Analysis Other Premier League

သရဲနီတို့ရဲ့ အိပ်မက်နိဒါန်းစတင်ပြီဖြစ်တဲ့ ယူနိုက်တက် ၄-၁ နယူးကာဆယ်ပွဲအပြီး စိတ်ဝင်တစားထုတ်နုတ်ပြောစရာ ၇ချက်

လက်စွဲစာအုပ်ကို ကျော်ဖြတ်ပြပြန်တဲ့ CR7
ဒီနေ့ပွဲမတိုင်မီမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မန်ယူနိုက်တက်ဂျာစီကို နောက်ဆုံးအနေနဲ့ တွဲဖက်မြင်တွေ့ခဲ့ရတာက ၂၀၀၉ ခုနှစ်က သူကိုယ်တိုင်ဆုံးရှုံးခဲ့ရတဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဥ်ပါ။ အဲဒီပွဲမှာ လီယွန်နယ် မက်ဆီနဲ့ တိုက်ပွဲဝင်ခဲ့ရသလို အဖွင့်မိနစ်တွေကတည်းက ထောင့်ပေါင်းစုံက ကန်ချက်ကောင်းကောင်းတွေနဲ့ ဘာစီလိုနာကို ခြိမ်းခြောက်ခဲ့ပေမယ့် ဂိုးမရတာပါ။ ဒီနေ့ ငှက်ကျားတို့နဲ့ပွဲစဥ်မှာတော့ ဒီအချက်က ပြောင်းပြန်လန်သွားခဲ့ပြီး ပွဲချိန်အစောပိုင်းမိနစ်တွေက သူ့ရဲ့ကန်ချက်တွေက ပြိုင်ဘက်ဂိုးသမားကို အတော်လေးကြောက်စရာကောင်းစေခဲ့သလို ကိုယ်တိုင်လည်း ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သရဲနီတို့ စောင့်မျှော်နေတဲ့ အိပ်မက်နိဒါန်း
ဝေဖန်စရာတွေရှိနေတဲ့ လွဲချော်မှုတွေရှိခဲ့သလို ဒါတွေကို ဖယ်ထုတ်လိုက်မယ်ဆိုရင်တော့ ယူနိုက်တက်အသင်းရဲ့ မျှော်လင့်ချက်ရောင်ခြည်က ရော်နယ်လ်ဒိုတဦးတည်းနဲ့တင် အတောက်ပဆုံးဖြစ်ခဲ့တာကို တွေ့ခဲ့ရပြီး ပွဲရဲ့စီးဆင်းမှုတခုလုံးကို ဖြုံလောက်စရာဖြစ်အောင် ထိန်းချုပ်သွားနိုင်ခဲ့တာပါ။ ပြိုင်ဘက်ဧရိယာထဲမှာ အဓိကအလုပ်အများဆုံးလုပ်သွားခဲ့တဲ့ CR7 ရဲ့ ဘောလုံးထိချက်တိုင်းမှာ အိုးထရက်ဖို့ဒ်ကွင်းလုံးပြည့် တခနဲအားပေးအော်ဟစ်ခဲ့ကြသလို ပထမပိုင်းက သူ့ရဲ့သွင်းဂိုးကို သူ့ရဲ့နေရာယူကောင်းမွန်လွန်းပုံကိုပဲ အဓိကချီးကျူးရမှာဖြစ်ပါတယ်။

မေဆန် ဂရင်းဝုဒ်ရဲ့ ဘဝပေးလက်ဆောင်များ
ဒီနေ့ပွဲမှာ ယူနိုက်တက်ရဲ့ညာတောင်ပံနေရာကနေ တာဝန်ယူပြီး ပွဲထွက်လာခဲ့ရတဲ့ သစ်သားစိမ်းလေးကတော့ အထောင်တိုက်စစ်မှူးနေရာကို အိပ်မက်မက်နေတဲ့ သူ့ရဲ့လိုလားမှုကိုတော့ ယာယီစတေးလိုက်ရပြီဖြစ်ပါတယ်။ ဒါပေမယ့် အလက်ဆစ် ဆန်းချက်ဇ်ရောက်လာခဲ့တုန်းကလို မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အန်ထော်နီ မာစီယယ်လ်တို့ကို လွှမ်းမိုးနိုင်စွမ်းရှိမယ်လို့ မျှော်လင်ခဲ့ဖူးတဲ့ ပရိသတ်တွေရဲ့ တောင့်တမှုကတော့ CR7 နဲ့မှသာ ပြည့်စုံခဲ့တာဖြစ်ပြီး ဂရင်းဝုဒ်ဟာလည်း နေရာပျောက်တယ်လို့ မခံစားရဘဲ ၃ ပွဲကစား၊ ၃ ဂိုးသွင်းပြီး တလတာအကောင်းဆုံးကစားသမားဆုကို ရရှိထားတဲ့ သူ့ရဲ့နုနယ်မှုအရွယ်မှာတင်ကို ပေါ်တူဂီသားကြီးအတွက် အဖွင့်ဂိုးကို တည်ဆောက်ပေးခဲ့လို့ နေရာစုံတာဝန်ကျေသူလို့ သတ်မှတ်ရတော့မှာပါ။

