Analysis Premier League

ဖူလ်ဟမ် 2-2 လီဗာပူးလ်ပွဲအပြီး အကောင်းအဆိုး မြင်တွေ့ခဲ့ရသည်များ

ဖာမီနိုကို ထည့်တာ အလုပ်မဖြစ်ဘူးလို့ သက်သေပြလိုက်တဲ့ နူးညက်ဇ်
ယာဂန် ကလော့ပ်ရဲ့ သံယောဇဉ် လက်ကျန်တွေနဲ့ နေရာပေးနေတဲ့ ရောဘတ်တို ဖာမီနိုဟာ တိုက်စစ်မှာ ပထမတစ်ပိုင်းလုံး ပျက်စီးနေခဲ့ပြီး နောက်ဆုံးမှာတော့ ဒါဝင် နူးညက်ဇ်ကို သူ့အစား လူစားဝင်ခိုင်းခဲ့ရတာပါ။ ဝင်လာပြီး မကြာခင်မှာပဲ လျင်မြန်တဲ့ ဖိအားပေးမှုကနေ ဖူလ်ဟမ်နောက်ခံလူ တိုဆင် အဒါရာဘီယိုရို အမှားလုပ်မိပြီး လွတ်ထွက်လာတဲ့ ဘောလုံးကို ဥရုဂွေးသားက ပိတ်သွင်းနိုင်ခဲ့သလို အိမ်ရှင်ခံစစ်ကို ဖိအားတွေ ပေးခဲ့အပြီးမှာတော့ ဆာလားသွင်းယူဖို့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဖာမီနိုကတော့ လီဗာပူးလ်မှာ အရန်ခုံထိုင်ဖို့ လိုအပ်နေပြီဖြစ်ပြီး နူးညက်ဇ်နဲ့ ဒီယက်ဇ်တို့ကိုပဲ ဆာလားနဲ့ တွဲပေးသင့်နေတာဖြစ်ပါတယ်။

ချန်ပီယံရှစ် ဂိုးသွင်းဘုရင်ရဲ့ ခြောက်လှန့်မှု
လီဗာပူးလ်ခံစစ်က ဗာဂျီးလ် ဗန်ဒိုက်နဲ့ ဂျိုယယ်လ် မာတစ်ပ်တို့ကတော့ နေ့ခင်းကြောင်တောင်ကြီး ခြောက်လှန့်ခံခဲ့ရတာပါ။ လိဂ်ချန်ပီယံရှစ်မှာ ၄၄ ပွဲကစား ၄၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဆားဘီးယားသား မီထရိုဗစ်ချ် ဘောလုံးရတိုင်း ဧည့်သည်တွေ မျက်လုံးပြူးစရာဖြစ်နေခဲ့ပြီး သူ့ကို အာရုံထားနေတဲ့ ကွင်းလယ်အဖျက် ဖာဘင်ညိုလည်း စိတ်ဖြောင့်ဖြောင့် မကစားနိုင်တော့တာဖြစ်ပါတယ်။ အတွေ့အကြုံဆိုတာ ဝယ်ယူလို့ မရဘူးဆိုတာကို အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို ပါးပါးလေး ပုတ်ပြီး ဂိုးသွင်းပြသွားခဲ့သလို သူ့ထောင်ချောက်ထဲ ဝင်သွားတဲ့ ဝါရင့် ဗန်ဒိုက်ပါ ပင်နယ်တီ ပေးမိခဲ့တဲ့အထိ မီထရိုဗစ်ချ်က ဖိအားပေးနိုင်ခဲ့တာဖြစ်ပြီး ဒီနေ့ပွဲရဲ့ Man of the Match လည်းဖြစ်ခဲ့တာပါ။

