Ligue1 Match Report Premier League UCL&UEL

မနူးမနပ် လမ်းပတ်ရဲ့ ချဲလ်ဆီးကို နှစ်ကျော့လုံး အနိုင်ယူပြီး ဆီမီးတက်တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဂိုးသမား ကူတွာ၊ ခံစစ်မှာ အယ်ဒါ မီလီတို၊ အလာဘာ၊ ကာဗာဟယ်လ်နဲ့ ကာမာဗင်ဂါတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ တိုနီ ခရူးစ်၊ မိုဒရစ်ချ်နဲ့ ဗယ်လ်ဗာဒီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရိုဒရီဂို၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ဘင်ဇီးမားတို့ကိုပဲ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ချဲလ်ဆီးတို့ကတော့ ဂိုးသမား ကီပါ၊ ခံစစ်မှာ ချာလိုဘာ၊ သီယာဂို ဆေးလ်ဗားနဲ့ ဖိုဖာနာတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ရီးစ် ဂျိမ်းစ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ ကွန်တေ၊ ကိုဗာချစ်၊ ဂါလာဂါနဲ့ ကူကူရဲလားတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဟာဗတ်ဇ် တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ချဲလ်ဆီးနည်းပြ လမ်းပတ်အနေနဲ့ အိမ်ကွင်းမှာ ကွင်းလယ်ကနေ ထိန်းချုပ်ကစားပြီး ဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် သူ့အသင်းက ခံစစ်ပိုသန်တဲ့ ကစားသမားရွေးချယ်မှုနဲ့ တိုက်စစ်ကို လိုက်ပါကစားခိုင်းခဲ့တာက ချန်ပီယံလိဂ်မှာ ဂျိုးကပ်နေတဲ့ အန်ချယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်ကို အခက်တွေ့အောင် မလုပ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ကွင်းလယ်မှာ ကစားသမား ၆ ယောက်အထိ အသုံးပြုခဲ့ပြီး တိုက်စစ်မှူးအဖြစ် ကစားတဲ့ ဟာဗတ်ဇ်ကလည်း ကွင်းလယ်လူတစ်ဦးသာဖြစ်ခဲ့တဲ့ အချိန်မှာ ဘောလုံးပိုင်ဆိုင်မှုအရ ချဲလ်ဆီးတို့ အသာစီးယူနိုင်ခဲ့ပေမယ့် အထောင်တိုက်စစ် ကစားနေသလိုမျိုး ဧရိယာထဲ မကြာခဏဝင်ပြီး အသုံးတော် ခံခဲ့တဲ့ ကွန်တေရဲ့ စောစောစီးစီးရတဲ့ အခွင့်အရေးကို လွဲချော်ခဲ့မှုက စိတ်ပျက်စရာပဲ ဖြစ်ခဲ့ရတာပါ။

တိုက်စစ်သမားတွေကို အရန်ခုံမှာသာ ထားခဲ့ပြီး စိတ်နှစ်ခွနဲ့ ကစားခဲ့တဲ့ ချဲလ်ဆီးတို့အတွက် နာကျင်အချိန်ပိုမှာ ရီးစ်ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကို ကူကူရဲလား ဂိုးမသွင်းတတ်ခဲ့လို့ အကောင်းဆုံး အခွင့်အရေးတစ်ကြိမ် နစ်နာခဲ့ရပြီး ရီးရဲလ်တို့ကို မကျော်နိုင်ခဲ့သလို ကစားကွက်၊ ဗျူဟာနဲ့ အသုံးပြုထားတဲ့ လူရွေးချယ်မှုကတော့ သူတို့ကို ဘာမှ မဖြစ်စေနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ရီးရဲလ်မက်ဒရစ်တို့ အပြောင်းအလဲလုပ်လာခဲ့ပြီး အလာဘာအစား ချဲလ်ဆီးကစားသမားဟောင်း ရူဒီဂါကို အမြင့်ဘောနဲ့ ခံစစ်မှာ ပိုမိုစိတ်ချရစေဖို့ အန်ချယ်လော့တီက ထည့်သွင်းသွားခဲ့ချိန်မှာ လမ်းပတ်ကတော့ ကွင်းလယ်မှာ အဆုံးသတ် ကွာလတီ မရှိသူတွေကို စုပြုံပြီး ကစားခိုင်းတဲ့ ဗျူဟာက မှားမှန်းသိနေလျက်နဲ့ မပြင်ဆင်ခဲ့တာပါ။