ဗာရွန်းနဲ့ ရော်နယ်လ်ဒိုတို့ တူညီသွားခဲ့တဲ့ စံချိန်
ဒီနေ့ပွဲဟာ ရာဖေးလ် ဗာရွန်းအတွက် အိုးထရက်ဖို့ဒ်က ပွဲဦးထွက်ဖြစ်ပြီး သူ့ရဲ့ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုကတော့ ချီးကျူးမှုတွေကို သိမ်းကျုံးရယူသွားခဲ့ပေမယ့် ပြင်သစ်သားရဲ့ တာဝန်ကျေတာထက်ပိုသာလွန်တဲ့ ခံစစ်ပိုင်းထိန်းကျောင်းနိုင်မှုကို ယူနိုက်တက်ရဲ့ရွေးချယ်မှုကို မှန်ကန်ကြောင်း သက်သေပြခဲ့သလို အဆင့်အတန်းမြင့်မြင်ကစားသွားခဲ့တာပါ။ အမြင့်ဘောအသာစီးရယူမှု ၅ ကြိမ်စလုံး အောင်မြင်ခဲ့သလို နယူးကာဆယ်ရဲ့ တန်ပြန်တိုက်စစ်ကို တားဆီးဖို့ အားထုတ်ခဲ့တဲ့ ဘောလုံးလျှောထိုးဖျက်ထုတ်မှု ၃ ကြိမ်စလုံးကလည်း အောင်နိုင်ခဲ့သေးတာပါ။

ကွင်းလယ်အပေါက်ကို ဆိုးလ်ရှားဘယ်လိုဖာမလဲ
ဒီမေးခွန်းက အတော်လေးလောင်မြိုက်စေပါတယ်။ အကြောင်းကတော့ ကွင်းလယ်ဗဟိုမှာ မြင်တွေ့ခဲ့ရတဲ့ ဟာကွက်အပေါက်အပြဲတွေက ကွင်းလယ်အဖျက်တဦး ဝယ်ဖို့ပျက်ကွက်ခဲ့တဲ့ နည်းပြ ဆိုးလ်ရှားရဲ့ ပုစ္ဆာတပုဒ်ဖြစ်လာခဲ့သလို ကွင်းလယ်မှာ ဖရက်ဒ်မပါဝင်ဘဲ ပေါ့ဘာနဲ့တွဲပြီး နီမန်ညာ မာတစ်ချ်ပွဲထွက်ခဲ့တာ ထူးခြားခဲ့ပေမယ့် မန်ကွီလိုရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာက ဝုဗ်စ်နဲ့ပွဲကအတိုင်း တထပ်တည်းနည်းပါး အားနည်းချက်ကို ပြသခဲ့တာက ငြင်းချက်ထုတ်စရာမရှိလှသလို နယူးကာဆယ်အသင်းကလည်း ဒီပျော့ကွက်ကို အဓိကနင်းပြီး ကစားကွက်ဆင်သွားခဲ့တာကို တွေ့ကြရမှာပါ။

တောင်ကိုမဖြိုနိုင်ပေမယ့် မာန်မချခဲ့တဲ့ ငှက်ကျားတို့စိတ်ဓာတ်
စတိဗ် ဘရုစ်ရဲ့အသင်း​က ဘာဆွဲဆောင်မှုမှမရှိဘူးလို့ ထင်မြင်ရတဲ့ ကစားဟန်ကို ပြသခဲ့ပေမယ့် တကယ်တမ်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အတော်လေးမာကျောခဲ့တာ ချီးကျူးသွားရမှာပါ။ သူတို့ရဲ့ တန်ပြန်တိုက်စစ်ကို ဦးတည်ထားပြီး ထိုးဖောက်ခဲ့တဲ့ ကစားပုံအရည်အသွေးက ယူနိုက်တက်ကို ခြိမ်းခြောက်ခဲ့ပြီး ချေပဂိုးရယူခဲ့သလို ရော်နယ်လ်ဒိုရဲ့ ဒုတိယဂိုးဦးဆောင်ဂိုးမတိုင်ခင်အထိ အိုးထရက်ဖို့ဒ်က စိုးရိမ်မှုတွေကို ဖြစ်စေခဲ့ပါသေးတယ်။

ကစားပွဲရဲ့ အကြီးမြတ်ဆုံး ဂိုးသွင်းသူ
ဒါဟာ ယူနိုက်တက်က တကျော့ပြန်ဝယ်ယူခဲ့ပြီး အရှိန်အဝါအကြီးမားဆုံးဖြစ်ခဲ့တဲ့ CR7 ကိုသာ အဓိကရည်ညွှန်းခြင်းဖြစ်သလို သရဲနီတို့ရဲ့ အိမ်ကွင်းလွှမ်းမိုးမှုကလည်း ပြီးခဲ့တဲ့ရာသီတွေနဲ့ မတူညီဘဲ ပရိသတ်အားပေးမှုပါ ပေါင်းစပ်လိုက်တဲ့အခါ သိသိသာသာကို ထိုးတက်သွားခဲ့တာပါ။ CR7 က ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြသက်တမ်းတလျှောက် စိတ်အလှုပ်ရှားရဆုံး အထောင်တိုက်စစ်မှူးအဖြစ် သူမတူအောင် ခမ်းနားလှပခဲ့သလို အသက် ၃၆ နှစ်သားကြီး ရှိနေမှတော့ ဘာလိုတော့မလဲလို့ ထပ်မေးရမယ့်အထိ တချိန်က အိပ်မက်ကဇာတ်ရုံက ချာတိတ်လေးဟာ ကစားပွဲရဲ့ အကြီးမြတ်ဆုံး ဂိုးသွင်းသူအဖြစ် အသင်းကို ထမ်းတင်သွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.