခဲ့တဲ့ အပြုအမူအတွက် အထုတ်ခံရပြီး ပွဲကြည့်စင်ပေါ် အပို့ခံခဲ့ရတာဖြစ်သလို ပြင်သစ်နည်းပြကြီးအနေနဲ့ စင်ရဲ့ လှေကားထစ် လူသွားလမ်းမှာ မတ်တပ်ရပ်ပြီး မကျေနပ်မှုကို ကိုယ်ဟန်လက်ဟန်နဲ့ ဆက်လက်ပြသခဲ့တာဖြစ်ပါတယ်။

“သူ ဘောလုံးလောကနဲ့ အာဆင်နယ်ကနေ အနားယူတော့ ကျွန်တော် ကြည့်မိပါတယ်။ အာဆင်နယ်မှာလိုတုန်းက ပုံစံမျိုး မဟုတ်တော့ဘူး။ လည်စည်းအဖြူကို စည်းပြီး(အာဆင်နယ်လည်စည်းက အနီရောင်ဖြစ်သည်) လူကြီးလူကောင်းဆန်ဆန် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းပါပဲ။ သာမန်လူတွေလိုပေါ့… ကျွန်တော်တို့ ဒိုင်တွေလည်း တူတူပေါ့ဗျာ”

“ဖာဂူဆန်ကတော့ တစ်မျိုး ခင်ဗျားအခန်းတံခါးကို လာခေါက်ပြီးမှ စကားလုံးတွေနဲ့ ပစ်ပေါက်တတ်တာ။ တစ်ခုခု သူမကျေနပ်တာရှိရင် သူ့ရဲ့ အမြင်ကို ကိုင်စွဲပြီး ဆိုးဆိုးရွားရွား တုံ့ပြန်တတ်တယ်။ ဒါပေမယ့် လူတွေ ထင်နေကြသလိုမျိုးတော့ မဟုတ်ပါဘူး”လို့ ပရီးမီးယားလိဂ်ရဲ့ ပုံရိပ်အမြင့်ဆုံး နည်းပြနှစ်ဦးအကြောင်း ပြောပြခဲ့တာပါ။

ပြဿနာအရှာတတ်ဆုံးနဲ့ ကိုင်တွယ်ဖို့ အခက်ခဲဆုံး ကစားသမားတွေအဖြစ်တော့ အထက်ကလိုပဲ တူညီတဲ့ အသင်းတွေက ရွိုင်းကီးန်နဲ့ ဗီယာရာလို့ မိုက်ဒင်းန်က ထုတ်ပြောသွားပြီး သူအကြိုက်ဆုံး ကစားသမားတွေက ပက်ထရစ် ဗီယာရာ၊ ဒင်းနစ္စ ဘားကမ့်နဲ့ သီယာရီ အွန်နရီတို့ ဖြစ်တယ်လို့ ဆိုသွားခဲ့သလို ကိုင်တွယ်ခွင့်ရခဲ့တဲ့ အကောင်းဆုံးပွဲစဉ်ကတော့ ၂၀၁၂ ခုနှစ်က မန်စီးတီးရဲ့ ချန်ပီယံအဆုံးအဖြတ် QPR နဲ့ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

“အဲ့ဒီပွဲတုန်းကတော့ဗျာ… ဟိုအသင်းက နောက်ဆုံးမိနစ်အထိ ဂိုးကွာခြားချက်နဲ့ နိုင်နေတုန်းဗျ။ ဒါပေမယ့် ဆာဂျီယို အဂွေရိုက အနိုင်ဂိုးသွင်းပြီး အင်္ကျီချွတ် အောင်ပွဲခံခဲ့လို့ အဝါပြခဲ့ရတဲ့ အချိန်မှာ အားလုံးပြောင်းလဲသွားတာပေါ့။ သူအဝါ ထိမထားလို့ ပြတာပါ… ကျွန်တော်လည်း နို့မို့ မပြပါဘူး။ ဒီလို အောင်ပွဲခံတာက ဖြစ်သင့်ပါတယ်လို့ အထက်ကို အစီရင်ခံပြီး လျှော်ပေးလိုက်မှာပါပဲ”လို့ အမှတ်တရတွေကို မိုက်ဒင်းန်က ဖြေကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.