International Match Report

ရော်နယ်လ်ဒို မပါတဲ့ ပေါ်တူဂီ ရှုံးပြီး စပိန်တို့ အရေးသာလာတဲ့ တနင်္ဂနွေညပွဲစဉ်များ

တနင်္ဂနွေနေ့ညက ကျင်းပတဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေမှာတော့ ဆွစ်ဇာလန်နဲ့ ပေါ်တူဂီ၊ စပိန်နဲ့ ချက်တို့ တွေ့ခဲ့ကြပြီး ခရစ္စတီယာနို ရော်နယ်လ်ဒို မပါဝင်တဲ့ ယူရိုချန်ပီယံဟောင်းတွေအနေနဲ့ ဘဏ်ကာတွေကို အဝေးကွင်းမှာ ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးမသွင်းတတ်ခဲ့တာကြောင့် တစ်လုံးတည်းသောဂိုးနဲ့ ရှုံးနိမ့်ပြီး အုပ်စုဗိုလ်နေရာကို စပိန်ဆီ ပြန်လည်လက်လွှဲပေးခဲ့ရပါတယ်။

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ CR7 ကို အရန်ခုံမှာတောင် ခေါ်မလာနိုင်ခဲ့တာဖြစ်ပြီး အသင်းကဘက်ကတော့ ကစားသမား ၂၆ ယောက်ကို လှည့်ပတ်သုံးစွဲဖို့အတွက် ချန်လှပ်ခဲ့တာလို့ နည်းပြ ဖာနန်ဒို ဆန်တို့စ်က အကြောင်းပြခဲ့ပြီး ဝုလ်ဗ်စ်ကွင်းလယ်လူ ဂျာအို မော်တင်ညိုနဲ့ ဒေါ့မွန်နောက်ခံလူ ရာဖေးလ် ဂွါရဲရိုးတို့လည်း ဒီပွဲကို လွဲချော်ခဲ့တာပါ။

ဂိုးသမား ပက်ထရီစီယို၊ ခံစစ်မှာ ဒါနီလို ပါရဲရား၊ ပီပီ၊ နူနို မန်ဒက်စ်နဲ့ ကန်ဆယ်လိုတို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာ ဘရူနို ဖာနန်ဒက်စ်၊ ရူဘင် နာဗက်စ်၊ ဗီတင်ညာတို့ကို အသုံးပြုလာခဲ့သလို တိုက်စစ်မှာတော့ ရော်နယ်လ်ဒိုနေရာ ရာဖယ်လ် လီယာအို၊ အန်ဒရေး ဆေးလ်ဗားနဲ့ အော့တာဗျိုတို့ကို နေရာချလာခဲ့တဲ့ ပေါ်တူဂီအသင်းအနေနဲ့ အရင်နေ့တွေကနဲ့ တူညီတဲ့ အစွမ်းကိုတော့ မပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အိမ်ရှင် ဆွစ်ဇာလန်တို့ကတော့ ဒီနေ့ပွဲမှာ ဂိုးသမား အွန်မ်လင်၊ ခံစစ်မှာ ဗစ်ဒ်မာ၊ အကန်ဂျီ၊ အီဗယ်လ်ဒီ၊ ရီကာဒို ရိုဒရီးရက်ဇ်တိုကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာ ချာကာ၊ ဂျီဘရီလ် ဆိုးနဲ့ ဖရွိုင်လာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အမ်ဘိုလို၊ ဆီဖာရိုဗစ်ချ်နဲ့ ရှာကျီရီတို့ကို အသုံးပြုလာခဲ့တာပါ။

ဒီပွဲအတွက် တစ်လုံးတည်းသော ဂိုးကိုတော့ ဘယ်နောက်ခံလူ နူနို မန်ဒက်စ် ဘောလုံးပျက်ရာကနေ ရှာကျီရီနဲ့ ဗစ်ဒ်မာတို့ အပေးအယူလုပ်ပြီး ဗစ်ဒ်မာက ဖြတ်တင်ပေးခဲ့ရာမှာ နေရာယူပုံ အထိုင်မကျသေးဘဲ အထနှေးနေတဲ့ ပေါ်တူဂီခံစစ်ရဲ့ ပီပီနဲ့ ကန်ဆယ်လိုတို့ကြားကနေ တိုက်စစ်မှူး ဆီဖာရိုဗစ်ချ်က ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလိဂ်မှာ ပီပီတို့နဲ့ ယှဉ်ပြိုင်ကစားနေကျ ဘင်ဖီကာတိုက်စစ်မှူး ဆီဖာရိုဗစ်ချ်ကတော့ အကြောင်းသိဖြစ်လို့ နှေးကွေးတဲ့ ပြိုင်ဘက်နောက်တန်းကို အချိန်ကိုက် ထိုးနှက်သွားနိုင်ခဲ့တာဖြစ်ပြီး အင်အားနည်းတဲ့ ဆွစ်ဇာလန်အသင်းကို အကောင်းဆုံး ဆွဲတင်နိုင်ခဲ့တာဖြစ်သလို ဧည့်သည်တွေအနေနဲ့ လက်ကျန်ပွဲချိန်တွေမှာ ၁၅ ကြိမ်ကန်၊ ၈ ကြိမ် ဂိုးပေါက်တည့်ခဲ့ပေမယ့် ချေပဂိုးရဖို့တော့ ဖြစ်မလာခဲ့တာပါ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ပေါ်တူဂီအသင်းဖြစ်နေခဲ့ပြီး ပေါ်တူဂီအသင်းဆိုတာလည်း CR7 သာဖြစ်ကြောင်း သူ့ရဲ့ ပါဝင်မှု၊ ခေါင်းဆောင်မှုနဲ့ စိတ်ဓာတ်အင်အား အခြေပြု မောင်းနှင်မှုတွေ မရှိခဲ့ချိန်မှာ ဘယ်လိုဖြစ်သွားသလဲတာကို နည်းပြ ဆန်တို့စ်အနေနဲ့ သိရှိခွင့်ရခဲ့သလို အသင်းသားတွေကိုလည်း တပ်လှန့်လိုက်တဲ့ ပွဲတစ်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။

