Other Ukraine-Russian War

ရွှေခါးပတ် ၃ ခုကို လွှင့်ပစ်ပြီး ယူကရိန်းအတွက် စစ်တိုက်မယ့် လက်ဝှေ့သမား လိုမာချန်ကို

ရုရှားနိုင်ငံရဲ့ မတရား ကျူးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံရဲ့ ခုခံစစ်မှာ ပါဝင်ဆင်နွှဲနေခဲ့တဲ့ နိုင်ငံတကာလက်ဝှေ့သမား ဗာစီလီ လိုမာချန်ကိုကတော့ သူ့အနေနဲ့ စာရင်းတင်သွင်းထားတဲ့ ပြိုင်ပွဲမှာ ရွှေခါးပတ်သုံးခုအထိ ရရှိနိုင်မယ့် အခွင့်အရေးကို လွှင့်ပစ်ပြီး အမိနိုင်ငံအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကြေငြာလိုက်ပါတယ်။

၂၀၀၈ တရုတ်အိုလံပစ်နဲ့ ၂၀၁၂ ဗြိတိန်အိုလံပစ် ရွှေတံဆိပ်နှစ်ဆုရှင် လိုမာချန်ကိုဟာ ဖယ်သာဝိတ်၊ ဆူပါဖယ်သာဝိတ်နဲ့ လိုက်ဝိတ်တန်းတွေမှာ ထိုးသတ်နေသူဖြစ်ပြီး WBA, WBO နဲ့ IBF ရွှေခါးပတ်ချန်ပီယံ ဂျော့ ကမ်ဘိုဆို့စ် ဂျူနီယာကို ဩစတေးလျနိုင်ငံမှာ စိန်ခေါ်ထိုးသတ်ဖို့ ယူကရိန်းနိုင်ငံကနေ တရားဝင် ထွက်ခွာခွင့် ရရှိထားတာပါ။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ စိတ်မမှန် အနိုင်ကျင့်တဲ့ ကျူးကျော်ဝင်ရောက်မှုအပြီးမှာ ယူကရိန်းနိုင်ငံရဲ့ မာရှယ်လောအရ အသက် ၁၈ နှစ်ကနေ ၆၀ အတွင်း အမျိုးသားတွေအားလုံး နိုင်ငံအတွက် ကာကွယ်တွန်းလှန်ဖို့ လုပ်ဆောင်ခဲ့ရချိန်မှာ လိုမာချန်ကိုအနေနဲ့ ယူကရိန်း-ရုရှားနယ်စပ်တစ်နေရာမှာ တိုက်ပွဲဝင်နေတဲ့ တပ်ရင်းတစ်ရင်းမှာ ရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ဇွန်လ ၅ ရက်နေ့မှာ ယှဉ်ပြိုင်သွားမယ့် ပြိုင်ပွဲအတွက် နိုင်ငံအတွင်းကနေ ထွက်ခွာပြီး လေ့ကျင့်ရေးနဲ့တကွ လိုအပ်တာတွေကို ပြင်ဆင်သွားဖို့ လုပ်ဆောင်ရမှာဖြစ်ပေမယ့် အသက် ၃၄ နှစ်အရွယ် ယူကရိန်းလက်ဝှေ့ကျော်ကတော့ ကိုယ်ရေးကိုယ်တာ အောင်မြင်မှုထက် ဘယ်တော့ သေမယ်မှန်း မသိတဲ့ နိုင်ငံကာကွယ်မှုမှာပဲ ဆက်လက်တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါက မိသားစုနဲ့ သမီးလေးကြောင့်သာ မဟုတ်ရင် အင်္ဂလန်မှာ ဆက်မရှိဘဲ အိမ်ပြန်ပြီး တိုက်ပွဲဝင်နေပြီလို့ မီဒီယာတွေမှာ မျက်ရည်ချူထားခဲ့တဲ့ မန်ချက်စတာစီးတီး ဘယ်နောက်ခံလူ အိုလက်ဇန်ဒါ ဇင်ချန်ကိုရဲ့ လုပ်ရပ်နဲ့ ယှဉ်ရင် ဘယ်ဟာက စိတ်ထဲက တကယ့်လုပ်ရပ်လဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားခဲ့ပြီး ပြန်လည်တူးဆွစရာလည်းဖြစ်ခဲ့ပါသေးတယ်။

