Premier League

ကမ္ဘာ့လူကြိုက်အများဆုံး မြက်ခင်းစိမ်းပေါ်က ကစားကွက် ၅ မျိုး

၃-၅-၂ ကစားကွက်
စကူဒတ်တိုချန်ပီယံဖြစ်ခဲ့တဲ့ အင်တာနည်းပြ ကွန်တီရဲ့ Trademark လို့ အသိအမှတ်ပြုခံထားရတဲ့ ကစားကွက်ဖြစ်သလို တိုက်စစ်ကနေ ခံစစ်ကိုပြောင်းလဲချိန်မှာ ၅၃၂ အဖြစ် လွယ်လွယ်ကူကူချိန်ညှိသွားနိုင်တဲ့ အားသာချက်​က ချယ်လ်ဆီးနည်းပြတူဟယ်လ်ရဲ့ စိတ်ကြိုက်လည်းဖြစ်ခဲ့လို့ ချန်ပီယံလိဂ် ဖိုင်နယ်အထိ တက်လှမ်းတဲ့အထိ အကျိုးပြုထားတာကိုတွေ့ရတယ်။

ကွင်းလယ်လူ ၃ ဦးက ပူးပူးကပ်ကပ် နေရာယူကစားပြီး ဘယ်ညာ Wing Back နှစ်ဦးရဲ့ တိုက်စစ်လိုက်ပါမှုရော၊ ခံစစ်ကစားနိုင်စွမ်းကိုပါ အစွမ်းပြရတာဖြစ်တယ်။ များသောအားဖြင့် ကွင်းလယ်ထောက်တိုင်နှစ်ဦးက ခံစစ်ကို Cover လုပ်ဖို့ ဦးစားပေးရသလို ကွင်းလယ်တိုက်စစ်လူက တိုက်စစ်မှူး ၂ ဦးနဲ့တွဲဖက်ပြီး တိုက်စစ်ကို ကြိုးကိုင်ကစားတာပါ။

၄-၁-၄-၁ ကစားကွက်
၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ဂျာမဏီအသင်းရဲ့အောင်မြင်မှုကို ဖော်ဆောင်ပေးခဲ့တဲ့ ကစားကွက်ဖြစ်သလို ပရီးမီးယားလိဂ်တန်းတက်လာတဲ့ ဘီယယ်လ်ဆာရဲ့ လိဒ်စ်အသင်းရဲ့ တကျော့ပြန်တာထွက်ရာသီမှာပဲ ပရိသတ်တိုင်းစွဲမက်နေရတဲ့ ကစားကွက်ပါ။

ကွင်းလယ်လေးဦးက High Press ကို အဓိကဖော်​ဆောင်ပြီး တိုက်စစ်ကို ပိုအားပြုသလို ခံစစ်တန်းရှေ့က Supporting Midfielder က တိုက်စစ်ကိုပံ့ပိုးဖော်ဆောင်နေချိန်မှာ ခံစစ်လုံဖို့အတွက်တော့ တောင်ပံနှစ်ဖက်ကနေ တိုက်စစ်လူ+ခံစစ်လူအတွဲက ပြိုင်ဘက်တိုက်စစ်ကို တောင်ပံကနေ ပိတ်ဆို့ဖို့ တပါတည်းတာဝန်ယူထားရတယ်။ တောင်ပံတွေကို ပိုအားပြုတဲ့ကစားပုံဖြစ်ပါတယ်။

၄-၃-၃ ကစားကွက်
၂၀၁၀ ခုနှစ်များဆီက အီတလီမှာ အတွင်ကျယ်ဆုံး ကစားကွက်တခုဖြစ်ခဲ့သလို လက်ရှိမှာ ပပ်ဂွာဒီယိုလာတို့လို တိုက်စစ်မှတိုက်စစ်အားသန်တဲ့ နည်းပြတွေအတွက် လက်စွဲတော်ကစားကွက်လည်းဖြစ်နေတယ်။ ကွင်းလယ်လူ ၃ ဦးမှာ ဗဟိုကွင်းလယ်လူ မာကျောကြံ့ခိုင်ပြီး တည်ငြိမ်မှုအားကောင်းကောင်းနဲ့ ခံစစ်ကိုကာကွယ်ပေးထါးတယ်။

