La Liga Match Report

လာလီဂါနဲ့ ဥရောပချန်ပီယံကို ရာဖင်ညာအစွမ်းနဲ့ အယ်လ်ကလက်စီကိုမှာ အနိုင်ယူတဲ့ ဘာဆာ

စပိန်လာလီဂါထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ လပ်စ် ဗေးဂတ်စ်က အယ်လ် ကလက်စီကိုပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှာ ဟာဇက်၊ ရိုဒရီဂို၊ ဗင်နစ်ရှပ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး ဘာစီလိုနာအသင်းကတော့ လီဗန်ဒေါ့ဗ်စကီး၊ ရာဖင်ညာ၊ အန်ဆူ ဖာတီတို့ကို အသုံးပြုခဲ့ပါတယ်။

ပထမပိုင်းမှာ ၂ ဖက် အပြန်အလှန် ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပြီး ၂၇ မိနစ်မှာ မီလီတာအိုရဲ့ ဆိုးရွားတဲ့ ဘောလုံးပေးပို့မှုကနေတဆင့် ရာဖင်ညာက ပင်နယ်တီဧရိယာထိပ်မှာ ဘောလုံးကို ရရှိသွားခဲ့ပြီးနောက် ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ရာမှာ ကူတွာ ဘယ်လိုမှ မတတ်နိုင်ဘဲ ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ရာဖင်ညာဟာ ဘာစီလိုနာအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ ၂ ပွဲ ကစားပြီး ၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး ဘာစီလိုနာကစားသမားဘဝကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ၂ ဖက်စလုံး ကစားသမား အပြောင်းအလဲအများအပြား ပြုလုပ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ်အသာစီးယူပြီး တိုက်စစ်ဆင်ခဲ့ရာမှာ ၅၉ မိနစ်မှာ လူးကပ်စ် ဗက်စ်ကွက်ဇ်နဲ့ ချိတ်ဆက်ပြီး အဆန်စီယို အပိုင်ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် အံ့အားသင့်ဖွယ် လွဲချော်သွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ဘောလုံးပေးပို့မှုတွေသာ ပြုလုပ်နေခဲ့ကြပြီး ပွဲရှိန်က တော်တော်လေး ကျဆင်းလာခဲ့ပြီး တစ်ချက်တစ်ချက် ထိုးဖောက်မှုတွေသာ ပြုလုပ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

၇၃ မိနစ်မှာ ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဖရန့်ခ် ကက်ဆီ ပင်နယ်တီဧရိယာထဲမှာ အပိုင် ဂိုးကန်သွင်းခွင့် ရရှိခဲ့ပေမယ့်လည်း အေစီမီလန်ကြယ်ပွင့်ဟောင်းရဲ့ ညာခြေနဲ့ ကန်သွင်းချက်ဟာ အားမပါခဲ့တာကြောင့် ကူတွာက နေရာယူမှန်မှန်နဲ့ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပြီးတဲ့နောက် လက်ကျန်ပွဲကစားချိန် မိနစ် ၂၀ ဟာ မအောင်မြင်တဲ့ ဘောလုံးပေးပို့မှုတွေ၊ နားလည်မှု လွဲမှားမှုတွေနဲ့ တော်တော်လေး ပျင်းစရာ ကောင်းနေခဲ့ပြီး ၂ ဖက်တိုက်စစ်ဟာ အဆိပ်မရှိတဲ့ ရေမြွေလို ဖြစ်နေခဲ့တာကြောင့် ပထမပိုင်းက ရလဒ်အတိုင်း ၁-၀ နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:စပိန်လာလီဂါထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ လပ်စ် ဗေးဂတ်စ်က အယ်လ် ကလက်စီကိုပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။



