Match Report Premier League

ဘရိုက်တန်တွေ ဟဟပေးသွားခဲ့ပြီး တန်ရာတန်ရာ ရလဒ်ကိုပဲ ပိုင်ဆိုင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ ဖိုဖာနာ၊ ဘာဒီယာရှီးလ်၊ ချာလိုဘာနဲ့ ချေးလ်ဝဲလ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဇာကာရီးယား၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ဂါလာဂါတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ပူလီရှစ်ချ်၊ မူဒရစ်ခ်နဲ့ စတာလင်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘရိုက်တန်အသင်းကတော့ ဂိုးသမား ဆန်ချက်ဇ်၊ ခံစစ်မှာ ဝက်ဘ်စတာ၊ လူးဝစ္စ ဒန့်ခ်၊ ဗဲ့လ်မန်းနဲ့ အက်စ်တူပီညန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ ဂရော့စ်၊ မက္ကယ်လစ္စတာ၊ ဆော်လီမာ့ချ်နဲ့ မီတိုမာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဖာဂူဆန် တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

တစ်ကျော့ပြန် လိုသုံးနည်းပြ လမ်းပတ်အနေနဲ့ ဒီနေ့ပွဲမှာ သူ့ရဲ့ ကစားကွက်ကို အပြောင်းအလဲ အနည်းငယ် လုပ်ခဲ့ပြီး ဘရိုက်တန်ရဲ့ အားသန်တဲ့ ဘယ်တောင်ပံကို ထိန်းချုပ်ဖို့ ညာခြမ်းမှာ ရီးစ်ဂျိမ်းစ်အစား ချာလိုဘာကို ထားခဲ့သလို ကွင်းလယ်မှာလည်း အန်ဇို ဖာနန်ဒက်ဇ် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရနိုင်ဖို့ ဇာကာရီးယားနဲ့ ထောက်ပံ့ပေးထားခဲ့ပြီး တိုက်စစ်ကိုလည်း လျင်လျင်မြန်မြန် ကစားနိုင်မယ့်သူတွေကို အသုံးချခဲ့တာဖြစ်ပါတယ်။

ပွဲစစချင်းမှာပဲ ဘရိုက်တန်တို့ ဘယ်ခြမ်းတိုက်စစ်ကနေ ဂိုးသွင်းဖို့ နီးစပ်ခဲ့သလို မီတိုမာကို ချာလိုဘာက လုံးဝ မထိန်းနိုင်သလောက်နီးပါး ဖြစ်နေခဲ့ပြီး မက္ကယ်လစ္စတာသာ ကံကောင်းခဲ့ရင် နှစ်ဂိုးလောက် ရသွားနိုင်တာကြောင့် ညာခြမ်းမှာ ခံစစ်ကို အားပြုခဲ့တဲ့ လမ်းပတ်ရဲ့ ရွေးချယ်မှုကတော့ မှားယွင်းသလိုပဲဖြစ်ခဲ့တာပါ။

ပွဲချိန် ၉ မိနစ်မှာ ဘယ်ခြမ်းကပဲ ထွက်လာတဲ့‌ ဘောလုံးကို ဖာဂူဆန် တစ်ချက်ထိန်းပြီး ကန်ရာမှာ ဂိုးသမား ကီပါကို ကျော်ဖြတ်သွားခဲ့ပေမယ့် ဘားထိထွက်ခဲ့လို့ ချဲလ်ဆီးတို့ သက်သာခဲ့ပြန်သလို လမ်းပတ်အနေနဲ့ ဘယ်ခြမ်းက မူဒရစ်ခ်ရဲ့ ပြေးအားလှုပ်အားနဲ့ ဘရိုက်တန်တို့ကို တုံ့ပြန်ဖို့ ကြိုးစားတာက ကံကောင်းခြင်းနဲ့တော့ အစပြုခဲ့ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုး ရယူသွားခဲ့ပြီး မူဒရစ်ခ်က ဘယ်ခြမ်းက ရလာတဲ့ ဘောလုံးကို ကွင်းလယ်ကို ဆွဲပြေးပြီးမှ ဧရိယာအစပ်ကို မူဒရစ်ခ်က ထိုးပေးခဲ့ရာမှာ ကွင်းလယ်လူ ဂါလာဂါက အလျင်အမြန် ကန်သွင်းဖို့ ကြိုးစားခဲ့တာက ရှေ့က ပိတ်ထားတဲ့ လူးဝစ္စ ဒန့်ခ်ရဲ့ ခြေထောက်ကို ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ ဂိုးသမား ဆန်ချက်ဇ် မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

