Match Report Premier League

ဘရန့်ဖို့ဒ်ကို စိုးမိုးချုပ်ကိုင် အနိုင်ယူပြီး ချဲလ်ဆီးကို ကျော်တက်လိုက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ချဲလ်ဆီးရဲ့ အမှားကို အခွင့်ကောင်းယူဖို့နဲ့ မန်ချက်စတာစီးတီးကို မျက်ခြေပြတ်မသွားရဖို့ အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို လူစုံထုတ်ကစားခဲ့ပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ရောဘတ်ဆန်၊ ဗန်ဒိုက်၊ မာတစ်ပ်၊ ဟန်ဒါဆန်၊ ဖာဘင်ညို၊ ချိမ်ဘာလိန်၊ ဖာမီနိုနဲ့ ဂျိုတာတို့ကို သုံးစွဲခဲ့သလို ကွင်းလယ်မှာ ပုံမလာတဲ့ မီလ်နာအစားတော့ ကားတစ်ဂျုံးစ်ကို ပွဲထုတ်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ကတော့ တိုနီနဲ့ အမ်ဘူးမိုတို့ကို ရှေ့မှာ တင်ပြီး ၃-၅-၂ ပဲ ကစားခဲ့သလို ကွင်းလယ်ကတော့ အာဖရိကပွဲသွားနေတဲ့ အွန်ယီကာကို ဆုံးရှုံးထားရချိန်မှာ ပေါက်ကွဲနိုင်စွမ်းနဲ့ လုပ်အားနှုန်း ကျဆင်းနေခဲ့ပြီး နော်ဂါ့ဒ်၊ ဘက်ပ်တစ္စတေနဲ့ ယန်နဲ့လ်တို့က ပရီးမီးယားလိဂ်မှာ တစ်ဆင့်နိမ့်နေသလို ဖြစ်နေခဲ့ပြီး အန်းဖီးလ်မှာတော့ ပထမအကျော့ကလို ယှဉ်ကစားနိုင်စွမ်း မရှိခဲ့တာပါ။

ခံစစ်ပဲ ကစားနေတဲ့ ဘရန့်ဖို့ဒ်ကို လီဗာပူးလ်တို့ ကောင်းကောင်း ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၃ မိနစ်မှာ ဘယ်ခြမ်းကနေ ဖာမီနို ဖြတ်တင်ပေးတာကို ချိမ်ဘာလိန်ရဲ့ ခေါင်းတိုက်ချက် ကောင်းခဲ့ပေမယ့် ဂိုးသမား ဖာနန်ဒက်ဇ် ကာကွယ်သွားနိုင်ခဲ့သလို ပွဲချိန် မိနစ် ၂၀ မှာတော့ အာနိုးလ်ဒ်ရဲ့ ကောင်းမွန်တိကျတဲ့ ဖရီးကစ်ဖြတ်တင်ဘောကို မာတစ်ပ် ခေါင်းတိုက်တာ မထိဘဲ လွဲသွားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ရဲ့ ကွာလတီချင်း မယှဉ်နိုင်တဲ့ ကွင်းလယ်ကြောင့် အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့လို့ ဂိုးသမား အယ်လစ်ဆန်ကတော့ ခြင်ကိုက်နေခဲ့ပြီး လီဗာပူးလ်တိုက်စစ်ကြောင့် ဧည့်သည်ဂိုးသမား ဖာနန်ဒက်ဇ်ကတော့ အလုပ်များနေခဲ့သလို ပွဲကြာလာတာနဲ့အမျှ ပိုမိုထိုးဖောက်လာနိုင်ခဲ့ပေမယ့် မာနေးနဲ့ ဆာလားတို့ရဲ့ တိကျပြီး အန္တရာယ်ကြီးမားတဲ့ Final Product တွေကိုတော့ လိုက်မမီဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၄၄ မိနစ်မှာတော့ လီဗာပူးလ်တို့ အိမ်ကွင်းမှာ စတင်ဦးဆောင်နိုင်ခဲ့ကြပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ဘယ်ထောင့်ကန်ဘောက နှစ်ဖက်အသင်းကစားသမားတွေနဲ့ မထိလိုက်ဘဲ ကြားထဲက ထွက်လာခဲ့တာကို အဝေးတိုင်ဘက်မှာ နေရာယူထားခဲ့တဲ့ ဖာဘင်ညိုက အနီးကပ် ခေါင်းတိုက် သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။