ပြိုင်ပွဲစီစဉ်သူ လူး ဒီဘယ်လာက လိုမာချန်ကိုအနေနဲ့ ကမ်ဘိုဆို့စ်နဲ့ ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သူ့ရဲ့ မန်နေဂျာ အီဂစ် ကီလ်မတ်စ်ဆီက သိရတယ်လို့ ထုတ်ဖော်သွားခဲ့ပြီး ယူကရိန်းသားတွေဘက်က ရွှေခါးပတ်သုံးခုချန်ပီယံကို စိန်ခေါ်ခွင့် ပေးခဲ့တာအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ယှဉ်ပြိုင်ဖို့တော့ လက်ရှိ တိုက်ပွဲဝင်မှုအရ မဖြစ်နိုင်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ ယူကရိန်းဘက်က ကြားသိရတဲ့ အနေအထားကတော့ အစိုးရအနေနဲ့ လိုမာချန်ကို,ကို ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် တရားဝင် ခွင့်ပြုချက်ပေးထားခဲ့ပေမယ့် ကာယကံရှင်ဆီက အတည်ပြုမှုကို မရခဲ့သလို လက်ရှိမှာတော့ သူ့နိုင်ငံအတွက်ပဲ တိုက်ပွဲဝင်သွားဖို့ ရွေးချယ်ခဲ့တာ သိခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဒီအနေအထားကို မအံ့ဩပါဘူး”လို့ ဒီဘယ်လာက ပြောသွားခဲ့တာပါ။

“ဒါပေမယ့် အီဂစ်က သူ့အနေနဲ့ ယူကရိန်းမှာပဲ ဆက်နေလိမ့်မယ်လို့ ဒီနေ့မှာ အတည်ပြုလာခဲ့တယ်။ သူ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမှာ ဖြစ်ပြီး လက်ဝှေ့ပွဲတစ်ပွဲထက် ကြီးမားတဲ့ တိုက်ပွဲကို သူက ဆင်နွှဲနေတာပါ။ ကျွန်တော်တို့ရဲ့ အတွေးအားလုံးနဲ့ ဆုတောင်းတွေက သူနဲ့ သူ့မိသားစု၊ ယူကရိန်းပြည်သူတွေနဲ့အတူ ရှိနေမှာပါ”လို့လည်း သူက ဆုတောင်းပေးသွားခဲ့ပါတယ်။

စီစဉ်ခံထားရတဲ့ ပြိုင်ဘက် လက်ရှိချန်ပီယံ ကမ်ဘိုဆို့စ်ကတော့ လိုမာချန်ကိုရဲ့ ဆုံးဖြတ်ချက်အတွက် လေးစားဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး “ငါ မင်းရဲ့ ဆုံးဖြတ်ချက်အတွက် လေးစားသလို အရာအားလုံးအတွက်လည်း နားလည်ပါတယ်။ ငါမင်းနဲ့ မင်းရဲ့ နိုင်ငံအတွက် ဆုတောင်းနေမယ်”လို့ တွစ်တာမှာ ရေးသားသွားခဲ့တာပါ။

သြစတေးလျ လက်ဝှေ့ချန်ပီယံက “ဘေးကင်းဖို့ပဲ မှာချင်ပါတယ်။ ငါအခု ဒီဗင်(ဟန်လေ)နဲ့ ယှဉ်ပြိုင်ပြီး ရွှေခါးပတ်တွေကို ထိန်းသိမ်းထားခဲ့ပြီးရင် အဆင်ပြေတဲ့ တစ်နေ့မှာ တကယ့်ချန်ပီယံနှစ်ဦးရဲ့ ကြီးကျယ်တဲ့ ပြိုင်ပွဲကို ထိုးသတ်ဖို့ စောင့်နေမှာပါ။ မင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ”လို့ လိုမာချန်ကိုအတွက် ဆုတောင်းပေးသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ုရွားႏိုင္ငံရဲ႕ မတရား က်ဴးေက်ာ္မႈနဲ႔ ရင္ဆိုင္ေနရတဲ့ ယူကရိန္းႏိုင္ငံရဲ႕ ခုခံစစ္မွာ ပါဝင္ဆင္ႏႊဲေနခဲ့တဲ့ ႏိုင္ငံတကာလက္ေဝွ႔သမား ဗာစီလီ လိုမာခ်န္ကိုကေတာ့ သူ႔အေနနဲ႔ စာရင္းတင္သြင္းထားတဲ့ ၿပိဳင္ပြဲမွာ ေ႐ႊခါးပတ္သုံးခုအထိ ရရွိႏိုင္မယ့္ အခြင့္အေရးကို လႊင့္ပစ္ၿပီး အမိႏိုင္ငံအတြက္ ဆက္လက္ တိုက္ပြဲဝင္သြားမယ္လို႔ ေၾကျငာလိုက္ပါတယ္။

