Premier League

အဲလန်း ရုဒ်မှာ ဥဒေါင်းတွေကို ချေမှုန်းခဲ့တဲ့ ကြိုးကြာနီတို့ရဲ့ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောချင်စရာများ

လီဗာပူးလ်အသင်းဟာ တနင်္လာနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲလန်း ရုဒ်ကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ လိဒ်စ်ယူနိုက်တက်ကို ၆-၁ နဲ့ အပြတ်အသတ် ချေမှုန်းပြီး ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်ခဲ့ပါတယ်။

ကိုဒီ ဂက်ခ်ပိုက မိုဟာမက်ဆာလားက သိပ်မကြာခင် ၂-၀ ဖြစ်စေမယ့် ဦးဆောင်ဂိုးကို မသွင်းယူခင် အဖွင့်ဂိုးကို ၃၅ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး လိဒ်စ်ယူနိုက်တက်ဟာ နောက်ထပ်တစ်ကြိမ် အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ပြီး မိနစ်အနည်းငယ်မှာပဲ ကိုနာတီရဲ့ အမှားကြောင့် လူးဝစ္စ ဆီနီစတာရာက ဂျာဗီ ဂါစီယာရဲ့အသင်းအတွက် ချေပဂိုးတစ်ဂိုးကို သွင်းယူသွားခဲ့ပြီး လိဒ်စ်ယူနိုက်တက်အသင်း ပြန်လာနိုင်တော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီထင်မြင်ချက်တွေကို ၅၂ မိနစ်မှာ ဂျိုတာက ငြင်းပယ်သွားခဲ့တာဖြစ်ပြီး ပြီးတဲ့နောက်မှာ အလွန်ကောင်းမွန်တဲ့ တန်ပြန်တိုက်စစ်လှုပ်ရှားမှုကနေ မိုဟာမက် ဆာလားက နောက်ထပ်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဂျိုတာကလည်း ဒုတိယပိုင်း ပွဲကစားချိန်အလယ်မှာ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဒါဝင် နူးညက်ဇ်က အရန်ခုံကနေ လူစားဝင်လာခဲ့ပြီးနောက် မိနစ် ၉၀ မှာ ဆဌမမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်မှာ ၆ ဂိုးနဲ့ ၆ ဂိုးအထက် သွင်းယူနိင်ခဲ့တဲ့ တတိယအကြိမ်မြောက်ဖြစ်ခဲ့ပြီး လိဒ်စ်ယူနိုက်တက်ကတော့ အိမ်ကွင်းမှာ ၂ ပွဲဆက်တိုက် အရှက်ရခဲ့ရတာဖြစ်ပါတယ်။

၅။ လူးဝစ္စ ဒီယက်ဇ် ပြန်လည်ပါဝင်ကစားနိုင်ခဲ့ခြင်း

ပြင်းထန်တဲ့ ဒူးဒဏ်ရာနဲ့ ၆ လကြာအနားယူခဲ့ရပြီးနောက် လူးဝစ္စ ဒီယက်ဇ်ဟာ တနင်္လာနေ့မှာ လီဗာပူးလ်အတွက် ကွင်းထဲကို ပြန်လည်ဝင်ရောက်ခဲ့ပြီး သွင်းဂိုး ပါဝင်ပတ်သက်မှုတွေနဲ့ ထူးထူးခြားခြား မပြုလုပ်နိုင်ခဲ့ပေမယ့် ကိုလံဘီယာကြယ်ပွင့်ကို မြင်တွေ့ရမှုက ပရိသတ်တွေအတွက် ကြိုဆိုစရာကိစ္စဖြစ်ခဲ့တာ သေချာပါတယ်။

၄။ နှစ်ရှည်ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်ခဲ့တဲ့ ဂျိုတာ

လီဗာပူးလ်ပရိသတ်တွေအတွက် အောင်ပွဲခံစရာ အကြောင်းအရင်းပေးခဲ့တဲ့ နောက်ထပ်ကစားသမားကတော့ ဂျိုတာဖြစ်ပြီး အဲလန်းရုဒ်မှာ ၂ ဂိုးသွင်းယူပြီး နှစ်ရှည်ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက မန်ချက်စတာစီးတီးနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်အပြီးကတည်းက ဂိုးသွင်းစွမ်းရည် ပျောက်ဆုံးနေခဲ့တာဖြစ်ပေမယ့်လည်း ဘယ်သူကမှ ၁၂ လအထိ ကြာမြင့်လိမ့်မယ်လို့ မထင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီရာသီမှာ ဂျိုတာဟာ ဒဏ်ရာပြဿနာကြောင့် ပွဲစဉ်အနည်းငယ်ကို လွဲချော်ခဲ့ပေမယ့်လည်း ဒီရာသီမှာ ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်တိုင်းမှာ လုံးဝ သက်တောင့်သက်သာရှိနေပုံမပေါ်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ လိဒ်စ်နဲ့ပွဲစဉ် ၅၂ မိနစ်မှာ ကာလရှည် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာကို ပျော်ရွှင်နေမှာဖြစ်ပြီး လီဗာပူးလ်ပရိသတ်တွေကလည်း ဂျိုတာအနေနဲ့ ရာသီကုန်တဲ့အထိ ဒီခြေစွမ်းအတိုင်း ဆက်လက် ပြသနိုင်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

