Analysis Article Premier League

အာဆင်နယ်တို့ ဒဏ်ရာတွေနဲ့ အသင်းကို ရည်မှန်းချက် မပျောက်ဖို့ ဘာဆက်လုပ်ရမလဲ

အာဆင်နယ်တို့အနေနဲ့ ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာ နောက်ခံလူ ကီရန် တီယာနီ မပါဝင်နိုင်မှုနဲ့အတူ အသင်းက စုတ်ပြတ်ပျက်စီးနေခဲ့ပြီး နည်းပြ မီခယ်လ် အာတီတာအနေနဲ့ စကော့တလန်သားကို ပါနိုင်နိုးနိုးနဲ့ စောင့်ပြီး အသင်းလူစာရင်းကို ကစားကွက်ကို မှန်ကန်အောင် မလုပ်နိုင်ခဲ့တာကြောင့် ဆိုးဆိုးရွားရွား ရှုံးပွဲတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

သူတို့ ပေးလိုက်ရတဲ့ သုံးဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်က ဒီရာသီမှာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကိုတောင် အိမ်ကွင်းမှာ ကျဉ်းမြောင်းတဲ့ ရလဒ်တွေနဲ့ ရှုံးခဲ့ချိန်မှာ ဆဲလ်ဟာ့စ်ပါ့ခ်မှာ လက်နက်ချခဲ့ရတာကတော့ ဂုဏ်သိက္ခာထိခိုက်စရာ ကိစ္စလည်းဖြစ်နေပြီး ထပ်တိုးလာခဲ့တဲ့ သောမတ်စ် ပါတေးနဲ့ တီယာနီတို့ရဲ့ ဒဏ်ရာတွေအပြီးမှာ အသင်းရဲ့ ရည်မှန်းချက် မပျောက်ဖို့ ဘယ်လို တုံ့ပြန်သွားမလဲ စဉ်းစားစရာပါ။

ပုံမှန်အတိုင်းကတော့ အရန်လူကို လူစားသွင်းခိုင်းဖို့ပါပဲ။ ဒါပေမယ့် တီယာနီနေရာဝင်တဲ့ နူနို တာဗာရက်စ်က နည်းပြ အာတီတာအတွက်တော့ ၄၅ မိနစ် စိတ်ရှည်ချင်စရာကောင်းတဲ့ ကစားသမားမျိုး မဟုတ်ဘဲ ခေါ်ပြီးမှ လွှင့်ပစ်ရမလိုဖြစ်နေခဲ့တာရယ် ပါတေးနေရာမှာ ဘယ်သူဝင်ဝင် သူ့လို ကြံ့ခိုင်မှု၊ ဖျက်အား၊ ကစားအားနဲ့ မကစားနိုင်တာတွေရယ်က အသင်းကို ဒီတိုင်း ကလေးအထာသွားလုပ်လို့ မ‌ရတော့တာပါ။

အာတီတာအနေနဲ့ အာဆင်နယ်ကို ကိုင်တွယ်တာ နှစ်နှစ်ကျော်လို့ သုံးနှစ်ထဲကို ရောက်လာခဲ့ပြီဖြစ်လို့ ဆင်ခြေတွေက သိပ်လက်ခံနိုင်စရာ မရှိတော့ချိန်မှာ တီယာနီ ရာသီကုန်အထိ လစ်သွားဖို့ များနေသလို တာကဲဟီရို တိုမီယာစုပါ အလွယ်နဲ့ ပြန်မလာနိုင်သေးတာကြောင့် သူရောက်စက သုံးစွဲခဲ့တဲ့ 3 Back ကစားကွက်ကို ပြန်ပြောင်းရဖို့ပဲ များနေပါတယ်။