၂၀၀၈ တ႐ုတ္အိုလံပစ္နဲ႔ ၂၀၁၂ ၿဗိတိန္အိုလံပစ္ ေ႐ႊတံဆိပ္ႏွစ္ဆုရွင္ လိုမာခ်န္ကိုဟာ ဖယ္သာဝိတ္၊ ဆူပါဖယ္သာဝိတ္နဲ႔ လိုက္ဝိတ္တန္းေတြမွာ ထိုးသတ္ေနသူျဖစ္ၿပီး WBA, WBO နဲ႔ IBF ေ႐ႊခါးပတ္ခ်န္ပီယံ ေဂ်ာ့ ကမ္ဘိုဆို႔စ္ ဂ်ဴနီယာကို ဩစေတးလ်ႏိုင္ငံမွာ စိန္ေခၚထိုးသတ္ဖို႔ ယူကရိန္းႏိုင္ငံကေန တရားဝင္ ထြက္ခြာခြင့္ ရရွိထားတာပါ။

႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္ရဲ႕ စိတ္မမွန္ အႏိုင္က်င့္တဲ့ က်ဴးေက်ာ္ဝင္ေရာက္မႈအၿပီးမွာ ယူကရိန္းႏိုင္ငံရဲ႕ မာရွယ္ေလာအရ အသက္ ၁၈ ႏွစ္ကေန ၆၀ အတြင္း အမ်ိဳးသားေတြအားလုံး ႏိုင္ငံအတြက္ ကာကြယ္တြန္းလွန္ဖို႔ လုပ္ေဆာင္ခဲ့ရခ်ိန္မွာ လိုမာခ်န္ကိုအေနနဲ႔ ယူကရိန္း-႐ုရွားနယ္စပ္တစ္ေနရာမွာ တိုက္ပြဲဝင္ေနတဲ့ တပ္ရင္းတစ္ရင္းမွာ ေရာက္ရွိေနခဲ့တာလည္းျဖစ္ပါတယ္။

ဇြန္လ ၅ ရက္ေန႔မွာ ယွဥ္ၿပိဳင္သြားမယ့္ ၿပိဳင္ပြဲအတြက္ ႏိုင္ငံအတြင္းကေန ထြက္ခြာၿပီး ေလ့က်င့္ေရးနဲ႔တကြ လိုအပ္တာေတြကို ျပင္ဆင္သြားဖို႔ လုပ္ေဆာင္ရမွာျဖစ္ေပမယ့္ အသက္ ၃၄ ႏွစ္အ႐ြယ္ ယူကရိန္းလက္ေဝွ႔ေက်ာ္ကေတာ့ ကိုယ္ေရးကိုယ္တာ ေအာင္ျမင္မႈထက္ ဘယ္ေတာ့ ေသမယ္မွန္း မသိတဲ့ ႏိုင္ငံကာကြယ္မႈမွာပဲ ဆက္လက္တိုက္ပြဲဝင္သြားဖို႔ ဆုံးျဖတ္ခဲ့တာပါ။

ဒါက မိသားစုနဲ႔ သမီးေလးေၾကာင့္သာ မဟုတ္ရင္ အဂၤလန္မွာ ဆက္မရွိဘဲ အိမ္ျပန္ၿပီး တိုက္ပြဲဝင္ေနၿပီလို႔ မီဒီယာေတြမွာ မ်က္ရည္ခ်ဴထားခဲ့တဲ့ မန္ခ်က္စတာစီးတီး ဘယ္ေနာက္ခံလူ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုရဲ႕ လုပ္ရပ္နဲ႔ ယွဥ္ရင္ ဘယ္ဟာက စိတ္ထဲက တကယ့္လုပ္ရပ္လဲဆိုတာ လယ္ျပင္မွာ ဆင္သြားသလို ထင္ရွားခဲ့ၿပီး ျပန္လည္တူးဆြစရာလည္းျဖစ္ခဲ့ပါေသးတယ္။