၃။ မလိုချင်တဲ့သမိုင်းတစ်ခု ဖန်တီးခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ပြီးခဲ့တဲ့ပွဲစဉ်မှာ ခရစ္စတယ် ပဲလေ့စ်ကို ၅-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လိဒ်စ်ယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် ၂ ပွဲဆက်တိုက် ၅ ဂိုးနဲ့အထက် ခွင့်ပြုခဲ့ရတဲ့ အိမ်ကွင်းရှုံးပွဲဖြစ်လာခဲ့တာဖြစ်ပါတယ်။ ခရစ္စတယ် ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်က စွမ်းဆောင်ရည်အတိုင်းပဲ လိဒ်စ်ယူနိုက်တက်ဟာ လီဗာပူးလ်ရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေကို မယှဉ်နိုင်တာ သိသာခဲ့ပြီး ခံစစ်က လုံးဝကို ပြိုဆင်းသွားခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့ညမှာ လိဒ်စ်ယူနိုက်တက်ရဲ့ အကြီးမားဆုံးအားနည်းချက်က ထိုးဖောက်မှုတွေကို ခုခံနိင်စွမ်းမရှိတာဖြစ်ပြီး ကလော့ပ်ရဲ့အသင်းဟာ တန်ပြန်တိုက်စစ်အခြေအနေတွေမှာ လျင်မြန်တဲ့ ပေးပို့မှုတွေ၊ နေရာအပြောင်းအလဲလုပ်မှုတွေနဲ့အတူ အိမ်ရှင်တွေကို အဆက်မပြတ် ထိုးဖောက်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက အခွင့်အရေးတွေ သက်တောင့်သက်သာဖန်တီးပြီး လိဒ်စ်ယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ထုတ်ဖော်ခဲ့ပေမယ့်လည်း ဒီမတိုင်ခင် ၅၄ ဂိုးအထိ ခွင့်ပြုခဲ့ရတာကို စဉ်းစားလိုက်ရင် အံ့အားသင့်စရာတော့မဟုတ်တော့တာဖြစ်ပါတယ်။

၂။ ကွင်းလယ်ဂန္တဝင်ဖြစ်လာနိုင်တဲ့ အာနိုး

ညာနောက်ခံနေရာမှာ ဂန္တဝင်ကစားသမားအဖြစ် အခိုင်အမာ ရပ်တည်နေပြီးဖြစ်တဲ့ အလက်ဇန်းဒါး အာနိုးက နောက်ထပ် နေရာတစ်ခုကို သိမ်းပိုက်နိင်ဖွယ်ရှိပြီး အဲဒီနေရာကတော့ ပြီးခဲ့တဲ့ ၂ ပွဲစလုံးမှာ ပါဝင်ကစားခဲ့တဲ့ ကွင်းလယ်ဗဟိုပဲ ဖြစ်ပါတယ်။ တနင်္လာနေ့ညမှာ အလက်ဇန်းဒါး-အာနိုးဟာ အလွန်ကောင်းမွန်တဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပြခဲ့ပြီး ပထမတစ်ကြိမ်က ဆာလားနဲ့ ဝမ်းတူးရိုက်ခဲ့ပြီးနောက် ဂက်ခ်ပိုအတွက် ကောင်းမွန်တဲ့ အနိမ့်ဘောဖြတ်တင်မှု ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယဂိုးဖန်တီးမှုကတော့ ဒါဝင် နူးညက်ဇ်အတွက် အံ့မခန်း ခုတ်တင်ပေးပို့မှု ပြုလုပ်ပေးခဲ့တာဖြစ်ပြီး အာနိုးဟာ တနင်္လာနေ့ညမှာ ဘောလုံးပေးပို့မှု ၁၂၄ ကြိမ်အောင်မြင်၊ ပြန်လည်ဆယ်ယူမှု ၁၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး လီဗာပူးလ်အတွက် တိုက်စစ်စတင်မှုနဲ့ ဘောလုံးပိုင်ဆိုင်မှု ပြန်လည်ရယူရာမှာ အဓိကကျခဲ့တာဖြစ်ပါတယ်။

၁။ လိဒ်စ်ယူနိုက်တက်ကို ခြောက်လှန့်ဖို့ ပြန်လာတဲ့ ဆာလား

လိဒ်စ်ယူနိုက်တက်ဟာ မိုဟာမက် ဆာလားရဲ့ အကောင်းဆုံးပုံစံကို ရရှိအောင် လုပ်နိုင်တဲ့အသင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ပရီးမီးယားလိဂ်ကို တန်းတက်လာပြီးကတည်းက ၆ ကြိမ်တွေ့ဆုံထားရာမှာ အီဂျစ်တိုက်စစ်မှူးက ဥဒေါင်းတွေကို ၅ ကြိမ် ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ ဆာလားဟာ ၂၀၂၀-၂၀၂၁ ရာသီအဖွင့်ပွဲစဉ်မှာ ပထမဆုံး တွေ့ဆုံခဲ့ချိန်တုန်းက မှတ်မှတ်ရရ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး အဲဒီနောက်ပိုင်း နောက်ထပ် ၆ ဂိုးသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာလားဟာ လိဒ်စ်ယူနိုက်တက်ထက် ဂိုးပိုမိုသွင်းယူထားနိုင်ခဲ့တဲ့အသင်းဆိုလို့ မန်ချက်စတာယူနိုက်တက်(၁၂ ဂိုး)၊ မန်စီးတီး(၁၁ ဂိုး)၊ စပါးစ်(၁၀ ဂိုး)တို့သာ  ရှိတော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.