ကွင်းလယ်မှာ ပြဿနာတက်နေတဲ့ လီဗာပူးလ်
လီဗာပူးလ်ကွင်းလယ်က မန်စီးတီးနဲ့ ကစားခဲ့တဲ့ ကွင်းလယ်နဲ့ တခြားစီဖြစ်ခဲ့ပြီး သူတို့ကိုယ်သူတို့ အထင်ကြီးထားတဲ့ လုပ်အားနှုန်းက ဒီနေ့မှာ ဖူလ်ဟမ်အောက် ပြားပြားဝပ်သွားခဲ့တာပါ။ ဖာဘင်ညိုက ကွင်းလယ်မှာ မစိုးမိုးနိုင်သလို အကောင်သေးတဲ့ သီယာဂိုကတော့ အနိုင်ကျင့်ခံနေခဲ့ရချိန်မှာ ဟန်ဒါဆန်တစ်ယောက်တည်းနဲ့ ဘောလုံးမခင်းနိုင်တော့ဘဲဖြစ်ခဲ့ပြီး ဆာလားတို့ တိုက်စစ်အုပ်စု ဘောလုံးနဲ့ အဆက်ပြတ်သွားခဲ့တာပါ။ ဒုတိယပိုင်းမှာမှ မီလ်နာ၊ အဲလီးယော့တို့အားနဲ့ သူတို့တွေ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး ဒါတောင်မှ သုံးမှတ်နဲ့တော့ မထိုက်တန်ခဲ့တာဖြစ်ပါတယ်။

အမှားလုပ်တဲ့ ဗန်ဒိုက်နဲ့ အဆဲခံလိုက်ရတဲ့ အာနိုးလ်ဒ်
ဒီနေ့ပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ အိမ်ရှင်တိုက်စစ်မှူးရဲ့ သားကောင်တွေဖြစ်သွားခဲ့တဲ့ ဗန်ဒိုက်နဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ကတော့ ဒီနေ့မှာ ကောင်းကောင်းမေတ္တာပို့ခံခဲ့ရပြီး ညာနောက်ခံလူကတော့ ပိုဆိုးခဲ့တာပါ။ အစိုးရိမ်လွန်တဲ့ ဗန်ဒိုက်က မီထရိုဗစ်ချ်ရဲ့ လှည့်ကွက်ထဲ ဝင်ပြီး အလောတကြီးနဲ့ ခြေထိုးခံမိခဲ့ချိန်မှာ ပင်နယ်တီ ပေးခဲ့ရသလို အာနိုးလ်ဒ်ကတော့ ပထမဂိုးမှာ လုံလောက်အောင် မခုန်နိုင်ခဲ့ဘဲ ဆားဘီးယားသားကို ခေါင်းတိုက်ခွင့် ပေးလိုက်မိတာဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ကျွမ်းကျင်သူတွေကတော့ အာနိုးလ်ဒ် ကြောက်နေတာလားလို့ မေးခွန်းထုတ်လိုက်ပြီး တိုက်စစ်သန် အစွန်လူဘဝမှာ ကျေနပ်မနေဘဲ ခံစစ်မှာ ဒီထက်ပိုမိုကြံ့ခိုင်ဖို့ လိုအပ်တယ်လို့ ရာဇသံပေးသွားခဲ့ကြတာပါ။

ရှီးရား၊ ရွန်နီ၊ လမ်းပတ်တို့ကို လိုက်မီသွားတဲ့ ဆာလား
ဒီနေ့ပွဲကို သရေကျစေမယ့် သွင်းဂိုးကို ရယူပေးခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားကတော့ ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင်တွေဖြစ်တဲ့ အလန် ရှီးရား၊ ဝိန်းရွန်နီနဲ့ ဖရန့် လမ်းပတ်တို့ရဲ့ အဖွင့်ပွဲနေ့တွေမှာ သွင်းဂိုး ၈ ဂိုး ရယူထားတဲ့ စံချိန်ကို လိုက်မီသွားခဲ့တာဖြစ်ပါတယ်။ လိုက်မီတယ်လို့ ဆိုပေမယ့် တကယ်တမ်းမှာတော့ အဲ့ဒီ ဂန္ထဝင်သုံးယောက်ကို အီဂျစ်သားက နောက်ကောက်ချလိုက်နိုင်တာနဲ့ မခြားပဲဖြစ်ပြီး ဆာလားဟာ သွင်းဂိုး ၈ ဂိုးကို ၆ ရာသီ၊ ၆ ပွဲတည်းနဲ့ ရယူခဲ့တာဖြစ်သလို ဟိုဆရာသမားတွေကတော့ ပရီးမီးယားလိဂ်မှာ ရာသီပေါင်းများစွာ ကစားထားပြီးမှ ရယူထားတာဖြစ်လို့ လီဗာပူးလ်တို့အတွက် ဂုဏ်ယူစရာလည်းဖြစ်ခဲ့ပါတယ်။