ကျန်တဲ့ အုပ်စု(၁) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပိန်နဲ့ ချက်တို့ရဲ့ ပွဲစဉ်မှာတော့ ဂိုးသမား အူနိုင်း ဆီမွန်၊ ခံစစ်မှာ ကာဗာဟယ်လ်၊ အဲရစ် ဂါစီယာ၊ အီညီဂို မာတီနက်ဇ်၊ မားကို့စ် အလွန်ဆိုတို့နဲ့ ပွဲထွက်လာပြီး ကွင်းလယ်မှာ ရိုဒရီ၊ ကိုကီ၊ ကားလို့စ် ဆိုလာ၊ တိုက်စစ်မှာ အိုလ်မို၊ အဆန်စီယိုနဲ့ မိုရာတာတို့ကို အသုံးပြုခဲ့တဲ့ အိမ်ရှင်တွေက ဧည့်သည်တွေကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဆိုးချက်နဲ့ ဆိုဖာလ်တို့လောက်သာ လူသိများတဲ့ ကစားသမားတွေ ပါဝင်တဲ့ ချက်တို့အနေနဲ့ စပိန်ကို ယှဉ်ကစားဖို့ မဖြစ်နိုင်ခဲ့ဘဲ အိမ်ရှင်တွေက ဘောလုံးပိုင်ဆိုင်မှု ၇၆ ရာခိုင်နှုန်းအထိ ရယူပြီး ပွဲကို ထိန်းချုပ်သွားခဲ့ချိန်မှာ ဧည့်သည်တွေအနေနဲ့ တန်ပြန်တိုက်စစ်ကစားဖို့လောက်သာ တတ်နိုင်ခဲ့တာပါ။

စပိန်တို့အတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် ၂၄ မိနစ်မှာ ကွင်းလယ်ကနေ တင်ပေးလိုက်တဲ့ ဘောလုံးကို အဆန်စီယို လိုက်လံရယူပြီး ကန်ခွင့်မသာလို့ မကန်ဘဲ အတွင်းကို ပြန်ချိုးပေးခဲ့ရာမှာ ဧရိယာထဲကို ပြေးဝင်လာတဲ့ ကွင်းလယ်လူ ကားလို့စ် ဆိုလာက အနိမ့်ဘော အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ မာလာဂါရဲ့ လာရိုဆာလီဒါကွင်းမှာ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဘောလုံးပိုင်ဆိုင်မှု များခဲ့ပေမယ့် ရမ်းကန်မှန်းကန် မလုပ်ခဲ့ဘဲ အပိုင်စောင့်ကစားခဲ့တဲ့ စပိန်အသင်းအတွက် အနိုင်ပြတ်သားသွားစေမယ့် ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် ၇၅ မိနစ်မှာ ထပ်မံသွင်းယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ အိုလ်မို ပေးတဲ့ ဘောလုံးကို လူစားဝင်တိုက်စစ်မှူး ဖယ်ရန် တောရက်စ်က ညာခြမ်းကနေ ဖြတ်ပို့ပေးတာကို ဘယ်တောင်ပံသမား ဆာရာဘီးယားက ပိတ်သွင်းသွားခဲ့တာပါ။

ဒီနေ့ပွဲစဉ်တွေအပြီးမှာတော့ အုပ်စု(၁)ကို လေးပွဲကစား နှစ်ပွဲနိုင် နှစ်ပွဲသရေ၊ ရှုံးပွဲမရှိသေးတဲ့ စပိန်တို့ ရမှတ် ၈ မှတ်နဲ့ ပြန်လည်ဦးဆောင်ခဲ့သလို ပေါ်တူဂီတို့ကတော့ လေးပွဲအပြီးမှာ နှစ်ပွဲနိုင် တစ်ပွဲသရေ၊ ဒီနေ့မှာ ရှုံးပွဲ စတွေ့သွားခဲ့တဲ့အတွက် ရမှတ် ၇ မှတ်နဲ့ ဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်ဖို့ လက်ကျန် နှစ်ပွဲမှာ ထပ်မံကြိုးစားရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.