အာဆင်နယ်နောက်တန်းမှာ တိုမီယာစုကို ဒဏ်ရာက ဖဲ့ထုတ်သွားချိန်မှာ တီယာနီ အားကိုးနဲ့ ဆီးဒရစ်ကို ထမင်းမစား ဟင်းမစားထားလို့ရပြီး ခံစစ်ကစားချိန်တွေမှာ Solid 3 Back စုဖွဲ့မှုကို ယူနိုင်ခဲ့သလို မာတီနယ်လီ၊ ဆာကာတို့လို မခိုမကပ်ဘဲ လုပ်အားနှုန်းကောင်းသူတွေနဲ့ အာဆင်နယ်တို့ရဲ့ နောက်တန်းက တည်ငြိမ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘင်ဝှိုက်၊ ဂါဘရီယယ်လ်တို့နဲ့အတူ လက်ရှိမှာ မရှိသုံး သုံးရမယ့် ပေါ်တူဂီနှစ်ယောက်ဖြစ်တဲ့ ဆီးဒရစ်နဲ့ တာဗာရက်စ်တို့က ခံစစ်မှာ မကူညီနိုင်ချိန်မှာ အာတီတာအတွက်တော့ အဲဗားရယ်ဒီ ရော့ဘ် ဟိုးလ်ဒင်းကသာ အဓိက အဖြေဖြစ်ပြီး ဇန်နဝါရီမှာ ကယ်လမ် ချိမ်းဘားစ်ကို ချရောင်းမိတာကိုတောင် နောင်တရနေလောက်ပြီလို့ ဆိုရမှာပါ။

လာမယ့်ပွဲတွေမှာ အာတီတာအနေနဲ့ ဘင်ဝှိုက်၊ ဂါဘရီယယ်လ်၊ ဟိုးလ်ဒင်းတို့ကို ပေါ်တူဂီနှစ်ယောက်ကို တိုက်စစ်ပိုမိုလိုက်ပါစေတဲ့ 3 Back ရှေ့က Wing Back တွေအဖြစ် အသုံးပြုလာနိုင်ပြီး ကွင်းလယ်မှာ ချာကာနဲ့ အော်ဒီဂွါဒ်တို့ တွဲကစားပြီး ရှေ့မှာတော့ လာကာဇက်၊ ဆာကာ၊ မာတီနယ်လီတို့ ကစားမယ့် 5-2-3 or 3-4-3 ပုံစံနဲ့ ခင်းကျင်းရနိုင်တယ်လို့ ထင်မြင်မိပါတယ်။

ဒီအတိုင်း ဆက်သွားချင်ရင်တော့ ပါတေးနေရာမှာ အယ်လ်နန်နီကို ကြိတ်မှိတ်လူစားထိုးနိုင်ပေမယ့် တိုမီယာစုနဲ့ တီယာနီတို့နေရာက ဘယ်သူမှ ဒေါင်ဒေါင်မြည် မဝင်နိုင်တာကြောင့် ဂျပန်သား ပြန်လာနိုင်မှ 4-3-3 ကစားကွက်ကို ပြန်သုံးဖို့ ဖြစ်လာနိုင်သလို လက်ရှိမှာတော့ အမှားမခံတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တစ်ပွဲတစ်ဂိုး မနည်းသွင်းနေရတဲ့ တိုက်စစ်ကို နောက်က Clean Sheet အားကိုးနဲ့ နိုင်ပွဲရှာဖွေဖို့က ကစားကွက်ပြောင်းမှ ဖြစ်တော့မှာပါ။

အာတီတာအနေနဲ့ တစ်ယောက်အထုတ်ခံရတဲ့ ပွဲတွေမှာတောင် ဟိုးလ်ဒင်းကို ထည့်ကစားတတ်တာကြောင့် သူ့အနေနဲ့ 3 Back ကစားဖို့ကို ဂုဏ်ငယ်တယ်လို့ ထင်ပြီး ခေါင်းမာနေမယ့်သူမျိုးတော့ မဟုတ်တာကြောင့် သုံးမှတ်ရဖို့ ရလဒ်တွေကသာ အရေးကြီးနေချိန်မှာ ပက်ထရစ် ဗီယာရာ ပေးလိုက်တဲ့ ပညာ၊ ဒဏ်ရာတွေနဲ့ လာမယ့်ပွဲတွေကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အားလုံး စိတ်ဝင်စားနေကြကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.