Premier League

ဂျေဆူးစ်အတွက် အားလုံးကို အာဆင်နယ်နည်းပြ အာတီတာ ပလေးနေပြီလား

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူ့ရဲ့ အဓိက တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်တစ်ယောက် ပြန်လာနိုင်မယ့်အချိန်ကို ခန့်မှန်းပြီးတောင် အချိန်ဇယားထဲ ထည့်မပေးနိုင်သေးဘူးလို့ ပြောကြားလိုက်ပြီး ဒါက ဒီသတင်းကို နားစွင့်နေတဲ့ ပြိုင်ဘက်တွေနဲ့ အသင်းပရိသတ်တွေကို ပလေးနေခဲ့တာလားလို့တောင် ပြောရမလိုဖြစ်လာခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ်သားအနေနဲ့ သူ့ရဲ့ ဒူးဒဏ်ရာ ခွဲစိတ်ထားကနေ ပြန်လာနိုင်ဖို့ ပြန်လည်သန်စွမ်းရေးလုပ်ဆောင်မှုတွေနဲ့ လေ့ကျင့်ခန်းတွေကို သူ့ဆိုရှယ်မီဒီယာတွေကနေ အချိန်နဲ့ တစ်ပြေးညီ ပရိသတ်တွေကို အသိပေးနေခဲ့ပြီး ဘောလုံးကွင်းထဲကို ပြန်လည်ခြေချခဲ့တဲ့ ပုံရိပ်ကိုတောင် ပြီးခဲ့တဲ့ ရက်ပိုင်းက မြင်တွေ့ခဲ့ရတာပါ။

ဂျေဆူးစ်အနေနဲ့ အစောဆုံး မတ်လလယ်လောက်မှာ ပြန်ကစားနိုင်လိမ့်မယ်လို့ ခန့်မှန်းထားမှုတွေကို အာဆင်နယ်နည်းပြ အာတီတာကတော့ အရမ်းစောလွန်းသေးတယ်လို့ပဲ ဖြေကြားသွားခဲ့ပြီး သူ့အနေနဲ့ မလိုအပ်ဘဲ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ ရှောင်လွှဲထားတယ်လို့ တချို့တွေကတော့ သုံးသပ်ထားကြတာဖြစ်ပါတယ်။

အာတီတာကတော့ “ဂါဘီက လောလောဆယ်တော့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်”လို့ သောကြာနေ့ညက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပြီး “အနေအထားကတော့ စောလွန်းပါသေးလို့ပဲ ဆိုရမှာပါ။ သူ့အနေနဲ့ တခြားကစားသမားတွေကို ကြိုးစားစေဖို့ တွန်းအားပေးနေပြီး ဒဏ်ရာကနေ ပြန်လာနိုင်ဖို့ကိုတော့ သတ်မှတ်ထားတဲ့ ကြံ့ခိုင်မှုနဲ့ ဆေးဘက်ဆိုင်ရာ အကြံပြုမှုတွေကို လိုက်နာရမှာပါ”လို့ ဆိုသွားခဲ့တာပါ။

ကနဦး ခန့်မှန်းမှုတွေအရတော့ ဘရာဇီးလ်ရဲ့ အရေးမပါတဲ့ ကင်းမရွန်းနဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ဂျေဆူးစ်ကို မေလအထိ အာဆင်နယ်မြင်ကွင်းက ပျောက်ကွယ်နေမယ်လို့ ဆိုခဲ့ကြပြီး လက်ရှိအခြေအနေတွေအရတော့ ပြန်လာနိုင်ဖို့ ထင်တာထက် မြန်ဆန်နိုင်တယ်လို့ ကောက်ချက်ချနေကြတာလည်း ဖြစ်ပါတယ်။

နည်းပြ အာတီတာအနေနဲ့ ဂျေဆူးစ်ရဲ့ ပြန်လာမှုဟာ အသင်းရဲ့ တိုက်စစ်မှာ စိတ်အားထက်သန်စွာ ကြိုးစားနေတဲ့ လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားရဲ့ တက်ကြွမှုအပေါ် ထိခိုက်နိုင်တာကြောင့် ခုလိုမျိုး ပလေးနေတာလားလို့ တချို့က ခန့်မှန်းခဲ့ကြသလို ဧပြီလထဲမှာ ကစားရနိုင်တဲ့ လီဗာပူးလ်၊ မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတွေကို သတင်းမှောင်ချထားချင်တာကြောင့်လားလို့လည်း တွေးစရာဖြစ်လာခဲ့တာပါ။

မန်စီးတီးကနေ နွေရာသီမှာ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး အမ်းမရိတ်မှာ တစ်ပတ်လုပ်ခ ပေါင် ၂၆၅,၀၀၀ ရရှိနေတဲ့ လစာအမြင့်ဆုံး ကစားသမား ဂျေဆူးစ်ဟာ အသင်းအတွက် ဒဏ်ရာရမသွားခင်အချိန်အထိ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၅ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီးပေးနိုင်ခဲ့သလို ယူရိုပါလိဂ်မှာတော့ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဂျေဆူးစ် မရှိချိန်မှာ အာဆင်နယ်တို့ရဲ့ တိုက်စစ်က ဂိုးသွင်းတာဝန်ကို ဘူကာယို ဆာကာ၊ ဂါဘရီယယ်လ် မာတီနယ်လီနဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်တို့က ခွဲဝေယူထားခဲ့ကြပြီး အသင်းလိုက်အနေနဲ့ တစ်ဦးတစ်ယောက်အပေါ် မှီခိုမှု မရှိတဲ့ ပုံစံကိုလည်း ပြသထားနိုင်ခဲ့သလို ဇယားထိပ် ရပ်တည်မှုကိုလည်း နည်းပြ အာတီတာအနေနဲ့ တည်ငြိမ်အောင်ထိန်းသိမ်းထားနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိတိုင်စစ်ပိုင်းမှာတော့ နကီးတီးယားကိုပဲ အားကိုးနေခဲ့ရပြီး ဂျေဆူးစ် ပြန်မလာနိုင်သေးခင်မှာတော့ လူသစ် လီယန်ဒရို ထရော့ဆတ်ကို ဘယ်တောင်ပံမှာ အထိုင်ချနိုင်ခဲ့ရင် မာတီနယ်လီကို အထောင်တိုက်စစ်မှာ ပြောင်းလဲစမ်းသပ်ကစားနိုင်ကြောင်းလည်း ကျွမ်းကျင်သူတွေက မှတ်ချက်ပြုထားကြတယ်လို့ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.