မီတိုမာရဲ့ ဘယ်ခြမ်းတစ်လျှောက် မွှေနှောက်နေခဲ့ချိန်မှာ သူတို့တွေ အရေးသာနေရဲ့သားနဲ့ ဂိုးပေးလိုက်ရတာကို စိတ်မရှည်တဲ့ နည်းပြ ဒီဇာဘီကတော့ ပွဲချိန် ၂၈ မိနစ်မှာ စတင်ပြီး ညာနောက်ခံလူ ဗဲ့လ်မန်းနဲ့ တိုက်စစ်မှူး ဖာဂူဆန်တို့နေရာမှာ အန်စီဆိုနဲ့ ဝဲလ်ဘက်ခ်တို့ကို အပြောင်းအလဲ လုပ်သွားခဲ့သလို အားနည်းချက်တွေ တစ်လှေကြီးနဲ့ ကီပါတစ်ယောက်တည်းကို အားကိုးနေရတဲ့ ချဲလ်ဆီးခံစစ်ကို ဖြိုခွဲဖို့ ကြိုးစားလာခဲ့ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ ဘရိုက်တန်တို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာနောက်ခံလူအဖြစ် ပြောင်းကစားနေတဲ့ ဂရော့စ်က တောင်ပံကနေ ဖြတ်တင်ပေးရာမှာ ကိုယ်ရောက်နေတဲ့ နေရာကိုတောင် ကိုယ်သေချာမတွက်ဆနိုင်တဲ့ ပေါင် ၇၅ သန်းတန်ကြီး ဖိုဖာနာပေါ်က ကျော်ကျလာတဲ့ ဘောလုံးကို လူစားဝင် တိုက်စစ်မှူး ဝဲလ်ဘက်ခ်က အဝေးတိုင်ဘက်ကနေ အနီးကပ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာပါ။

ပထမပိုင်းမှာတော့ အင်အားချိန်ခွင်လျှာကတော့ ဘရိုက်တန်တို့ဘက်မှာပဲ ရှိနေခဲ့သလို ချဲလ်ဆီးကစားသမားတွေအနေနဲ့ ဧည့်သည်တွေရဲ့ တိုက်စစ်တွေကို အဝါအထိခံဖျက်မှ တားဆီးလို့ရသလိုဖြစ်နေပြီး ကံကောင်းလို့သာ ဂိုးထပ်မပေးခဲ့ရဘဲ တစ်ဂိုးစီသရေကျနေခဲ့ကြပြီး အိမ်ရှင်ပရိသတ်တွေ ရင်တမမနဲ့ ဖြစ်နေခဲ့ရပါတယ်။

ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးရဲ့ ကစားကွက်နဲ့ ခံစစ်ကစားပုံကတော့ တော်တော်လေး အဆင့်မမီဘဲဖြစ်နေခဲ့ပြီး ဂိုးသမား ကီပါကတော့ စိတ်ထဲက ကျိတ်ဆဲဖို့ သေချာနေခဲ့သလို ပွဲချိန် ၅၆ မိနစ်မှာတော့ လမ်းပတ်အနေနဲ့ လေးယောက်ပူးကြီး လူလဲခဲ့ရပြီး ပူလီရှစ်ချ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ စတာလင်နဲ့ ဖိုဖာနာတို့အစား ဇီးယက်ရှ်၊ ဂျာအို ဖဲလစ္စ၊ ကိုဗာချစ်နဲ့ ရီးစ်ဂျိမ်းစ်တို့ကို အပြောင်းအလဲလုပ်သွားခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ ကံမကောင်းလို့ တိုင်တွေ ဘားတွေနဲ့ မိတ်ဆက်နေရတဲ့ ဘရိုက်တန်တို့ ဦးဆောင်ဂိုး ရယူသွားခဲ့သလို ညာခြမ်းမှာ အားနေရင် ဘောလုံးပျက်ဖို့ ရည်ရွယ်ချက်နဲ့ လူစားဝင်လာသလား မသိတဲ့ ရီးစ်ဂျိမ်းစ်ရဲ့ ၁၀ မိနစ်အတွင်း ဒုတိယအကြိမ် အမှားကနေ မာ့ချ်က ပြန်ရသွားပြီး ကွင်းလယ်ကို ထိုးပေးရာမှာ အန်စီဆိုက ဧရိယာအပြင်ကနေ ဘယ်ဘက်အပေါ်ထောင့်ထဲကို လှလှပပ အပြင်းကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ ချဲလ်ဆီးတို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့သလို လမ်းပတ်အနေနဲ့လည်း သူစွမ်းသမျှ ကုန်နေပြီဖြစ်လို့ ဘရိုက်တန်တို့ပဲ ပွဲကို ထိန်းချုပ်ကစားပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ အောင်ပွဲခံနိုင်ခဲ့ကြလို့ ဂိုးကန်ခွင့် ၈ ကြိမ်၊ ၂ ကြိမ် ဂိုးပေါက်တည့်တဲ့ အိမ်ရှင်အသင်းနဲ့ ဂိုးကန်ခွင့် ၂၆ ကြိမ်မှာ တိုင်တွေ ဘားတွေ ထိတာကို နုတ်ထားတာတောင် ၁၀ ကြိမ် ဂိုးပေါက်တည့်တဲ့ ဧည့်သည်အသင်းတို့ ဘယ်သူသာသလဲကတော့ သိသာလွန်းခဲ့တာပါ။

နာကျင်အချိန်ပို ၈ မိနစ်အကြီး ပွဲချိန်အပြည့်မှာတော့ ဘရိုက်တန်တို့က ချဲလ်ဆီးတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူပြီး တန်ရာက တန်ရာပေါ့လို့ သူတို့ဆီက ဂရေဟမ် ပေါ့တာကို ဆွဲထုတ်ပြီး ဖျက်ဆီးဖို့ ကြိုးစားခဲ့မှုအတွက် လက်စားချေ ပညာပေးသွားခဲ့သလို ယူရိုပါလိဂ် ဝင်ခွင့်အတွက် စပါးစ်ကိုပါ ကျော်ဖြတ်ဖို့ ပြင်ဆင်နေခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.