ချန်ပီယံဆုတွေအတွက် မောနေပြီလား ကလော့ပ်
လီဗာပူးလ်အသင်းရဲ့ ချန်ပီယံ ပြေးလမ်းကြောင်းကို အမြဲတမ်း ပိတ်ဆို့လေ့ရှိတာက ဒဏ်ရာတွေပဲဖြစ်ပါတယ်။ ၂၀၂၀-၂၁ ရာသီမှာ ဗန်ဒိုက် ဒဏ်ရာရခဲ့တော့ အသင်းရဲ့ ပုံစံက ယိုင်ထွက်သွားခဲ့သလို ဒဏ်ရာကင်းစင်လွန်းနေတဲ့ ဆာလားတို့ တိုက်စစ်ကြောင့်သာ ရုပ်မပျက်ခဲ့ရတာပါ။ ဒီရာသီမှာတော့ အာဆင်နယ်ပရိသတ်တွေက ဂျင်းထည့်နိုင်ခဲ့တယ်လို့ လှောင်ပြောင်နေတဲ့ ချိမ်ဘာလိန်က စောစောစီးစီး အနားယူနေခဲ့သလို ကားတစ်ဂျုံးစ်နဲ့ နာဘီ ကီးတားတို့နောက်ကို သီယာဂိုကလည်း လိုက်လာခဲ့တာပါ။ ဒီတိုင်းဆိုရင် ရာသီကြိုမှာ သုံးခဲ့တဲ့ လူငယ်တွေနဲ့ ကွင်းလယ်ကို စုဖွဲ့ရဖို့ ရှိနေပြီး ဝါရင့်ကြီး မီလ်နာကတော့ ကလော့ပ်ရဲ့ အမောတွေကို သက်သာကောင်းသက်သာစေနိုင်ပါတယ်။

လူဟောင်းတွေကြောင့် ဖူလ်ဟမ်ကို သရေကန်နိုင်ခဲ့တာလား
ဒီနေ့ပွဲမှာ ဖူလ်ဟမ်အသင်းကို ရင်ဆိုင်ဖို့ ပွဲမထွက်ခဲ့ကြပေမယ့် ကရာဗင် ကော့တေ့ချ်မှာ အရင်ကတည်းက ကစားခဲ့ဖူးတဲ့ ဟာဗီ အဲလီးယော့နဲ့ ဖာဘီယို ကာဗာလ်ယိုတို့ကတော့ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ကြတာပါ။ ပထမ ချေပဂိုးရရှိဖို့ ကွင်းလယ်မှာ ဝင်ကစားတဲ့ အဲလီးယော့ရဲ့ ညာခြမ်းကို ကြုံသလို ချပေးတဲ့ ပေးပို့မှုက အရေးပါခဲ့သလို ဒုတိယဂိုး ရဖို့အတွက်လည်း လူစားဝင်လာတဲ့ ကာဗာလ်ယိုက ဖူလ်ဟမ်ခံစစ်ဘယ်ခြမ်းကို အာရုံများအောင် လုပ်ထားနိုင်ခဲ့တာဖြစ်လို့ လူဟောင်းတွေနဲ့တွေ့မှ အိမ်ရှင်တွေ ခံလိုက်ရတယ်လို့ ဆိုရမလိုဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.