Premier League

မထင်မှတ်ထားတဲ့ ပရီးမီးယားလိဂ်စံချိန်တစ်ခုကို ရိုက်ချိုးသွားတဲ့ ရော်နယ်လ်ဒို

ဒီနေ့ည နယူးကာဆယ်နဲ့ ကစားပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အိပ်မက်ကဇာတ်ရုံကြီးမှာ သူ့ရဲ့ တကျော့ပြန်ပွဲဦးထွက်ကို ကစားခဲ့ချိန်မှာ ပွဲဦးထွက်ဂိုးကိုလည်း ရရှိသွားခဲ့တာပါ။

ဒီနေရာမှာတော့ ပရီးမီးယားလိဂ်ရဲ့ စံချိန်ဟောင်းတခုကိုလည်း ရိုက်ချိုးသွားနိုင်ခဲ့တာဖြစ်ပြီး သရဲနီပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း ပွဲထွက်လူစာရင်းထဲ ပါဝင်လာခဲ့တဲ့ CR7 ဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ရဲ့ မေလက အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ်ကို နောက်ဆုံးကစားထားပြီးတဲ့နောက်ပိုင်း အသက် ၃၆ နှစ်သားအရွယ်မှာ ပထမဆုံးအကြိမ် ပြန်ကစားခဲ့တာလည်းဖြစ်ပါတယ်။

ဒါဟာ ယူနိုက်တက်ဂျာစီကို ဝတ်ဆင်ကစားခဲ့တဲ့ သူ့ရဲ့နောက်ဆုံးကစားပွဲလည်း ဖြစ်ခဲ့ဖူးသလို ဒီနေ့ နယူးကာဆယ်နဲ့ပွဲမှာ တကျော့ပြန်ပွဲထွက်ခွင့်ရဖို့ ၁၂ နှစ်နဲ့ ၁၁၈ ရက်တိတိ ကြာမြင့်ခဲ့တာပါ။ ဒါဟာ ပရီးမီးယားလိဂ်စံချိန်အသစ်တခုဖြစ်တဲ့ အဆိုပါလိဂ်ပြိုင်ပွဲနဲ့ အချိန်ကြာမြင့်စွာ ဝေးကွာပြီးမှ ကာလအရှည်ကြဆုံးအနေနဲ့ ” တကျော့ပြန်ပွဲဦးထွက်ကို ကစားနိုင်ခဲ့ခြင်းဆိုတဲ့ စံချိန်သစ် ” တခုလည်း ဖြစ်ပါတယ်။

ဒီစံချိန်ဟောင်းကို တင်ရှိထားသူကတော့ အိုင်းရှစ်ရှ်လူမျိုး နောက်ခံလူ ဒန်နီယယ်လ် ဒီလာနေးဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ်မှာ တကျော့ပြန်ကစားဖို့တော့ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကြာမြင့်ခဲ့တာပါ။ သူ့ရဲ့ကစားသမားဘဝကို လက်စတာအသင်းမှာ ပွဲဦးထွက်ခဲ့တာဖြစ်ပြီး ၈ ပွဲသာ ကစားခွင့်ရခဲ့သလို နောက်ထပ် ၁၀ စုနှစ်တခုကိုတော့ အင်္ဂလန်ဘောလုံးလောကရဲ့ အောက်တန်းလိဂ်တွေမှာသာ ကျင်လည်ခဲ့ရပါ​သေးတယ်။

အောက်တန်း ချန်ပီယံရှစ်ကလပ်တွေမှာတော့ အသင်း ၇ သင်းအထိ ပြောင်းကစားပြီး ဟားလ်စီးတီးနဲ့ အစ်ပ်ဆွစ်ချ်တောင်းအသင်းတွေမှာ အချိန်ကြာကြာကစားပြီး ၂၀၁၂ ခုနှစ်မှာတော့ ခရစ္စတယ်လ် ပဲလေ့စ်အသင်းကို ရောက်ရှိခဲ့ကာ ၂၀၁၈ ခုနှစ်က အဆိုပါပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ရာမှာ အဓိကနောက်ခံလူအဖြစ် စွမ်းဆောင်ခဲ့ပြတာပါ။

သူ့ရဲ့ တကျော့ပြန် ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီကနေစလို့ ပွဲပေါင်း ၁၃၀ အထိ ကစားခဲ့ပြီး ၂၀၁၉ မှာတော့ ဝက်ဖို့ဒ်အသင်းကနေ ကစားသမားဘဝ အနားယူသွားခဲ့ပါတယ်။ စံချိန်တွေမှန်သမျှကို ထမင်းစားရေသောက်သလို ပုံမှန်လို ရိုက်ချိုးတတ်တဲ့ CR7 ကတော့ သူ့ရဲ့စံချိန်ကို အချိန်ကာလချင်းကွာဟချက်အရ ကျော်ဖြတ်သွားခဲ့တာကို တွေ့ရတာပါ။

ရော်နယ်လ်ဒိုအနေနဲ့ကတော့ စံချိန်လူသားဆိုတဲ့ ဂုဏ်ပုဒ်အတိုင်း အိုးထရက်ဖို့ဒ်တကျော့ပြန်ခရီးမှာ အစကောင်းမှ အနှောင်းသေချာဆိုသလို လွမ်းဆွတ်ခဲ့ရတဲ့ အိမ်ကွင်းပရိသတ်အားကို အသုံးချပြီး နယူးကာဆယ်အသင်းကို ကိုယ်တိုင်လည်း ၂ ဂိုးသွင်းယူကာ EPL ဖလားရဖို့ ရုန်းကန်နေရပြီး ရေနစ်နေတဲ့ ယူနိုက်တက်အသင်းကို တကျော့​ပြန် ”အောင်စိတ်” သွင်းနိုင်ပေးမလားဆိုတာကိုတော့ ဆက်လက်စောင်ကြည့်ကြရုံပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.