ပွဲချိန် ၅၈ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ချဲလ်ဆီးတို့ရဲ့ အသုံးမကျတဲ့ Pressing ကနေ ကူကူရဲလားရဲ့ အမှားကို အသုံးချပြီး တန်ပြန်တိုက်စစ်ဆင်ခဲ့တဲ့ ရိုဒရီဂိုက ချာလိုဘာကို ပညာပြ ကျော်ဖြတ်ပြီး ဂိုးရှေ့ကို ဖန်တီးမှုက မအောင်မြင်ခဲ့ပေမယ့် ဗီနီးရှပ်စ် ပြန်ရပြီး ဂိုးရှေ့မှာ အနီးကပ် ပေးရာမှာ ရိုဒရီဂိုကပဲ လူကြားထဲက ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရတော့မှ ချဲလ်ဆီးတို့ ထူပူသွားခဲ့ပြီး တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် တစ်ဖက်အသင်းကို ခြိမ်းခြောက်နိုင်မယ့် တောင်ပံသမားတွေ မပါဘဲ ကွင်းလယ်ကနေ ဂါလာဂါလို ကစားသမားမျိုးကို အားကိုးပြီး ကန်သွင်းနေရမှုတွေက ဂိုးသမား ကူတွာဆီမှာပဲ ပုတ်ထုတ်ကာကွယ်ခံခဲ့ရသလို ဒိုင်ဗင်ထိုးတဲ့ ဟာဗတ်ဇ်ကလည်း မအောင်မြင်ခဲ့တာကြောင့် စိတ်ပျက်စရာပဲဖြစ်နေခဲ့ရတာပါ။

လမ်းပတ်အနေနဲ့ သုံးစားမရတဲ့ ဂါလာဂါ၊ အန်ဇို ဖာနန်ဒက်ဇ်၊ ကူကူရဲလားနဲ့ ဟာဗတ်ဇ်တို့အစား ဂျာအို ဖဲလစ္စ၊ စတာလင်၊ မူဒရစ်ခ်နဲ့ မေဆန်မောင့်တို့ကို ထည့်သွင်းပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် ခံစစ်သုံးယောက်အထိုင်နဲ့ ကွင်းလယ်မှာ စနစ်မကျဘဲ လူတွေ ပုံနေမှုက အဖြစ်ရှိအောင်တော့ မလုပ်နိုင်ခဲ့သလို ရီးရဲလ်တို့ကတော့ ဘင်ဇီးမားနဲ့ တိုနီ ခရူးစ်အစား ချွာမင်နီနဲ့ စီဘာယော့စ်တို့ကို ထည့်ပြီး ခံစစ်ကစားခဲ့တာပါ။

ပွဲချိန် မိနစ် ၈၀ မှာတော့ ချဲလ်ဆီးတို့ကို တာ့တာပြစေမယ့် ဒုတိယဂိုးကို ရီးရဲလ်တို့ သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြမ်းက ရီးစ်ဂျိမ်းစ် ကိုယ့်နေရာကိုယ်မရှိတဲ့ နေရာလွတ်ကို ကွက်တိပို့ပေးခဲ့တဲ့ ရူဒီဂါရဲ့ အဝေးဘောကို ဗီနီးရှပ်စ်က ရယူပြီး အတွင်းပြန်ချိုးပေးရာမှာ ဗယ်လ်ဗာဒီက ဝင်ဖျက်တဲ့ မူဒရစ်ခ်နဲ့ သီယာဂို ဆေးလ်ဗားတို့ကို ကျော်ဖြတ်ပြီး ဧရိယာထဲမှာ အနီးကပ်ချိုးပေးခဲ့တာကို တစ်ယောက်တည်း လွတ်နေတဲ့ ရိုဒရီဂိုက ကီပါကို အရှက်ခွဲပြီးမှ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ရီးရဲလ်တို့ ခံစစ်ကစားဖို့ ရိုဒရီဂိုအစား အဆန်စီယို၊ ကာဗာဟယ်လ်အစား နာချိုတို့ကို ထည့်သွင်းခဲ့ရာမှာတော့ ညာခြမ်းက နှေးကွေးမှုနဲ့အတူ ပေါက်ထွက်သွားခဲ့ပေမယ့် မူဒရစ်ခ်နဲ့ ဖဲလစ္စတို့ အခွင့်အရေး မယူတတ်ခဲ့တာကြောင့် ဂိုးပြန်မရခဲ့သလို ချဲလ်ဆီးတို့အနေနဲ့ နှစ်ပွဲပေါင်းလို့ သိက္ခာဆည်ဂိုးတစ်ဂိုးတောင် မရခဲ့ဘဲ ပွဲချိန်အပြည့်မှာတော့ အရှက်ကွဲခဲ့ရတာပါ။

ချဲလ်ဆီးတို့ကို စတမ်းဖို့ဒ်ဘရစ်ချ်ကိုပါ နှစ်ဂိုး-ဂိုးမရှိနဲ့ လိုက်လံပညာပေးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တို့အနေနဲ့ ဥရောပချန်ပီယံ ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းဖို့ အခြေအနေ ကောင်းသွားခဲ့ပြီး ဒီပြိုင်ပွဲမှာ ဘယ်လိုကစားရတယ်ဆိုတာကို ပြသသွားခဲ့သလို နှစ်ကျော့ပေါင်း လေးဂိုး-ဂိုးမရှိ ရလဒ်နဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.