Bundesliga Match Report

ဘိုင်ယန်မြူးနစ်နဲ့ နှစ်ပွဲမြောက်မှာ ဖရိုင်းဘတ်ကို ရှုံးပွဲတွေ့သွားခဲ့တဲ့ တူဟယ်လ်

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ အူပါမီကာနို၊ ဒီလစ်ချ်၊ ပါဗတ်နဲ့ ဂျာအို ကန်ဆယ်လိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကင်းမစ်ချ်၊ ဂေါ်ရက်ဇ်ကာနဲ့ မူလာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကိုမွန်၊ ဆာနေးနဲ့ ချူပို-မိုတင်းတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် ဖရိုင်းဘတ်တို့ကတော့ ဂိုးသမား ဖလက်ကင်၊ ခံစစ်မှာ ဂင်တာ၊ ဂူလ်ဒါ၊ ဆီဒီလီယာနဲ့ ဂွန်တာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အက်ဂါစတိုင်း၊ ဟိုးဖ်လာ၊ ရစ်ဆု ဒိုအန်နဲ့ ဂရီဖိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟိုးလာနဲ့ ဂရီဂေါ်ရစ်ချ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲချိန် ၁၉ မိနစ်မှာ ဘိုင်ယန်တို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို ကင်းမစ်ချ် ကန်တင်ပေးရာမှာ ဖရိုင်းဘတ်ခံစစ်သမားတွေကြားထဲကနေ အမြင့်ဆုံး ခုန်နိုင်ခဲ့တဲ့ အူပါမီကာနိုက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ ဖရိုင်းဘတ်တို့က ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ဖိကစားနေတဲ့ ဧည့်သည်တွေရဲ့ တိုက်စစ်ဆင်မှုကို ကိုမွန် ရှင်းထုတ်ရာမှာ ဘောလုံးက ဝေးဝေးကို မရောက်ခဲ့ဘဲ ပြန်ကျလာတာကို ကွင်းလယ်လူ ဟိုးဖ်လာက ဘယ်ခြေနဲ့ Volley အပြင်းကန်သွင်းနိုင်ခဲ့လို့ ဂိုးသမား ဆွမ်းမား မကာကွယ်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ဘိုင်ယန်တို့က စတင်အပြောင်းအလဲလုပ်ခဲ့သလို ကိုမွန်၊ ချူပို-မိုတင်းနဲ့ ဂေါ်ရက်ဇ်ကာတို့အစား ဂနာဘရီ၊ မူစီယာလာနဲ့ မာနေးတို့ကို ထည့်သွင်းခဲ့ပြီး ဖရိုင်းဘတ်တို့ကတော့ ဂရီဖိုအစား ဆာလိုင်းကို လဲကစားလာခဲ့တာ ဖြစ်ပါတယ်။

နာကျင်အချိန်ပို ၅ မိနစ်မှာတော့ ဧည့်သည်တွေ အနိုင်ဂိုးကို ထီပေါက်သွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဖရီးကစ်ကနေ ဒိုအန် ခေါင်းတိုက်ချပေးတာကို Volley ကန်သွင်းဖို့ ကြိုးစားတဲ့ ဟိုးဖ်လာရဲ့ ကန်ချက်ကို တားဆီးရာမှာ မူစီယာလာ လက်ထိခဲ့တာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကိုတော့ တိုက်စစ်မှူး ဟိုးလာက ဂိုးသမား ဆွမ်းမားနဲ့ တခြားစီဖြစ်အောင် အပြင်းကန်သွင်းယူခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဘိုင်ယန်မြူးနစ်တို့အနေနဲ့ နည်းပြသစ် သောမတ်စ် တူဟယ်လ်လက်ထက်မှာ ပထမဆုံး ရှုံးပွဲတွေ့သွားခဲ့သလို ဖရိုင်းဘတ်တို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အိမ်ကွင်းမှာ လက်မြှောက်ခဲ့ကြရပြီး ဂျာမန်ပိုကယ်လ်ဖလားကို လက်လွှတ်လိုက်ရပြီဖြစ်လို့ ဘွန်ဒက်စ်လီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ကိုပဲ အာရုံစိုက်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.