ဒါ့အပြင် ဘယ်ညာကွင်းလယ်လူနှစ်ဦးအနေနဲ့ ကျွမ်းကျင်မှုမြင့်မားပြီး နည်းစနစ်ပိုင်းကျေညက်ဖို့ လိုအပ်တာပါ။ ဒီလိုအပ်ချက်နဲ့ညီညွတ်ရင်တော့ ဒုံးပျံလို တိုက်စစ်အရှိန်အဟုန်ပြင်းတဲ့ ကစားဟန်ကို အရသာရှိရှိ ဖန်တီးမှုတွေနဲ့အတူ စိတ်လှုပ်ရှားမှုပေးစွမ်းနိုင်တာကို တွေ့ရတယ်။

၄-၄-၂ စိန်ပွင့်
လက်စတာနဲ့ အက်တလီကိုမက်ဒရစ်တို့ အဓိကအောင်မြင်ခဲ့​တဲ့ ကစားကွက်ဖြစ်ပြီး အင်္ဂလန်အထာ ရိုးရာကစားကွက်ဟောင်းကို ပြန်လည်ဆန်းသစ်ထားတာမျိုးလည်းဖြစ်တယ်။ လက်စတာက ဒီကစားကွက်နဲ့ ဒီရာသီမှာ ပြိုင်ပွဲစုံ ဂိုး ၉၀ အထိသွင်းယူထားပြီး ၃၉ ဂိုးသာ ပြန်ပေးထါးရတယ်။

အက်တလီကိုမက်ဒရစ်အသင်းက ၇၁ ဂိုးအထိ သွင်းယူထားနိုင်တာပါ။ ကွင်းလယ်လူလေးဦးအထိ အသုံးပြုနိုင်ခြင်းက တိုက်စစ်ကိုအားပြုမလား၊ ခံစစ်အထိုင်ချပြီး ကျစ်လစ်မာကျောအောင်ဆိုတဲ့ ရွေးချယ်မှုကိုလည်း ပေးစွမ်းပါတယ်။

၄-၂-၃-၁ ကစားကွက်
လက်ရှိမှာ ဒီကစားကွက်က ကမ္ဘာ့အကောင်းဆုံး ကစားကွက်အဖြစ် သတ်မှတ်ခံထားရပြီး တွင်တွင်ကျယ်ကျယ်လည်း အသုံးပြုနေကြတာဖြစ်သလို ၂၀၁၃ ခုနှစ်က မှတ်တမ်းအရ ဥရောပထိပ်သီးလိဂ်တွေမှာ ၁၂၅၃ ကြိမ်အထိ သုံးစွဲထားကြောင်း သိရပါတယ်။

သူ့ရဲ့အားသာချက်က အသင်းရဲ့တိုက်စစ်နဲ့ခံစစ်ကို ဟန်ချက်ညီစေပြီး တိုက်စစ်ပိုင်းမှာ အကောင်းဆုံးကစားပုံရဖို့ ဘရူနို ဖာနန်ဒက်စ်စတိုင်လ်ကစားသမားက အထူးအရေးပါသလို ကွင်းလယ်ထောက်တိုင်နှစ်ဦးက ဘယ်ညာခံစစ်အစွန်လူနှစ်ဦးရဲ့ တိုက်စစ်လိုက်ပါမှုကို တိုးမြှင့်ပေးနေတာဖြစ်ပြီး တိုက်စစ်မှူးတွေကိုလည်း နေရာကျယ်ကျယ်ရစေတဲ့ အားသာချက်ကြောင့် နာမည်ကြီးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.