Premier League

ရီးရဲလ်ကို ရှုံးပြီးနောက် ဂန်းနားနဲ့ ယူနိုက်တက်တို့ ဥရောပဝင်ခွင့်မရတာကို သတိပေးခဲ့တဲ့ လမ်းပတ်

ဖရန့်ခ် လမ်းပတ်က ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်တောင် မရခဲ့တာကို ချဲလ်ဆီးပရိသတ်တွေကို သတိပေးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပထမအကျော့ ဘာနေဗျူးမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် စတမ်းဖို့ဒ် ဘရစ်ချ်မှာလည်း တူညီတဲ့ ဂိုးအရေအတွက်နဲ့ပဲ ရှုံးနိမ့်ခဲ့တာကြောင့် ၂ ကျော့ပေါင်း ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံး ၄ နေရာထက် တန်းဆင်းဇုန်နဲ့ ပိုမိုနီးစပ်နေတာကြောင့် လာမယ့်ရာသီ ဥရောပပြိုင်ပွဲမှာ ပါဝင်ခွင့်ရရှိတော့မှာမဟုတ်တာဖြစ်ပါတယ်။

လမ်းပတ်ဟာ အနောက်လန်ဒန်ကို ယာယီနည်းပြအဖြစ် ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း ၄ ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပေမယ့်လည်း ၎င်းအနေနဲ့ လာမယ့်ရာသီ အောင်မြင်မှုရဖို့အတွက် အုတ်မြစ်ချသွားပေးနိုင်ဆဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းက အသင်းတိုင်း ချန်ပီယံလိဂ်မှာ ကစားခွင့်ရှိတာမဟုတ်ဘူးလို့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်တို့ ဥရောပပြိုင်ပွဲမှာ ပါဝင်ခွင့် မရရှိခဲ့မှုကို ရည်ညွှန်းပြီးပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ ၂ သင်းစလုံးဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နှစ်ပေါင်းများစွာ လွဲချော်ခဲ့ရပေမယ့်လည်း လာမယ့်ရာသီမှာတော့ ၂ သင်းစလုံးက ဥရောပပြိုင်ပွဲမှာ ပြန်လည်ပါဝင်ကစားဖို့ ကျိန်းသေလုနီးပါးဖြစ်နေပြီဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့  ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မပါဝင်နိုင်မှုက ခဏတာလို့ ယုံကြည်ချက်ရှိလားလို့ မေးမြန်းခဲ့ရာမှာ လမ်းပတ်က “ပရီးမီးယားလိဂ်သွားနေတဲ့ပုံစံက အရမ်းမြန်နေတယ်လို့ ကျွန်တော် ထင်တယ်။ အခင်းအကျင်းက ပြောင်းလဲသွားတယ်။ ဘယ်လို အသင်းမျိုးမဆို ထိပ်ဆုံးလေးနေရာနဲ့ ချန်ပီယံလိဂ်မှာပါဝင်ခွင့်ရဖို့က ခက်ခဲမှာပါ။ မန်ချက်စတာယူနိုက်တက်က ချန်ပီယံလိဂ်မှာ မပါဝင်ဘဲ အချိန်ကုန်ဆုံးခဲ့ရတယ်။ အာဆင်နယ်လည်း ချန်ပီယံလိဂ်မှာ မပါဝင်နိုင်ဘဲ အချိန်တွေ ကုန်ဆုံးခဲ့ရတယ်။ ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်မရတဲ့ ကြီးမားတဲ့ ကလပ်အသင်းအများကြီးရှိပါတယ်”

“ဒီလိုအခိုက်အတန့်မှာ ရှေ့ဆက်ပြီး ဘာတွေ ဖြစ်လာမလဲ၊ ကောင်းမလား၊ ဆိုးမှာလားဆိုတာကို ဟောကိန်းထုတ်ဖို့က တော်တော်လေးကို မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ သွားချင်တဲ့နေရာကို ရောက်ဖို့ အုတ်မြစ်ချလို့တော့ ရနိုင်တယ်လို့ ထင်ပါတယ်။ ကျွန်တော် အဲဒီအတွက် ဒီမှာရှိနေတာ သိသာပါတယ်။ ဘာလို့လဲဆိုတော့ ဒီရာသီက ဖြစ်ပြီးတာတွေ ဖြစ်ပြီးပြီဖြစ်ပြီး ကျွန်တော်က ဒီအခန်းကဏ္ဍမှာ ရှိနေတာမို့လိုပါ။ ဒီကာလအတွင်းမှာ ကျွန်တော် အကျိုးသက်ရောက်မှုရှိအောင် လုပ်နိင်လားဆိုရင် လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်”

“ဒါပေမယ့် အသင်းအတွက် ပိုပြီး ကြီးမားတဲ့အရာက ကျွန်တော်တို့ ရှိနေခဲ့တဲ့နေရာကို ပြန်သွားချင်တာဖြစ်မှာပါ။ ဒါပေမယ့် စိန်ခေါ်မှုက ကြီးမားပါတယ်။အသင်းတိုင်းက ရင်းနှီးမြှုပ်နှံနေတယ်။ အချို့ကလပ်အသင်းတွေက ကျွန်တော်တို့ အခုအချိန်ရှိနေတဲ့ လူစာရင်းထက် ပိုပြီးတည်ငြိမ်မှုရှိတယ်။ အဲဒီတော့ ဒီနေ့ညလို စိတ်ပျက်မှုတွေ ရှိနေတဲ့အချိန်မျိုးမှာ ကျွန်တော်တို့ မချိန်မတန်ခင် အစီအစဉ်ဆွဲလို့ရနိုင်မယ်လို့ မထင်ပါဘူး”

“အချိန်အကြာကြီး ကစားသမားတစ်ယောက်အဖြစ်နဲ့ အကြာကြီးရှိခဲ့ဖူးပြီး နည်းပြတစ်ယောက်အဖြစ်နဲ့ ချန်ပီယံလိဂ်မှာ နည်းပြခဲ့ဖူးသူတစ်ယောက်အနေနဲ့ ဒီနေရာကနေ အရင်လိုပြန်ဖြစ်အောင် ဘာလုပ်ရမလဲဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် အဆင့်အတန်းတွေကို မြင့်မြင့်သတ်မှတ်ရမှာဖြစ်ပြီး ကျွန်တော်ကတော့ တူညီတဲ့စကားတွေကို ပြောနေဦးမှာဖြစ်ပေမယ့် အစုအဖွဲ့ရဲ့ အလုပ်သာမကဘဲ အစုအဖွဲ့အဆီကနေ ရှင်းလင်းတဲ့ ဦးတည်ချက်ရှိနေခြင်းကသာ နည်းလမ်းဖြစ်ပါတယ်”

“ကြည့်ကြတာပေါ့။ လာမယ့် ကျွန်တော့်ရဲ့ ၇ ပွဲအတွင်းမှာ ကျွန်တော် အဲဒီဗားရှင်းအသေးစားကို လုပ်သွားမှာပါ။ စွမ်းဆောင်ရည်က မြင့်တက်လာနိင်တယ်ဆိုရင် ပရိသတ်တွေကို ကောင်းမွန်တဲ့ခံစားချက်ပေးနိုင်လိမ့်မယ်လို့ ထင်ပြီး ကျွန်တော်တို့ကိုလည်း နွေရာသီမှာ ကောင်းမွန်တဲ့ ခံစားချက်ပေးနိုင်မှာပါ။ ကျွန်တော်တို့ မြင်ရသလောက်တော့ ဒါပဲလို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.