ၿပိဳင္ပြဲစီစဥ္သူ လူး ဒီဘယ္လာက လိုမာခ်န္ကိုအေနနဲ႔ ကမ္ဘိုဆို႔စ္နဲ႔ ယွဥ္ၿပိဳင္ေတာ့မွာ မဟုတ္ဘူးလို႔ သူ႔ရဲ႕ မန္ေနဂ်ာ အီဂစ္ ကီလ္မတ္စ္ဆီက သိရတယ္လို႔ ထုတ္ေဖာ္သြားခဲ့ၿပီး ယူကရိန္းသားေတြဘက္က ေ႐ႊခါးပတ္သုံးခုခ်န္ပီယံကို စိန္ေခၚခြင့္ ေပးခဲ့တာအတြက္ ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ၿပီး ယွဥ္ၿပိဳင္ဖို႔ေတာ့ လက္ရွိ တိုက္ပြဲဝင္မႈအရ မျဖစ္ႏိုင္ေၾကာင္း အေၾကာင္းျပန္ခဲ့တယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္တို႔ ယူကရိန္းဘက္က ၾကားသိရတဲ့ အေနအထားကေတာ့ အစိုးရအေနနဲ႔ လိုမာခ်န္ကို,ကို ယွဥ္ၿပိဳင္ထိုးသတ္ဖို႔အတြက္ တရားဝင္ ခြင့္ျပဳခ်က္ေပးထားခဲ့ေပမယ့္ ကာယကံရွင္ဆီက အတည္ျပဳမႈကို မရခဲ့သလို လက္ရွိမွာေတာ့ သူ႔ႏိုင္ငံအတြက္ပဲ တိုက္ပြဲဝင္သြားဖို႔ ေ႐ြးခ်ယ္ခဲ့တာ သိခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ကေတာ့ ဒီအေနအထားကို မအံ့ဩပါဘူး”လို႔ ဒီဘယ္လာက ေျပာသြားခဲ့တာပါ။

“ဒါေပမယ့္ အီဂစ္က သူ႔အေနနဲ႔ ယူကရိန္းမွာပဲ ဆက္ေနလိမ့္မယ္လို႔ ဒီေန႔မွာ အတည္ျပဳလာခဲ့တယ္။ သူ႔ဆုံးျဖတ္ခ်က္ကို ေလးစားလိုက္နာရမွာ ျဖစ္ၿပီး လက္ေဝွ႔ပြဲတစ္ပြဲထက္ ႀကီးမားတဲ့ တိုက္ပြဲကို သူက ဆင္ႏႊဲေနတာပါ။ ကြၽန္ေတာ္တို႔ရဲ႕ အေတြးအားလုံးနဲ႔ ဆုေတာင္းေတြက သူနဲ႔ သူ႔မိသားစု၊ ယူကရိန္းျပည္သူေတြနဲ႔အတူ ရွိေနမွာပါ”လို႔လည္း သူက ဆုေတာင္းေပးသြားခဲ့ပါတယ္။

စီစဥ္ခံထားရတဲ့ ၿပိဳင္ဘက္ လက္ရွိခ်န္ပီယံ ကမ္ဘိုဆို႔စ္ကေတာ့ လိုမာခ်န္ကိုရဲ႕ ဆုံးျဖတ္ခ်က္အတြက္ ေလးစားဂုဏ္ယူေၾကာင္း ေျပာၾကားခဲ့ၿပီး “ငါ မင္းရဲ႕ ဆုံးျဖတ္ခ်က္အတြက္ ေလးစားသလို အရာအားလုံးအတြက္လည္း နားလည္ပါတယ္။ ငါမင္းနဲ႔ မင္းရဲ႕ ႏိုင္ငံအတြက္ ဆုေတာင္းေနမယ္”လို႔ တြစ္တာမွာ ေရးသားသြားခဲ့တာပါ။

ၾသစေတးလ် လက္ေဝွ႔ခ်န္ပီယံက “ေဘးကင္းဖို႔ပဲ မွာခ်င္ပါတယ္။ ငါအခု ဒီဗင္(ဟန္ေလ)နဲ႔ ယွဥ္ၿပိဳင္ၿပီး ေ႐ႊခါးပတ္ေတြကို ထိန္းသိမ္းထားခဲ့ၿပီးရင္ အဆင္ေျပတဲ့ တစ္ေန႔မွာ တကယ့္ခ်န္ပီယံႏွစ္ဦးရဲ႕ ႀကီးက်ယ္တဲ့ ၿပိဳင္ပြဲကို ထိုးသတ္ဖို႔ ေစာင့္ေနမွာပါ။ မင္းကို ဘုရားသခင္ ေကာင္းခ်ီးေပးပါေစ”လို႔ လိုမာခ်န္ကိုအတြက္ ဆုေတာင္းေပးသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.